Sunday, December 27, 2009
ကျွန်တော့်ရဲ့ဘဒ္ဒါ
သူ့နှာခေါင်းကိုရှူံ့၊ သူ့ကော်ဖီရောင်ဆံပင်လေး ယိမ်းထိုးရင်း
“မသိဘူး .. မသိဘူး” လို့ အသံသေးသေးလေးနဲ့ပြန်အော်တယ်…
Sunday, October 25, 2009
အိပ်မက် ကျမ်းစာ
လမ်းပြတတ်သော ဝတ်ရုံတို့ဖြင့်
ငါ့ကို . . . ခြုံပါ
ထိုလက်ဖဝါးတစ်စုံဖြင့်
ငါ . . . ဖူးပွင့်ချင်ပါသည်
အပိုင်းအကန့်တွေ ဖြတ်တောက်
စည်းမျဉ်းဘောင် ပျောက်တဲ့နေ့ကို မရောက်လည်း
လန်းသစ်ခဲ့ ငါ့ပန်းရုံလွှာ
နင့်အတွက်သာ နွေးထွေး
ငါ့ အနာဂါတ်ကို ပေးချင်တယ် . . .
မြူခိုးသော နွေရာသီများ၊ ဒီဇင်ဘာ နှင်းများ
လူသူအရောက်ပေါက်နည်းသော
ငါ့မှတ်တိုင်လေးမှာ
အေးမြသော ရေကြည်လက်နှင့် နင့်ကို ကြိုနေပါမည်
ဖြစ်နိုင်မယ်ဆိုရင်
သဲကန္တာရမှာလည်း
ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း
နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်
ကဗ်ာသံ ၊ အလကာၤသံ
အိပ်မက်တို့ ပွင့်ဖူး . . . အနာဂါတ်တို့ လွင့်သုန်
နက်ဖြန်ခါတိုင်းမှာ ဆုံချင်တယ်
ချိုရီမွှေးမြ ထာဝရပွင့်ဝေ
ငါ့သစ္စာရောင် ကျမ်းစာပိုဒ်ကြား
နင့်အသံတွေ နားခိုပါတော့ . . .
(သောတ + အိပ်မက်ဖြူ)
(ထိုသို့ဖြင့် လျှောက်ခဲ့သော လမ်းတို့သည် ကြမ်း၏ ၊နူးညံ့၏ ၊ ညွှတ်ကွင်းတို့ ရှိ၏ ၊ မာယာဖွဲ့ လောကမှာမှ ကျွန်တော်နှင့် မီးအိမ်ကလေးတို့၏ လမ်းသည် ဆုံမှတ်တစ်ခုစာကို ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ဖြင့် ကျွန်တော်နှင့် မီးအိမ်ကလေး ၊ မီးအိမ်ကလေးနှင့်ကျွန်တော် နက်ဖြန်ခါပေါင်းများစွာကို လှမ်းလျှောက်နေပါဦးမည်။)
(ချစ်သူသက်တမ်း (၁) နှစ်ပြည့် အမှတ်တရ)
Wednesday, September 30, 2009
ဥယျာဉ်ပျက်ထဲက ဝတ်မှုန်
(၁)
တစ်နေ့မှာ
မိုးတိမ်အက်ဆစ်
မုတ်သုန် အရိုင်းအစိုင်းတို့
တစ်ထစ်ထစ်ချင်း ပြိုကျလာတယ်
အသိုက်အဝန်းတစ်ခုဟာ
သိုက်သိုက် ဝန်းဝန်းလေး
ဖြစ်နေတာကိုပဲ လိုချင်ပါတယ်
အဖေနဲ့အမေ
ဘဝမှာ ကြယ်တွေ
ဘယ်လောက် ကြွေကြွေ
နောက်ဆုံး ကိုယ့်အိပ်မက်ကို
ကိုယ်ပဲ ဆောက်ကြရမယ်မဟုတ်လား
အဖေရယ် .. အမေရယ် ..
ကျွန်တော်ဟာ …
အမေတို့ ဖြစ်စေချင်တဲ့
လူရည်ချွန်ကလေး ဖြစ်မလာခဲ့ပါဘူး
ဥယျာဉ်ကြီးတစ်ခုလုံးကို
ဝတ်မှုန်ကလေးတစ်ပွင့်နဲ့ တိုင်း
အဖေနဲ့ အမေ အပေါ်
ကျွန်တော် ရိုင်းတယ်လေ
သူများတွေ . . . လင်းကြ ထင်းကြ
အဲဒါ အဖေနဲ့ အမေတို့ရဲ့
ဆန္ဒတစ်စုံတစ်ရာလောက်တောင် မရှိတာ
ကျွန်တော် သိတာပေါ့
(၂)
အမေရယ် . . .
ကံကြမ္မာ လက်သီးကပဲ
ပြင်းလွန်းသလား မသိပါဘူး
ကြိုးဝိုင်းထဲမှာ . . . ကျွန်တော်ဟာ
ခေါင်းတောင် ပြန်မထောင်နိုင်တော့ဘူး . . .
ဘယ်လောက်ပဲ ချို့တဲ့နွမ်းပါး
သိတတ်တဲ့ စိတ်ကလေးတစ်ခုတော့
အမေတို့ ဖြစ်စေချင်မှာပဲလေ ..
တစ်ချို့က ပြောကြတယ်
အမေတို့ရဲ့ အရိပ်တန်ဖိုးကို
မသိဘူးတဲ့ ..
ဟုတ်တယ် ..
ကျွန်တော် မရယ်နိုင်ပါဘူး
အမေရယ် . . .
ရိုင်းစိုင်းတဲ့ ကျည်တောင့်ကို ပစ်ဖောက်
အမေတို့ဆီမရောက် . . .
နောက်ဆုံး . . .
ကျွန်တော့် အသည်းနှလုံးသာ
ပေါက်ခဲ့ပါတယ် . . .
တစ်ခါတစ်လေတော့လည်း
မေးချင်ပါတယ် . . .
နိမ့်တတ် မြင့်တတ်တဲ့
ကံကြမ္မာဆိုတာ . . .
မျက်နှာကြီးရာပဲ လိုက်တတ်တာလားလို့ …
(၃)
အမေ့လက်က
ပန်းအက္ခရာဟာ
ကျွန်တော့် တိမ်တွေကို
ပုံဖော်ထုဆစ်နေတာပေါ့ . . .
ဘယ်သူမှ လှည့်မကြည့်ရင်တောင်
လူမိုက်ကလေးတွေရဲ့ မြှားဦးဟာ . . .
အဲဒီအရိပ်တွေဆီပဲ
ပြန်ကွေ့ပတ်ပြီး လာတတ်တာမဟုတ်လား
အရှေ့ရိုးက တံတိုင်းကြီး
အဖေဟာလည်း . . .
ခန္ဓာကိုယ်မှာ အရိုးအမြောင်းမြောင်းနဲ့
မညှင်းမသွဲ့ မနွဲ့မတည်
ဘဝ စောင်းကြိုးကိုလည်း သီမြဲသီနေရတယ်
တစ်ဖြည်းဖြည်းချင်း သေမင်းရဲ့ ခံတွင်းဝမှာ
လုံးပါး ပါးလာရဦးမယ့် မိဘတွေအတွက်
ဘယ်တော့မှ . . . နောင်တဆိုတာ မရချင်ပါဘူး
အဖေရယ် . . . အမေရယ် . . .
နက္ခတ် ၊ တာရာ ၊ ဂြိုလ်
အမေတို့ရဲ့ ဇာတာ အထားအသိုဟာ
မီးနီမှာများ ရပ်မိနေသလား
ဒါတွေဟာ … ဝဋ်ကြွေးတဲ့လား ..
ဘယ်လိုပဲ ဖြစ်ဖြစ်
တရားနဲ့ပဲ ဖြေကြရမယ်မဟုတ်လား
တရားနဲ့ပဲ ဖြေကြမယ် အမေရယ်
(၄)
မြင်းမိုရ်တောင်ကြီး ပြိုချင် ပြိုလိမ့်မယ်
အမေတို့ရဲ့ မေတ္တာ
လတစ်စင်းပမာ ထာဝစဉ်
တည်နေမှာတော့ အသေချာပဲ
စာအုပ် ၊ ဝတ္ထုတွေ ဖတ်ပြီး
စိတ်ကူးတတ်တဲ့ သားကို
အမေက ပြောလိမ့်မယ်
“ ပင်လယ်က ပင်လယ်လို
နေပါ .. သားရယ် ’’
(ကျွန်တော်က သမုဒ္ဒရာကြီးတွေလို
ကျယ်ပြော နက်ရှိုင်းချင်ခဲ့တာကိုး)
ဒီစကားတွေ ကြားမှာပဲ
ကျွန်တော် လူမိုက်ကလေးဟာ
ရူးသွပ်ခြင်း ဝတ်ရုံကို ခြုံ
အိပ်မက်ဟာ လုံနေပြီလို့ ထင်ခဲ့မိတယ် . . .
(၅)
အမေရယ် . . .
ပလပ်စတစ် အိတ်တစ်လုံးလို
လွင့်ချင်ရာ လွင့်ဖူးတဲ့
မြွေပွေးလို သားကို
အမေ ခါးပိုက် ပိုက်ထားရတာလား
နက်ဖြန်ခါဟာ နေဝင်
နက်ဖြန်ခါဟာ နေထွက်
ဒီလိုနဲ့ပဲ . . . အမေ့ သက္ကရာဇ်တွေ
ရင့်ရော် ပြိုပျက်လှပါပြီ
မုန်တိုင်းကြမ်း တစ်ချက်မှာ
ပျက်ကြွေခဲ့ရဖူးတဲ့ . . .
ဥယျာဉ်ပျက်ကလေးဟာ
ဘယ်တော့မှာ စိမ်းစိုလာမလဲ . . .
အမေ . . .
ဘုရားဝတ် ပြုပါ . . .
အမေ . . .
လရောင်ကို လှုံပါ . . .
အမေ . . .
တရားနဲ့ ဖြေပါ
အမေရယ် . . .။
(သောတ)
( ဘယ်လောက်ပဲ အရိပ်တွေခြုံခြုံ .. မိဘအရိပ်လောက်တော့ ဘယ်အရာမှ လုံမယ်မထင်ဘူးနော်)
Saturday, September 19, 2009
မကြည်ပြာနှင့် သာမန်နေ့စွဲလေးများအကြောင်း
မကြည်ပြာ . . . ။
မကြည်ပြာ . . . ။
မကြည်ပြာ . . . ။
မကြည်ပြာ . . . ။
အခုလို အချိန်မှာ မထင်မှတ်ပဲ မကြည်ပြာနဲ့ ပြန်တွေ့ဆုံခွင့်ရတာ ကံကြမ္မာကိုပဲ ကျေးဇူးတင်လိုက်ပါတယ်။ မကြည်ပြာ နေကောင်းပါတယ်နော်။ အရင်က မကြည်ပြာရဲ့ အနားမှာ မယောင်မလည် လုပ်တတ်တဲ့ စုတ်စုတ်ပြတ်ပြတ် လေလွင့်သူ တစ်ယောက်ရှိခဲ့ဖူးမှာပေါ့။ အဲဒီလူဟာ အုတ်ခဲကြားထဲမှာ ပေါက်နေတဲ့ မြက်ရိုင်းပွင့်ကလေးပါ မကြည်ပြာ။
လွမ်းတယ် . . . မကြည်ပြာရယ် . . . ။
မကြည်ပြာရဲ့ နာမည် အပြည့်အစုံမှာ ကြည်ပြာ ဆိုတာ ပါပါတယ်။ စံပယ်တစ်ထပ် ၊ ဝတ်မှုန်တစ်ထပ်နဲ့ ပန်းည တစ်ခုမှာ ကျွန်တော် မကြည်ပြာကို စွဲလန်းမိတာပါ။ ကျွန်တော် စိတ်ထဲမှာ မကြည်ပြာကို ကျွန်တော့်ရဲ့ ငယ်စဉ်အိပ်မက်တွေထဲက အဖြူရောင် နတ်သမီး တစ်ပါးလို့ ထင်ခဲ့မိတယ် ( အိပ်မက်တို့မည်သည် အိပ်မက်ဆိုတဲ့ နာမည်အတိုင်း တဖြည်းဖြည်း ကွယ်ရီဝေပျောက် သွားတာပဲလေ )။
မကြည်ပြာရဲ့ ဆံမျှင်တွေဟာ လရောင်ကိုတောင် မြင်ရလောက်တယ်။ မကြည်ပြာရဲ့ အလှဟာ ရင်ထဲကို ( ကစားစရာ အရုပ်ပျောက်သွားတဲ့ ကလေးတစ်ယောက်ရဲ့ ရင်ခုန်သံတွေလို ) ကူးချည် သန်းချည်နဲ့။ ချွန်ထက်နေတဲ့ လက်သည်း အခွံတွေနဲ့ အပါးတော်က အမိန့်တွေကို စေညွှတ်နေသလိုပဲ။ လေအဝေ့မှာ ကူးသွားခဲ့ရတဲ့ ဝတ်ဆံကလေးတွေလို မကြည်ပြာက ကဝေအတတ်တွေနဲ့လည်း ပြုစားတတ်တယ်။ အဲဒီညဟာ ပင်လယ်အစွယ်က လပြည့်ဝန်းကို လှမ်းလှမ်း ချိတ်တဲ့ည ဖြစ်ပါလိမ့်မယ်။
မကြည်ပြာရယ် . . .
အဲဒါ အချစ်လားဟင် … … … … … … … … … … … …။
ကျွန်တော်ကသာ မျှော်လင့်မိတာပါ။ မကြည်ပြာက ကျွန်တော့်ကို ကကြီးလား ခခွေးလား ကွဲအောင် ကြည့်ဖူးတာ မဟုတ်ဘူး ( ကကြီး ခခွေးလားတောင် မကြည့်တာ ၊ ဂဃဏန ဆိုရင် ပိုတောင် ဆိုးမှာပေါ့ ၊ ထားပါ)။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကျွန်တော် မကြည်ပြာရဲ့ မျက်ဝန်းဘာသာစကားကို နားမလည်ဘူး။ ရင်လည်း မဆိုင်ရဲဘူး။ ဒါပေမယ့် မကြည်ပြာရဲ့ အဝေးတစ်နေရာကနေတော့ ခိုးခိုးကြည့်မိခဲ့တယ်။ ဒါကို မကြည်ပြာ မသိပါဘူး။ သိမှာလည်း မဟုတ်ပါဘူး။ မကြည်ပြာရယ် တစ်ခါတစ်လေမှာ “ ချစ်တယ် ’’ ဆိုတဲ့ စကားဟာ ဆောင်းမနက်မှာ ဝေဝေဝင့်ဝင့်ဖြူဖြူ ဆင်းကျနေတဲ့ နှင်းမြူကလေးတွေနဲ့ တူတယ်။ မကြည်ပြာ အနားရောက်တဲ့အခိုက် အဲဒီနှင်းမြူတွေ ရှင်းလွင်ပျောက်ရှသွားတော့တာပါပဲ။ မကြည်ပြာ အဲဒါကို နားလည်လား။ နားမလည်တာပဲ ကောင်းပါတယ် မကြည်ပြာရယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒါကို သေချာ နားမလည်ခဲ့ပါဘူး။ (နောက်တော့မှ ကျွန်တော်လည်း သိရတော့တယ်)။
မကြည်ပြာဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။ မာနဂုဏ်မမောက်မာတတ်တဲ့ အရိပ်ဟာ မကြည်ပြာရဲ့ မျက်နှာရိပ်မှာ လွင်ပေါ်ဖွဲ့တည်နေတယ်။ ကျွန်တော် မကြည်ပြာနဲ့ စကားပြောဖူးချင်တယ်။ မကြည်ပြာ ကျောင်းသွား၊ ကျောင်းပြန်ချိန်တွေမှာ ကျွန်တော် ဘေးနားမှာ အရိပ်ကလေးလို လိုက်ခဲ့ချင်တယ်။ မကြည်ပြာရဲ့ ပွင့်ချပ်လေးတွေ အောက်မှာ ကျွန်တော် ဆူးတောက်လေး တစ်ခုအဖြစ် ပွင့်ခွင့်ရချင်မိတယ် မကြည်ပြာရယ်။ ဒါဟာ ကျွန်တော့် စိတ်ကူးကလေးတွေပါ။ ကောင်းကင်သံချွန်နဲ့ ပင်လယ်အပ် ဆုံကောင်း ဆုံလိမ့်မယ်။ တကယ်တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူးဆိုပေမယ့် ၊ ကျွန်တော် လွမ်းတယ်။ လွမ်းတယ် မကြည်ပြာရယ်။
မကြည်ပြာနဲ့ ကျွန်တော်ဟာ လူ့ပေတံအရ စည်းမျဉ်းကင်းကွာမှု များပါတယ်။ ဒါပေမယ့် မကြည်ပြာကို မြင်ချင်တဲ့ စိတ်နဲ့အဲဒီ လရိပ်ကို အဝေးကပဲ နမ်းခဲ့တယ်။ တစ်ယောက်ထဲ နေရတဲ့ အခန်းကျဉ်းတစ်နေရာကို ကျရောက်လာတဲ့ လရိပ်ကို ကျွန်တော်က စိတ်ကူးနဲ့ နမ်းလိုက်တာပါ။ ငြိမ်းချမ်းပါစေ မကြည်ပြာရယ်။ မြူခိုးတဝေဝေ ၊ အလွမ်းတို့ ကြွေကျ တိမ်လူကလေးရဲ့ သက်တန့်တွေကို မီးအိမ်ထဲမှာပဲ ထည့်ဖွက်ထားလိုက်ပါတော့မယ်။ ထားလိုက်ပါ မကြည်ပြာ။ ကျွန်တော်ဆိုတဲ့ ကောင်ဟာ ဒွိဟ အထပ်ထပ်နဲ့ ဖိနပ်အပြတ်ကလေး တစ်ဖက်ပါ။ မကြည်ပြာ ချနင်းဖို့ ဘယ်လိုမှ မသင့်တော်ပါဘူး မကြည်ပြာရယ်။ အဲဒီအတွက် ဝေးစေ ဆိုတဲ့ ကျည်တစ်တောင့် မကြည်ပြာနဲ့ ကျွန်တော့် ကြားမှာ ပစ်ဖောက်ပေးလိုက်တာပေါ့။ ဝေးစေ . . . ဝေးသွားပါစေကွယ်။ မကြည်ပြာ ထာဝစဉ် ငြိမ်းမြပါစေနော်။ တစ်ခါတစ်ရံမှာ စိတ်ကူးနဲ့ လက်တွေ့ဟာ တစ်ခြားဆီ ဖြစ်နေတတ်တယ် … ။
ကျွန်တော်ကတော့ ဂျစ်ပစီကျောက်စာမှာ မကြည်ပြာ့နာမည်ကို ထွင်း … မနက်ဖြန်တိုင်းမှာ ကျွန်တော် တစ်ယောက်ထဲ လင်းနေမယ်။ မထိုက်တန်မှတော့ လွင့်မျောပေးရမှာပဲ မဟုတ်လား မကြည်ပြာရယ်။
အဲဒီလို မသိလိုက် မသိသာလေးပဲ ကျွန်တော် မကြည်ပြာအနားက လွင့်စင်မှုန်ဝေခဲ့ပါတယ်။ မကြည်ပြာကို သတိရတိုင်းလည်း လမင်းနဲ့ စကားတွေ ပြောမိတယ်။ မကြည်ပြာရဲ့ ပန်းသတင်းတွေလည်း မွှေးသထက် မွှေးနိုင်ပါစေ မကြည်ပြာရယ်။ ချစ်တယ်ဆိုတာ မပြောဖြစ်ခဲ့တဲ့အတွက် ထိုက်တန်တဲ့ အလွမ်းတွေနဲ့ မကြည်ပြာကို ချစ်မြတ်ဖြူစင် လွမ်းဆွတ်နေမှာပါ။
သင်းကွဲသီချင်း၊ လရိပ်နမ်းသူ၊ ဖတ်ဖို့မသင့်တဲ့ စာ၊ အုတ်ခဲကြားက မြက်ရိုင်းအိပ်မက် အားလုံးကို လှည့်မကြည့်ပါနဲ့ မကြည်ပြာ။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော် မကြည်ပြာကို နှင်းစက်တို့ အလီလီပြောင်း ညရိပ်တို့ နရီနှောင်း အားလုံးထက် ထာဝရ အဆက်ဆက်ချစ်နေမယ်။
ရွှေရောင် မနက်ဖြန်တွေအတွက် မနမ်းရက်ခဲ့သော ပန်းတွေလည်း နောင်တစ်ချိန်မှာ မကြည်ပြာနဲ့ အတူမွှေးနေလိမ့်မယ်။
မကြည်ပြာ . . . နှုတ်ဆက်ပါတယ်။ မကြည်ပြာ . . . နှုတ်ဆက်ခဲ့ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် မကြည်ပြာရယ်။
ဝန်ခံချက်။ ။ ကျွန်တော်နှင့် မြူနှင်းဝေသော ညများ ဝတ္ထုတိုလေးအား ဖတ်မိ၍ ဖြစ်ပေါ်လာသော စိတ်ကူးအား အကောင်အထည်ဖော်၍ ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။
(သောတ)
Saturday, September 12, 2009
သုညတစ်လုံးနဲ့လူ
ရနံ့ပွင့်တာ မဟုတ်ပါဘူး
အဲဒီလိုမျိုးနဲ့ . . .
သူ့ကိုယ့်သူ ရောင့်ရဲတယ်
အဲဒါဟာ . . .
မြင့်မြတ်ခြင်းကို ပန်ဆင်တတ်တဲ့
လူတစ်ယောက်ရဲ့
ဝတ်မှုန်ပဲ . . .
ကဲ . . .
ဘယ်သူများ ပြေးလိုက်ရဲသလဲ
အားလုံးရှေ့မှာ . . .
ခွာသံတွေနဲ့ ကျွန်တော်တို့တွေ
ချီတက်နေကြတယ်
စုန်းကဗျာတော့
မဟုတ်ပါဘူး. . .
ဒါပေမယ့် . . . သူ့ကဗျာမှာ
မီးတွေ ဟုန်းဟုန်းတောက်
တစ်ယောက်ရဲ့ အသည်းကို
ထိုးဖောက်တတ်တယ်
သုညလူရေ. . .
ဝေဝါးခြင်း သက္ကရာဇ်ထဲမှာပဲ
ရွက်လွင့် . . .
အိပ်မက်တို့ရဲ့ ရာစုတွေလည်း
ပွင့်ရမယ်ကွယ်
ဘယ်သူမှ . . .
မတောက်ပရင် နေပါစေ
သုညလူရေ . . .
(တကယ်တော့)
သုညတိုင်းဟာလည်း . . .
တန်ဖိုးတစ်နေရာကို တပ်
နက်ဖြန် အတောင်တွေ ခတ်နေလိမ့်မယ် . . . ။ ။
Tuesday, September 8, 2009
ကြိုးပြတ်သွားတဲ့ ကောင်းကင်
“. . . .
. . . . . . .
. . . . . . . . .
. . . . . . . . . . . .
. . . . . . . . . . . . . . .”
စကားလုံး မရှိတဲ့
ကောင်းကင်မှာ
တိမ်ညိုတွေနဲ့
စီးချင်းထိုးပြီးတဲ့အခါ
ငါ့ . . .
လွယ် . . . အိတ် . . . ကြိုး . . . လေး
ပြတ် တောက် သွား ပြီ
အလင်းချင်းပြိုင်ကြတဲ့ နက္ခတ်ထဲ
ပေါက်လွှတ်ပဲစား ကြယ်တစ်စင်းဟာလည်း
သိက္ခာတရားမဲ့စွာ
ကြွေကျသွားခဲ့ရတယ်
ပန်းတိုင်ရောက်ခါနီး ဖိနပ်တွေမှာ
ခြေထောက်ပါမသွားတဲ့အတွက်
ငါရှူံးတယ် . . .
ငါ . . . ရှူံးသွားတယ်
ချစ်ခြင်းမေတ္တာနဲ့သစ္စာတရားကို
ဖက်တွယ်ချင်တဲ့
လူမိုက်ကလေးတစ်ယောက်ရဲ့
အိမ်ပြန်ချိန် . . .
အကြွင်းကတော့
သုညပါပဲကွယ် . . .
အတိတ်ဆိုတာ . . .
ရနံ့ ပြယ်ပြီးသွားတဲ့
ပန်းတစ်ပွင့်ပါ . . .
အဲဒီပန်းပွင့်လေးတွေ ခူးတဲ့နေရာမှာ
မိုးတွေ ထစ်ချုန်း . . .
လူမိုက်တစ်ယောက်ကို တိတ်တဆိတ်
ကျရှူံးခွင့်ပေးပါ . . .
(၂)
နှင်းရေ . . .
နှင်းရေ . . .
နှင်းရေ . . .
ချစ်သော နှင်းရေ . . .
နှင်းငွေ့ရိုက်ခံထားရတဲ့
ရင်ဘတ်မှာ . . .
ကော်ဖီရောင်ဆံပင်လေး သင်းထုံချိုမြ
လေတိုက်တိုင်း လွမ်းတယ်
နှုတ်ခမ်းဖူးဖူးလေးတစ်စုံဆီက
အပြုံးတစ်ချက် ဖြူပွင့်စိုသွေ့
အထပ်ထပ်အခါခါကျရှူံး
ဆက်ထုံးရယ် . . .
ပြေပါ . . . ပြေပါကွယ်
လရောင်နဲ့တူတဲ့
မျက်ဝန်းက ပြာလက် . . .
ကြယ်တွေလည်း
တဖြုတ်ဖြုတ်ကြွေကျပါရဲ့
သစ်ရွက်တို့ ခြောက်သွဲ့ခန်းညို
ရင်ခွင်မှာ လရောင်တွေ စိုတယ်
အဲဒီလိုနဲ့ . . .
ပင်လယ်ဟာ ကမ်းကို
ပျောက်နေခဲ့ရတာ ကြာပါပြီ
ငါ့အတွက်တော့ . . .
နင်ဟာ မိုးကုတ်စက်ဝိုင်းရဲ့
ပန်းရုံလွှာကိုခြုံထားတဲ့ မိန်းမပျိုဖြစ်လိမ့်မယ်
ငါ . . . ဘယ်တော့မှ
လက်ကမ်းလို့ မှီနိုင်မှာမဟုတ်ပါဘူး
ကောင်းကင်စကားတော့
တတ်အောင် သင်ချင်ပါသေးတယ်
“ကောင်းကင်ကြီးရေ . . .
လာပါ လာပါ ”
. . . . . . . လို့
(၃)
အရိပ်ကတော့
မေးပါတယ်
ကိုယ့်ကိုယ်ကို လုံအောင်
မိုးနိုင်ပြီလား . . . တဲ့
ငါ့ရဲ့လဟာ
ဝါးလုံးခေါင်းလေးထဲမှာပါ
တိမ်မရှိတော့
ငါလည်း မျက်နှာ ငယ်တတ်တယ်
တနင်္ဂနွေကသူရဲ့ ကိုင်းမှာ
နှင်းဆီ အပြိုင်းပြိုင်း
ပွင့်ပေးနေတယ်
ငါလေ . . . ပန်ပေးချင်လိုက်တာ
ငါလေ . . . နင့်ကို
နင့်ကို
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
မြောက်ပြန်လေနဲ့
ကမ္ဘာကို အထပ်ထပ်ပတ်ပြီးရင်
ငါ့ဆီ ပြန်လာပါနော်
ငါ့ဆီ ပြန်လာပါ နှင်းရယ်
ပွဲတော်မှာ . . .
မီးတောက်တွေ တလဲ့လဲ့ပြာချုန်း
ဓါးသွား အဆုံးထိနစ်မြုပ်
နှလုံးသားက အက္ခရာ
ဆယ်ကမ္ဘာအထပ်ထပ်
ရစ်တွယ်နှောင်ပတ်
ကျွန်းတွေ တစ်ဖက် တစ်ချက်
ခြားသွားကြပြီ
ချစ်သော နှင်းရေ
နေရောင်ခြည်တွေနဲ့ နှင်းရေ
ငါ့ကို . . .
ကယ်မြဲကယ်တင်ပေးပါလားကွယ်
ဘဝမှာ မှောင်မြဲမှောင်နေတာမို့
ရက်စက်ခြင်းနဲ့ပဲဖြစ်ဖြစ်
ချစ်သူရဲ့ လက်အတွင်း
တနင့်နင့် ကျဆင်းခွင့်ပေးပါ
“ ဖိနပ်က ဖိနပ်လိုနေပေါ့နော်
ထီးတွေကြားထဲ ဝင်တိုးရုံနဲ့မြင့်တက်လာတာမှ မဟုတ်တာ”
သေစေလို့ အမိန့်ကျမလာပါဘူး
ငါကတော့ နှစ်ခါပြန် ကွပ်မျက်ခံလိုက်ရတယ်
အဝေးကြီး ဝေးသွားတာနဲ့
နီးနီးလေး ဝေးသွားတဲ့ အဝေးဆိုးနှစ်ခုမှာ
နံပါတ်တစ်တော့ ချိတ်ခဲ့ပါရဲ့လေ
အခုတော့ …
အခုတော့လည်း … ကွယ် …
(၄)
ငါက . . .
လယ်ကွင်းစောင့်ချင်တဲ့
စာခြောက်ရုပ်သက်သက်
နေရောင်ခြည်ကို ချစ်တတ်တဲ့
သစ်ပင်အိုကြီး သက်သက်
ကိုယ့်ကိုယ်ကိုပဲ စိုစေပြီး
နင့်အတွက်တိတ်ထားတဲ့
ကွက်ကြားမိုး သက်သက်
နင့်အရှေ့မှာ ရပ်နေပေးချင်တဲ့
ဒိုင်းတစ်လက် သက်သက်
ကျောက်ဆူးနဲ့ မချည်နှောင်ရက်လို့
ငါ့ကိုယ်ငါပဲ ရစ်ပတ်နေမိတဲ့ ဖဲကြိုးလေး
သက်သက်ပါ . . .
ပန်းပွင့်သေးသေးလေးတွေက
နေရောင်ခြည်ကို ချစ်သလိုမျိုး
တံခါးတွေက တံခါးတွေကို
ချစ်သလိုမျိုး
ပျားတစ်ကောင်ဟာ ပျားဘုရင်မကို
ချစ်သလိုမျိုး
ဆောင်းဟာ နှင်းကို
ချစ်သလိုမျိုး
အကြားအာရုံဟာ ဂီတသံကို
ချစ်သလိုမျိုး
ဥသြငှက်ကလေးတွေက နွေဦးလေပြေကို
ချစ်သလိုမျိုး
သေမင်းက လူတွေကိုချစ်သလိုမျိုး
အဲဒါတွေ အားလုံးထပ်
နှင်းရေ စက်လက်
ထာဝရအဆက်ဆက် ချစ်တယ်
ဤမှန်သော စကားကြောင့်
စကားကြောင့် . . .
စ ကား ကြောင် . . . .
စ ကား ကြောင့် . . . .
…………………
…………………
…………………
…………………
အဲဒီသစ္စာတရားတွေ မိုးပေါ်ကို
လွှတ်တင်လိုက်တယ်နော်
(၅)
မုန်တိုင်းဟာ ချစ်သူတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်အတွက်
ကိုယ့်ကိုယ်ကို ဆွဲငင်ရင်း
အားပျော့ပျက်ပြယ်သွားတယ်
ကမ်းစပ်ကို ပြေးတက်ချင်တဲ့
လှိုင်းလုံးကလေးတွေကလည်း
ကျောက်ဆောင်နားအရောက်မှာ
မွသုဉ်းအက်ကွဲ သွားပါပြီ
လဟာ နေနဲ့အတူမနေ
မိုးက မြေကို ငုံ့ပြီးမလွမ်း
ကျောက်စရစ်ခဲကို အခါခါနမ်းချင်တဲ့
ငှက်တစ်ကောင်ရဲ့ နိဂုံးပေါ့
နှင်းရေ . . .
အိပ်မက်တွေထဲမှာ တွေ့ရင်
မမေ့ကြေးနော်
သစ်အုပ်ကို လွမ်းဖူးတဲ့
မြင်းတစ်ကောင်ဟာ
ခွာရာအပြိုင်းပြိုင်းနဲ့
ညနေအိုမှာ ရိုင်းချင်ရိုင်းနေလိမ့်မယ်
သူဟာ ချစ်သူကို . . .
ဖူးရုံ ၊ ပွင့်လာရုံပဲ ပျိုးပေးချင်တဲ့
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက်တစ်ယောက်ပါ
သွားတော့
သွားပါတော့ . . .
ကိုယ်ယောင်ဖျောက်လို့သွားပါတော့
နှင်းရယ် . . .
(၆)
ညှင်းသွဲ့လေပြေ
တစ်ဖက်ခြားခဲ့သော မျဉ်း
ဆန့်ကျင့်ဖက်လားရာက
နှင်းမှုန်ခြေသံ . . .
ငါ့အနားက ကွယ်ပျောက်ထုံဝင်း
ပန်းရနံ့လေး သင်း၊သင်းကျန်ခဲ့တယ်
ကြိုးတွေဖြတ်တောက်ပြီး
ငါ့ရင်ထဲ ပြေးဝင်မယ့် ဓါးသွား
ချွန်းတမြမြ ထက်ရှနိုင်ပါစေ
စစ်ရှူံးလူတစ်ယောက်ရဲ့
ညဉ့်ဦးယံမှာ . . .
နင့်အပါးကတေးသံတွေနဲ့လည်း
မြူးသည်ထက်မြူးနိုင်ပါစေ
အနာဂါတ်ဆိုတာ
ဝတ်မှုန်တွေ ကူးတဲ့လမ်းက
မွှေးမြတဲ့ အလင်းရနံ့တွေပေါ့
ချစ်သူရေ . . .
လမင်းဝိုင်းစက်စက်နားမှာ
ကြယ်တွေဟာ ဝန်းရံနေလိမ့်မယ်
သူတို့ရဲ့ မျက်ရည်တွေနဲ့
စိမ်းချိုရစ်မူးအောင် ကွေးကောက်ပြကြလိမ့်မယ်
(၇)
ဝေးရစေမယ် . . .
ဝေးကို ဝေးရစေမယ် . . . ဆိုတဲ့
ကျည်ဆံ တစ်ထောင့်
ဟော့ဒီ ကောင်းကင်ကို ပစ်ဖောက်လိုက်တယ်
အဲဒီလိုနဲ့
နေရောင်ခြည်မရှိတဲ့ ပန်းကလေးတွေဟာလည်း
မမှီနိုင်တဲ့ လက်ကို ကမ်းရင်း
တဖြည်းဖြည်း ကြွေကျသွားခဲ့ပါပြီ
ဘာထူးလဲ . . .
နှင်းစက်တွေကို လက်တွဲခိုချင်တဲ့
လူတစ်ယောက်ရဲ့ နိဂုံး
ဘာထူးသတဲ့လဲ . . .
နေရောင်လရောင်ထဲက
ဆွတ်ပျံ့တဲ့ ချစ်သူ့ ကေသာဦး
လွမ်းမောဖွယ် ညတွေနဲ့
တွဲအိဝန်းစက်နေတဲ့ လမင်း
ငါအဝေးကနေရင်း ငေးပါတော့မယ်လေ
မမေ့ဘူး . . .
နှလုံးသားပေါ်ရေးထိုးထားတဲ့
နင့်နာမည် အနာရွတ်တစ်ခု
ငါဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး
နှင်းရေ . . .
နှင်း ရေ . . . .
ချစ်သော . . . . .
နှင်းရေ . . . . . . . . .
ချစ်သော နှင်းရေ . . . . . .
သမိုင်းမှာတော့ မရှိသေးဘူးပေါ့လေ
ဒါပေမယ့် . . .
ချစ်သူအတွက် သစ္စာအရောင်နဲ့
ရနံ့တွေ ပြာဝင့်
တစ်ခါ ပြန်ပွင့်ခွင့်ရချင်သေးတယ်
အဲဒီအခါ . . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ ချစ်သူရယ် . . .။
Wednesday, August 26, 2009
စက္ကူမီးအိမ်
ရနံ့တွေက ဘာမှန်းတောင်
သိတာမဟုတ်ဘူး . . .
တစ်ချို့တွေက ချိုရက်နဲ့ခါး
တစ်ချို့ကျတော့ ခါးရက်နဲ့ချို
တစ်ချို့ကို နွေမိုးတွေရွာပေးရမလား
တစ်ချို့တွေကလည်း
အက်ကွဲသံကြီးနဲ့ လမင်းလုပ်ချင်သေးသတဲ့ . . .
အားနာပေမယ့် . . .
မိုးခါးရေ မသောက်ဖို့ကိုတော့
အားနာပါးနာနဲ့ပဲ ငြင်းနေရတာ
မောတယ်
ငါ့မှာ . . .
လင်းစရာတွေ ကုန်ခဲ့ရတာတောင် မတန်ဘူး
မသိရင် . . .
ငါကပဲ မုတ်သုန်စားတတ်တဲ့
ဆောင်းပါးစပ်ကြီးလိုလိုနဲ့
“ကျေးဇူးပြုပြီး တံခါးမခေါက်ပါနှင့်
လာလမ်းအတိုင်း လှည့်၍ပြန်ပါ”
အဲဒီစာသားကို ငါ့ရဲ့တံခါးဝမှာ
ခပ်ထူထူ ရေးထိုးထားပေးပါ
မှော်ဆရာ . . .
မီးအိမ်ည ၊ စက္ကူပန်း
အိပ်ဆေးခက်ထားတဲ့ တိမ်ညိုတွေနဲ့
သင်းကွဲ ပင်လယ်ကို
လရောင်မှာ ချိတ်ချင်တယ်
မှော်ဆရာရေ
သင့်ရဲ့ကျမ်းစာအုပ်မှာ
ရေးမှတ်ထားလိုက်ပါ . . .
ငွေ့မြေ့လောင်ကျွမ်းသွားတဲ့
စက္ကူမီးအိမ်တစ်လုံး
ဘယ်လိုအလင်းတွေနဲ့မှ
ပြန်သုံးလို့ မရဘူးဆိုတာ . . . . . . . . . . ။
(သောတ)
Sunday, August 23, 2009
မီးတောက်ကလေးရဲ့ သင်းကွဲပုရပိုဒ်
အလင်းတွေ အုံ့ဆိုင်းညွှတ်ဖွာရင်း
ကဝေလို နက်ရှိုင်းနေတဲ့ညပါပဲ
ဟော့ဒီလမ်းမှာ . . .
ဖိနပ်တွေ လေဟုန်ဆီးတော့မယ်လို့
မသိစိတ်ကို လေတံခွန်လို လွှတ်တင်ရင်း . . .
ငှက်ဆိုးထိုးသံကို မထေမဲ့မြင်ပြုထားလိုက်တယ်
ငါ .. ဘာကိုကြောက်နေတာလဲ
ဘာကိုကြောက်နေခဲ့တာလဲ
ကမ်းပါးတဖက်ကို လှမ်းမမြင်နိုင်တဲ့
အဆုံးမှာ . . . ကြယ်တပွင့်
ငါ့ရင်ထဲ အရှိန်အဟုန်ပြင်း
ဝေဖြာကျဆင်းလာခဲ့တယ်
ခုံတန်းလေးကို လှမ်းမေးကြည့်တော့
သူလည်း …
နေဝင်ချိန်ကို ချစ်သူတွေ
မုန်းကြတယ်ဆိုတာ … မသိရှာဘူး
နေ့ခင်းသာသာ ကောင်းကင်ကကြယ်ကို
ထိုးဖောက်မမြင်နိုင်ဘူးလို့ . . .
ဘာလို့ပြောကြတာလဲ . . .
နက္ခတ်တွေ ဂြိုလ်တွေမှာ
ကြယ်ရာ . . . လရာတွေ
ငါမြင်တယ် . . .
ငါမြင်နေရတယ် . . .
သစ်ကိုင်းတစ်ကိုင်းထဲပေါ်မှာရော
မြက်ခင်းတစ်နေရာမှာရော . . .
ခြေထောက်တစ်စုံထဲရှိတာနဲ့
အထီးကျန်နေရတယ်လို့ … ငါ့ကို
ဘာလို့လာပြောနေကြတာလဲ
ပန်းတွေပွင့်ခဲ့ဖူးတဲ့ လမ်းဟာ
အရင်လိုရနံ့တွေနဲ့ ငါ့ရင်ထဲ
တိုးသက်မွှေးအုံ့နေတော့တယ်
(လွမ်းတယ်
ငါနင့်ကို လွမ်းတယ်
ထိပ်ထားရယ်)
သစ်ခွတို့ ကခုန်နေတဲ့ ဥယျာဉ်
ရေပြင်က ပြာလဲ့လဲ့
ဝတ်မှုန်တစ်ပွင့်ကို
တနင်္ဂနွေဆီက တောင်းရမ်း
နင့်ကိုငါ ပန်ပေးချင်တယ်
ချစ်သူအတွက် အလင်းတောက်ဆုံးဖြစ်ချင်တဲ့
သစ္စာတရား . . .
အထပ်ထပ်အခါခါတောင်းမိသောဆုအတွက်
နင်နဲ့ငါ ဆုံပါရစေလားကွယ်
နေကွယ်ရင် ကွယ်ပါစေ
လမိုက်ရင် မိုက်ပါစေ
ငါတို့ကောင်းကင်မှာ ဗီးနပ်စ်တို့သင်းထုံ . . .
အဲဒီအချိန်ကို အတူတူစောင့်ကြည့်ရအောင်
ငါ့ကို . . .
ငါ့ကို . . . . . .
ငါ့ ကို . . . . . .
ငါ့ ကို လေ . . . . .
စောင်းသံ ချိုနွဲ့နွဲ့သီကြူး
တစ်ယောက်ထဲ ချော့သိပ်မထားခဲ့ပါနဲ့ကွယ်
ငါဟာ ဖိနပ်တစ်ရံပါ
နင်သွားတဲ့လမ်းတိုင်း ငါလိုက်ပါနေမယ်
ခရီးဟာ လမ်းလျှောက်သူတို့အတွက်
ဆုံးသွားတယ်မရှိပါဘူး
ရမယ်ဆိုရင်ပေါ့ကွယ်
နှလုံးသားက ကျောက်စာပေါ်မှာ
၁ - ၂ - ၃
. . . . . . .
၃ - ၂ - ၁
. . . . . . .
အိပ်မက်ဖြူရေ . .
အိပ်မက်ဖြူရေ . . .
အိပ်မက်ဖြူရေ . . . .
အိပ်မက်ဖြူရေ . . . . . လို့
နင့်နာမလေးကိုပဲ
ထပ်ခါတလဲလဲ ရွတ်နေချင်တယ်
ထပ်ခါတလဲလဲ ရေးထိုးချင်တယ်
ငါဟာ ကလောင်တစ်လက်ဖြစ်တယ်ဆိုရင်
နင်ဟာ မီးအိမ်တစ်ခု ဖြစ်လိမ့်မယ်
ဒါပေမယ့် . . . တစ်ကိုယ်ရေ
သင်းကွဲတဲ့ အခါမျိုးမှာ
မီးအိမ်ကလေး လွှတ်ချ
ငါဟာ မီးဟုန်းဟုန်းတောက်နေလိမ့်မယ်
အဲဒီအချိန်မျိုးမှာတော့
ရင်ခွင်တစ်ခုလုံး ဗြုန်းဆိုင်း
အလွမ်းတွေတရစ်ရစ်သိုင်း
မီးတောက်ကို ငါ့တစ်ယောက်ထဲပဲ
လောက်မြိုက်ခံမယ်
လူငယ်တစ်ယောက်ရဲ့ ကျောက်စာမှာ
နင့်နာမည်အက္ခရာလေးက
သံယောဇဉ်ကို နှောင်ဖွဲ့
ချစ်ခြင်းဂီတသံစဉ်နဲ့
လျှက်ဖြာထုံသင်းလာတဲ့
ပန်းတစ်ပွင့်ပါပဲ
အိပ်မက်ဖြူရယ် . . .
ဘာပဲဖြစ်ဖြစ်ပေါ့
တက်ကျိုးရင် လက်ထိုးလှော်မယ်
လက်မရှိရင် ခြေနဲ့ထိုးမယ်
ခြေမဲ့ရင် ခန္ဓာကိုယ်တစ်ခုလုံး
တွန့်ခေါက်လိမ်ကျစ်
ငါလင်းနိုင်သမျှ လင်းပစ်လိုက်မယ်
ငါ့ရဲ့အိပ်မက်လေးရေ
ငါချစ်မြတ်ရတဲ့ အဖြူရောင်လေးရေ
သန်းခေါင်ယံမှာ လွင့်ပျံနေတဲ့
အလွမ်းတွေက နင်နဲ့ငါ့အတွက်
အချိန်ပိုမှာရတဲ့ ပန်းတိုင်ရဲ့အငွေ့အသက်တွေပဲ
ငါဟာ ကြယ်ပါ
လမင်းကို အခစားဝင်ချင်ဖူးတဲ့
အလင်းမွဲကြယ်မျိုးပါ
ဒါပေမယ့် . . .
ပိုးစုန်းကြူးလိုပဲ ဖြစ်ဖြစ်
မီးစာကုန်ခါနီးမီးခွက်လိုပဲ ဖြစ်ဖြစ်
ငါဟာ နင်ပန်ဖို့ ပန်းတစ်ပွင့်ပဲ ဖြစ်ခွင့်ရချင်တယ်
ကံကြမ္မာရေ . . .
ဟောဒီက လက်နှစ်စုံအတွက်
လုံလောက်တဲ့ စွမ်းအားများနဲ့
ခွဲဖြိုစမ်းပါ . . .
ခိုင်မာကျစ်လစ်
အိပ်မက်အမည်ခံတဲ့
အလွမ်းအိမ်ကလေးဟာ
လေထဲမှာ ဆောက်ထားတာမဟုတ်ပါဘူးကွယ်
ကြိုးစင်ဆို ရင်ကော့ပြီး
လာခဲ့မယ် . . .
လူသတ်ကွင်းဆိုရင်လဲ
ခေါင်းကိုမော့ . . .
ချစ်သူနှစ်ဦးဟာ မင်းကိုရင်ဆိုင်ကို
အသင့်ရှိနေတယ်
ဒါတွေဟာ . . .
ငါနင့်ကို ပြောချင်ခဲ့တာပါ
အိပ်မက်ဖြူရယ် . . .
ကမ္ဘာတစ်ထောင်ကြား
အနက်ရောင် ကျမ်းချပ်တွေနဲ့
ဘယ်လိုပင် ခြားနား. . .
နင့်အတွက် ငါဟာ
မှောက်ထားပေးတဲ့ ဖဲတစ်ချပ်ဆိုလည်းဟုတ်တယ်
နေရောင်ခြည်တွေနဲ့နှိုးထပေးတဲ့
မနက်ခင်းတစ်ခုဆိုလည်းမမှားဘူး
“သွားတော့မယ်နော်
သွားတော့မယ်နော်” . . .
ငါ့ကို . . . အဲဒီလို
ဘယ်တော့မှ နှုတ်မဆက်ပါနဲ့ကွယ်
ချစ်ခြင်းမေတ္တာတရားအတွက်
သစ္စာမီးအိမ်ကလေး
ဘယ်ဆီမှာ အရောင်လွင့်ပေးရမှာလဲ
ခွဲခွာရတယ်အသိဟာ
ရင်ထဲမှာ မိုးစက်တွေလိုသည်းထန်ရွာသွန်းနေတော့တယ်
လှမ်းကြည့်ပေးပါလား
အိပ်မက်ဖြူရယ် . . .
သက်တန့်ကလေးတွေ
နှင်းဆီ ခုံတန်းကလေးတွေ
သစ္စာရနံ့တွေ သင်းထုံနေတဲ့
တနင်္ဂနွေလေးတွေ
နှစ်ယောက်သားငေးဖို့
ညနေလေးတွေ . . . ပြီး
အိပ်မက်အိမ်ကလေး
နင့်နာမည်လေး
ငါ့ရင်ခွင်လေး
လှမ်းကြည့်လိုက်ပါလား
ချစ်သူရယ် . . .
ညနေခင်းတခုမှာ
အလွမ်းပုရပိုဒ်တစ်ခုနဲ့
သင်းကွဲနေတယ် လူငယ်တယောက်ကို
တိုးရှနေတဲ့ လေဒဏ်မိုးဒဏ်တွေကြား
မှိန်ပျောက်အက်သုဉ်းသွားမလား
လင်းရှတောက်ပ နေမလားဆိုတာ
လှမ်းကြည့်ပေးပါလား
ချစ်သူရယ် . . .
အမြဲတမ်း မမှောင်နိုင်ပါဘူး
အိပ်မက်ဖြူရယ်
ဒီလမ်းကြမ်းမှာလေ . . . စွယ်တော်ရွက်လို
ငါ နင်နဲ့အတူရှိနေပေးမယ်
တံတိုင်းတွေကို အထပ်ထပ်ဖွင့်
ပြဿဒါးတွေကို ကြံကြံရင်ဆိုင် . . .
ငါ့အတွက်ရေးတဲ့ မန္တန်ကို
ငါကိုယ်တိုင် ရွတ်မယ်
ငွေ့ရည်ဖွဲ့ခိုင်းတိုင်းသာ
လွင့်ပေးရမယ်ဆိုရင်
လူဆိုတာ လောကမှာတောင်
ရှိနေမှာမဟုတ်တော့ပါဘူး
ပိုးဖလံလို သတ္တိမျိုးနဲ့
မီးထဲက ဒိုင်းကို
ငါရအောင် ယူခဲ့တယ် . . .
ငါ … ဘာကိုကြောက်နေရမှာလဲ
ငါလည်း မကြောက်တာ
နင်လည်း ကြောက်မနေရဘူးနော်
လာပါကွယ် . . .
မြင်းမိုရ်မို့လား
အဲဒီဓါးတွေ ပူလောင်တောက်မြနေပါစေ
ငါနင်နဲ့အတူ တိုးဝင်မယ်
ဟော …
ဟိုးရှေ့နားမှာ
သက်တန့်တွေ ပွင့်တဲ့မိုးရာသီလေးရှိတယ် .. တဲ့
ဗုံသံတွေပြီးရင် ဗျက်စောင်းသံကြားရမှာပေါ့
နော် .. ငါတို့အတူတူသွားကြမယ်လေ
ယုံကြည်ချက်အတွက် ရေကိုလည်း
ချစ်သင့်ရင် ချစ်ရမယ်
မီးကိုလည်း နမ်းသင့်ရင် နမ်းရမယ်
ကြတ်ခြေခတ်ဆိုတာ . . .
တကယ်တော့ အမှန်နှစ်ခါ
ခြစ်ပေးထားတာပါကွယ်
ရဲရဲသာလာ . . .
ငါ့ကိုမှီ . . . ငါ့လက်ကိုဆွဲ . .
မြင်းရထားတွေ မပါလည်း
ကမ္ဘာတစ်ဆုံး ပြေးထွက်ကြမယ်
ကျွန်းက ကိုင်းကိုမှီသလိုမျိုး
ကိုင်းက ကျွန်းကိုမှီ . . .
ရှေ့မှာလည်း …
လမ်းတစ်ပြ … နှစ်ပြသာ တွေ့ရတော့တယ်
ကချေသည်တို့ရဲ့တေးတွေ
အကွေ့အကောက်မရှိတဲ့ တိမ်တွေနဲ့
လမ်းကလေး … ဖြောင့်ဖြူးစွာ
စောင့်ကြိုနေလေရဲ့
လက်ကမ်းပါကွယ် . . .
နင့်လက်ကို ကမ်းပါ . . .
မှင်နီပဲတားတား လက်ပြပဲတားတား
ငါတို့ဆီမှာ လက်နက်က အလွမ်းတွေရှိတယ်
နေပူပူ .. မိုးရွာရွာ
ရက်ရာဇာ .. ပြဿဒါးမခွဲ
ကန္တာရထဲ ငါတို့ခရီးထွက်ကြရအောင်
သေချာရင် လက်ကမ်းတော့
ချစ်သူရယ် . . .
လက်ကလေးသာ ကမ်းလိုက်ပါတော့ကွယ်. . .။
(သောတ)
Friday, August 21, 2009
မမအတွက်ရေးတဲ့ ပန်းအလကာင်္
ပန်းခြေဖ၀ါးမှာ ဝေဖူးသောပန်းတွေ
အိပ်မက်ဥတု တစ်ခုစာအထိ
လာလာပွင့်တတ်ကြတယ်
သိုးကျောင်းသား တစ်ယောက်ရဲ့ညခင်း
ဆွတ်ပျံ့စရာ အလွမ်းနဲ့
ရေတံခွန်လို . . .
ဝေဆင်းနေတယ်
မီးပုံထဲက နှလုံးသား ယဇ်ပူဇော်ပွဲကို
နွေဦးလေပြေ . . . ဘယ်ဂီတသံနဲ့အတူ
မျှော်သူရော . . .
ရောက်လာပါ့မလားကွယ်
ချောင်းငယ်လေးတစ်ခုက
ပင်လယ်ကို ဘယ်တော့စီးမျောခွင့်ရမှာလဲ
ဝေးကွာမှုနိယာမအရ . . . ဂြိုလ်ရံလအဖြစ်
ရံဝန်းခွင့်ပေးပါ မမရယ်
ချစ်သူကို ချစ်ကြောင်း
စာလုံးပေါင်းပြတာဟာ
တကယ်တော့ . . .
ယဉ်ကျေးမှုတစ်ရပ်ပါပဲ
လရောင်လွှမ်းတာ ဥယျာဉ်တစ်ခုလုံး
ညွှတ်ကွင်းထဲက သားကောင်လို. . .
ကြယ်တွေ ခူးပြီး
မမကို ပန်ပေးမှာပေါ့
သမိုင်းမှာ ဆုတ်ကိုင်လာတဲ့
အလံဖြူတစ်လက်
မမလက်ထဲ ထိုးအပ်ပါ့မယ်
ဘာပဲဖြစ်ဖြစ်
ကမ်းနဲ့ဗဟိုလို ဝေးနေခဲ့ဖူးတဲ့အတွက်
ကျွန်တော် လွမ်းတယ်
လွမ်းတယ် . . .။
သူရူးရဲ့ဆောင်ဓါး
မြေပေါ်ကို လွှတ်ချပြီးမှတော့
ဆောင်းဖိနပ်စီး၍
နှင်းကို မျှော်မည်
မမ . . .
သက်တန့်ကလေးတွေ ပွင့်ပေးပါ
မမ . . .
မီးအိမ်ကလေး လင်းတောက်ပေးပါ
အဲဒီလက်တော်နဲ့ပဲ
ဘယ်ဘတ်ရင်အုံကို
တံတားအထပ်ထပ်
ခင်းထားပေးပါ . . .
မျှော်သူ . . .
ဝတ်ရုံခြုံလွှာ ညဉ့်ယံဦး
ဟော့ဒီ ဂျစ်ပစီရဲ့ ကျောက်စာကို
အထပ်ထပ်တူးပါ
အစိမ်းရောင်တွေ ပွင့်ထွက်သွားကာမှ
နောက်ကျနေခဲ့မှန်းသိရ
ဆပ်ပြာပူပေါင်းတစ်လုံးရဲ့ ဘ၀ဟာ
ဘယ်လောက်မို့လို့လဲ
ဗုံသံ ၊ ဆောင်းသံ
လွင်ပြင်ခေါင်ခေါင်ထဲမှာ
ကြိုးဆွဲရာပဲ “ က ” တတ်တော့တာ
မမ သိရဲ့လား
ရွက်သစ်နုစို . . .
အညွှန့်တွေ လွန့်လူး
အထူးသဖြင့်
မမကို ပိုလို့တောင် မခူးရက်ခဲ့ပါဘူး
မြေဆီလွှာကြောင့် . . .
သင်းရင်သင်းခဲ့လိမ့်မယ် ၊ လင်းရင် လင်းခဲ့လိမ့်မယ်
ဥယျာဉ်ပျက်ထဲမှာတော့ မွှေးသောရနံ့တွေ မရှိခဲ့တာ
သေချာပါရဲ့ မမရယ်
လိပ်ပြာဖြစ်ခွင့်မရလိုက်တဲ့
ပိုးတုံးလုံးရဲ့ ဘ၀ကိုတော့
သနားတယ်
အဲဒီလိုနဲ့
ကျွန်တော့်ရင်ညွှန့်မှာ
မမ အက္ခရာတွေ လူးလွန့်ပြလာရတာ
မိုးတွေ ခဏခဏ ရွာပြီးပါရောလား
မမရယ် . . .။
(ရူးမိသူရဲ့ ပန်းအလကာင်္တွေကို ညီညီစီစီ သီကုံး " . . . " အတွက် ကဗျာတွေ ရေးနေဦးမယ်)
Friday, July 10, 2009
နှစ်ချို့ကျောက်စာ ၊ စိတ်ဒုက္ခိတသည်နဲ့ ရုပ်ရှင်ပေါ်က မိုးရာသီ
ကြိုတင်မြင်ခဲ့ကြရတာပဲကွယ် . . .)
သောကြာကြယ်လေး
အရောက်နောက်ကျခဲ့တဲ့ ညမှာ
တနင်္ဂနွေလေးဟာ ငိုနေရှာတော့မယ်
ဖိနပ်ကလေးတွေကတော့
အောက်ဆီဂျင်ကုန်သွားတဲ့ အလင်းရောင်လို
မှုန် - ဝါး - အက် - သဲ့
ငါ့အရိပ်ကို မိုးအုပ်ထားတဲ့
ပန်းရောင်ထီးကလေးရေ . . .
မိုးလေးတစ်စက် နှစ်စက်တော့ဖြင့်
သည်းသည်းလေး ရွာပေးပါ
ကဝေဆန်သော စကားလုံးတွေနဲ့
ငါ့ရင်ကို လှုပ်နိုး . . .
နင့်ရင်ခွင်ကိုလည်း အမိုးလုပ်ခွင့်ပေးပါ
ရက်စက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ
ပန်းပွင့်ကလေး ပွင့်ခါနီး ငေးရင်း
ကိုယ့်အရှေ့မှာ ကြွေကျသွားတာမျိုးလား
မှောက်ထားတဲ့ ဖဲချပ်ကလေးတွေလား
ဒါမှမဟုတ် . . .
ကွယ်ရာက ဆောင်ဓါးတစ်လက်လား
အဆိပ်ခပ်ထားတဲ့ စကားလုံးတွေလား
တကယ်တော့လည်း
ခွဲခွာရတယ်ဆိုတာ . . .တစ်ညလုံး ပိတ်ထားခဲ့တဲ့
တံခါးတွေရဲ့ နေထွက်လာတော့မယ့်အချိန်ကို
ကြောက်နေရတာမျိုးပါကွယ်
"ငါ့ကို မမေ့ရဘူးနော်"
"ငါ့ကို မမေ့ရဘူးနော်"
အဲဒီအသံတွေ . . .
ရှ - အက် - မှုန် - ဝါး
ဒီတစ်ညမှာတော့
မိုးနဲ့မြေကို တွေဝေကြည့်ငေး
ငါ တယောက်ထဲ ဆွေးနေရတော့မယ်
ကျောက်သင်ပုန်းနဲ့ ကျောင်းသင်ပုန်းတောင်
ကွာခြားကြတာပဲလေ . . .
ဖိနပ်မရှိခဲ့ရင်လည်း
ငါလမ်းတော့လျှောက်တတ်ပါတယ်
ဒါပေမယ့် … ခဏခဏတော့ အဆူးစူးမှာပေါ့
မလွမ်းပါနဲ့ ….
ပန်းရောင်ထီးကလေးရယ်
လွမ်းရင်းနဲ့ လမ်းတွေဖောက်
ငါ့ကမ္ဘာထဲ လျှောက်ရင်း နင်လမ်းပျောက်သွားပါဦးမယ်
စက္ကန့်တွေကို ထိုးချုပ်
ခေါင်းတိုင်က ထွက်ခွါခါနီး
ဖျော့ဝေသော အခိုးအငွေ့လေး
(ဖြစ်နိုင်ရင်) ငါသိမ်းထုတ်ထားလိုက်ချင်တော့တယ်
မမြင်ကွယ်ရာမှာ ဖျောက်ဖျက်ထားတဲ့
ခံစားချက်တွေကို ဆောက်တည်ရာမရဖြစ်အောင်တော့
နင် မငိုပါနဲ့
ပန်းရောင်ထီးကလေးရယ် . . .
အိပ်မက်မဟုတ်ဘူး
တိမ်တိုက်တွေဆီမှာ ကောင်းကင်မရှိဘူး
မြေကြီးထဲမှာ နေတွေလတွေမရှိဘူး
မရှိဘူး . . . မရှိဘူး
မျက်နှာလွဲထားလိုက်တယ်ဆိုပေမယ့်
ရုပ်ရှင်တွေထဲကလို
ဒါက … မိုးရာသီစစ်စစ်မဟုတ်ဘူး
နင် သိတဲ့ မိုးရာသီစစ်စစ်မဟုတ်ပါဘူး
. . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . .။
Wednesday, June 24, 2009
တိမ်လူကလေးရဲ့ သက်တန့်စာ
ငါသွားဖို့ မဟုတ်ပါဘူးတဲ့ကွယ်
ငါ မသိ . . .
ငါ မရှိ . . .
ငါ မထိ . . .
ငါ မရိ . . .
နှုတ်ဆက်လိုက်ပါတယ် . . .
ကလေးမရယ် . . .
တိမ်ဆိုတာ .. မြူခိုးတွေနဲ့
ဖုံးထားတဲ့ အယောင်ဆောင်
ဝါဂွမ်းလှလှလေး တခုပေါ့
ဆောင်းငွေ့ငွေ့နဲ့ နှင်းတပွင့်ကို မြင်ရင်
နင့်ကို ငါလွမ်းမယ်။
နွေဦးမှာ ငှက်ကလေးအော်သံသဲ့သဲ့နဲ့
စကားပြောချိုတဲ့ ကောင်မလေးတယောက်ကို
ငါလွမ်းမယ်။
မိုးစက်တွေ ခုန်ပေါက်မြူးဆော့
ချစ်သော ရွာသူမလေးတယောက်ကို
ငါပြန်မြင်ယောင်ပါ့မယ်ကွယ်။
နိဗ္ဗာန်မှာ မီးတပြိုက်က
သုန်သုန်လင်းနေပြီ . . .
နတ်လောကဘုံကို ဦးတည်
မိုးမချုပ်မှီ . . .
မိုးတိတ်တေးတို့ သီ
ဟိုးက . . .
စောင်းသံ ယဲ့ယဲ့ကို ကြားရတယ်
လိုက်ပါသွားတော့မလား
ငေးနေခဲ့ရမလား
ရပ်နေခဲ့ရမှာလား
ငါမသိတော့ပါဘူးကွယ်
ငါ့မျက်နှာမူရာတည့်တည့်က
တနင်္ဂနွေတွေကို ရိတ်သိမ်း
ချစ်ရပါသော ရွာသူမရယ်
လွမ်းတယ်(လွမ်းတယ်ကွယ်)
အိပ်မက်ထဲက ထွက်ခွာသွားတဲ့
မြင်းခွာသံတွေကြားမှာ . . .
မျှော်လင့်ချက်ကသူ့ကိုယ်သူပုတ်
နိုးတဝက်ဖြစ်တဲ့ တေးတပုဒ်နဲ့ ငါ့ကို လှုပ်နှိုးတယ်
မလှောင်ပါနဲ့ကွယ် . . .
ကျိုးကျိုးနွံနွံ ငါ့မှာလည်း . . .
နွေးနွေးထွေးထွေး ပွေ့ဖက်ထားပေးမယ့်
ရင်ခွင်သေးသေးလေးတခုတော့ ရှိပါရဲ့
ကြိုးမိန့်ကို မကြောက်ဘူး
ဒါပေမယ့်လေ . . .
ငါ့ကို . . . ဒုန်းဆိုင်းပြီး
အဝေးကို ပြေးထွက်သွားမယ့်
ခြေသံတွေကိုတော့ကြောက်တယ်
စကားတခွန်းက ချွန်းသွားတွေလို
သွေးတမြမြ . . . ငါ့ နှလုံးသွေးကို
ဖောက်ဖောက် မသောက်ပါနဲ့
ကလေးမရယ်
ရထားဟာ ဘူတာကို စွန့်ခွာထွက်ပြေး
ငါ … ဘူတာရုံလေးလို မဖြစ်ချင်ဘူး
ရမယ်ဆိုရင် ကလေးတယောက်လိုပြေးလိုက် . . .
မထားခဲ့ဖို့ ပြောရင်း ထွေးပိုက်ထားစေချင်တယ်
တိမ်မျှင်တွေ ကွေ့ကောက်
မိုးတွေလည်း အုံ့စိုင်း
တနင်္ဂနွေတိုင်း နင် အပိုင်သာယူပါတော့
ကလေးမရယ် . . .
မြူခိုးတဝေဝေ
အလွမ်းတို့ ကြွေကျ
နင်လျှောက်သော လမ်းတိုင်း
ငါ့ကို ခေါ်ပါ . . .
ပြီးတော့ . . .
တိမ်လူကလေးရဲ့ သက်တန့်စာမှာ
ပုရပိုဒ်တခုကို ထမ်း. . .
နင့်ကိုငါ လွမ်းမယ် . . .။
Saturday, June 13, 2009
ကြိုးတချောင်းနဲ့ ပန်းသီည
ကောင်မလေးရယ်။
လဝန်းကိုလည်း မမြင်
နေကွယ်သွားခဲ့တာလည်း မမြင်
ဖိနပ်တွေ မိုးထားတဲ့
မြေပြင် နိမ့်နိမ့်လေးပဲ ငါတွေ့လိုက်တယ်
အသည်းနှလုံး တခုထဲ
တွယ်စိုက်နေတဲ့ မြှားတစ်စင်းကို
မနှုတ်ရက် မသွင်းရက်. . .
လွမ်းတယ်ဆိုတာ ဒါမျိုးလား
ကောင်မလေးရယ်. . .
ချစ်မိသူဆိုတာ အရှူံးကိုမှ
ငွေနဲ့ ဝယ်တဲ့ ရူးမိုက်သူရယ်ပါ
ထီးအရိပ်ခိုမှ လုံမယ်ဆိုရင်
ငါ မလိုက်ချင်ဘူး
ဖိနပ်မစီးချင်ဘူး
ထီးမဆောင်းချင်ဘူး
လမ်းမလျှောက်ချင်ဘူး
တယောက်ထဲ မနေချင်ဘူး
ငါ့ကို . . . ငါ့ကို
ကယ်လို့ရရင် ကယ်ပါလားကွယ်။
အဲဒီညမှာပါပဲ . . .
ကောင်မလေးရယ်။
ကြယ်တွေကလည်း ရှူးရှူးရှဲရှဲနဲ့ငါ့ကို
ဝင်တိုက် . . . ချစ်မိတဲ့
လူမိုက်တယောက်ဟာလည်း
မြူတွေသာ ပိုက်ထားရတယ်
ကောင်မလေးရယ်
ကောင်မလေးရယ်
ငါဟာ တိမ်လိုလူပါ . . .
ကိုယ့်ကိုယ်ကို တိမ်လိုငွေ့ရည်ဖွဲ့တတ်မှန်းမသိတဲ့
တိမ်လိုလူမျိုးပါ
မီးတောက်တခုလို ကူးမြောက်ပျံသန်း
လွမ်းတာကို လွမ်းတယ်လို့ပဲ
ပြောတတ်တဲ့ လူတယောက်ကို
အရူးရယ်လို့ ခေါ်လို့သာ နေပါတော့
ကောင်မလေးရယ်
ပန်းညတခုမှာ . . .
လကို ဆွတ်ချင်သော လူမိုက်ဟာ
ကိုယ့်အလွမ်းကိုယ်ပိုက်
မိုးတပြိုက်နဲ့ အုံအုံမှိုင်းနေခဲ့တယ်
ကောင်မလေးရေ . . .
ရွာလက်စ မိုးတွေ အတင်းတိတ်
အသံတွေ ပိတ်တာတောင်
နံရံတွေက စို့စို့လာတယ်
ကျိုးမှန်း သိလို့ မထမိတဲ့
အကန်းတယောက်ကို
ရာဇသံတွေနဲ့ ယိုင်ချိအောင်
ငါ့ကို ပတ်ပျိုးတီးမလားကွယ်
တိတ်တိတ်ဆိတ်ဆိတ်လေး
ပန်းပွင့်ဖြူဖြူကို
ကြိုးဖြူဖြူမှာ သီချိတ်
ခံတပ်တခုလုံး အသံတွေ တိတ်နေခဲ့ပါတယ်
အဲဒီလိုနဲ့ ကဗျာတပုဒ်အဆုံးသတ်မှာ
ပန်းတွေ သီချိတ်လိုပြီးသွားခဲ့ရင်တောင်
ပန်းတွေ (ဘယ်တော့မှ)
သီလို့ ပြီးမှာ မဟုတ်တော့ပါဘူး
ကောင်မလေးရယ်. . .။
**ဤကဗျာထဲမှ တကြောင်းတပိုဒ်အား ကိုဇာတိ ကျေးဇူးပြုပါသည်။** (သောတ)
Friday, June 12, 2009
ကျွန်တော်နဲ့ဝါသနာ
ဝါသနာဆိုတဲ့ နာမည်နဲ့ မနှင်းဆီနက်က ကျွန်တော့်ကို တဂ်လာတော့ ကျွန်တော်လည်း မရေးတတ် ရေးတတ်နဲ့ ရေးရပါတော့တယ်။ ကျွန်တော်က ကဗျာလောက်သာ အရေးသန်ပြီး ကျန်တဲ့အပိုင်းတွေ ရေးလေ့ ရေးထ မရှိသေးလို့ပါ။ တစ်ခါမှလည်း တဂ်မခံရဖူးတော့ ရေးရတာလည်း နည်းနည်းလက်ပေါက်ကပ်သဗျ။ ကဲ … အမရေ … ရေးပြီးနော် …။ ကျေနပ်တယ်မဟုတ်လား . . .။
ဝါသနာဆိုတာက ဟိုးကလေးဘဝထဲက သူ့ပင်ကိုယ် စိတ်ကလေးနဲ့ ဖြစ်တည်နေတတ်တဲ့ အရာမျိုးပါ။ ကလေးဆိုပြီး ဝါသနာတွေ ဘာတွေ သိဦးမှာ မဟုတ်သေးဘူးဆိုပြီးတော့ မထင်လိုက်ကြပါနဲ့။ အခုလို IT ခေတ်မှာ လူဖြစ်လာတဲ့ ကလေးတွေဆို သူတို့ ဖွံဖြိုးမှုက ဟိုး လွန်ခဲ့တဲ့ နှစ်တွေထပ် ဆယ်ဆမက သာလွန်နေပါပြီ။ အဲဒီမှာ ဝါသနာဆိုတာ အသက်အရွယ်ပေါ်လိုက်ပြီး ပြောင်းလဲ နေတတ်ပါတယ်။ ပြီးတော့ ဘဝအတွက် ရည်းမှန်းထားတဲ့ ရည်ရွယ်ချက်တွေကလည်း ဝါသနာနဲ့ ဆက်စပ်မှုရှိပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက (ကလေးဆိုတော့) ဘာဝါသနာပါလဲ လာမေးရင် မဖြေတတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော် စွန့်စားရတဲ့ အလုပ်မျိုးဆိုကြိုက်တယ်။ ပြီးတော့ ကျောင်းတတ်ပြီဆိုရင် သူများတွေ ဆော့နေတဲ့ အချိန်မှာ ကျွန်တော်က ငြိမ်ငြိမ်လေး ထိုင်ပြီး (ပန်းချီဆွဲတာမျိုး၊ အိမ်စာတခုခုလုပ်နေတာမျိုး) လုပ်နေရတာကို ဝါသနာပါတယ်။ ပြီးတော့ လူဆိုတာ သိလာတဲ့ အရွယ်ကျတော့ တစ်မျိုးတစ်ဖုံ ပြောင်းသွားပြန်ရော ။ ဒါက စိတ်ထွေတာလည်း မဟုတ်လောက်ပါဘူး။ သိတဲ့ အသိနဲ့ ဦးနှောက်က လှုံဆော်တာကို စိတ်က လိုက်လုပ်တဲ့ အရာမျိုးပါ။ အပေါင်းအသင်းကလည်း စုံအောင်ပေါင်းဖူးလာတော့ အရာရာက ပြောင်းလဲ လာတယ်။ ကျွန်တော် ၁၅ ၁၆ နှစ်လောက်မှာတော့ ဘောလုံးကစားရတာကို အတော်ဝါသနာပါ ပါတယ်။ ဘောလုံးပွဲတွေ ကြည့်တယ်။ ဂျာနယ်တွေ ဖတ်တယ်။ သူငယ်ချင်းတွေနဲ့ ကျောင်းပြန်ရင် ဘောလုံးကန်တယ်။ အဲဒီအချိန်တုန်းကဆို ဘောလုံးသမားတွေအကြောင်းတော်တော်သိတာပေါ့။ လူကြီးတွေကတောင် ပြောသေးတယ်။ ဒီကောင်လေးကို အကုန်မေး … သိတယ်ဆိုပဲ။ ကျွန်တော် အကြိုက်ဆုံး ဘောလုံးသမားက ဒေးဗစ်ဘက်ခမ်းပေါ့။ ဘောလုံးကစားရတာကို ဘယ်လောက်အထိ ရူးသွပ်မိလဲဆို ကျွန်တော့် ခြေထောက်တွေ ပေါက်ပြဲလို့ ဆေးခန်းခဏခဏသွားတဲ့ အထိ ဝါသနာထုံပါတယ်။ ၁၇ ၁၈ လောက်ကျတော့ နည်းနည်း ငြိမ်သွားပြန်ပါတယ်။ အဲဒီအချိန်မှာတော့ ဂစ်တာလေးဘာလေး တီးချင်လာပြီလေ။ အဲဒါနဲ့ ကျွန်တော့် အစ်ကိုတစ်ဝမ်းကွဲဆီမှာ ဂစ်တာတီးသင်ပါတယ်။ သူကလည်း ဂစ်တာသမားဆိုတော့ အဆင်ပြေပါတယ်။ အဆင်မပြေတာက ကျွန်တော်က ဂစ်တာမဝယ်နိုင်လို့ အစ်ကို့ဆီကနေ အိမ်ကို မနိုင့်တနိုင်သယ်ပြီး လေ့ကျင့်ရပါတယ်။ အဖေကလည်း ဂစ်တာတီးတာ သိပ်မကြိုက်ဘူးလေ။ ၁၇ နှစ်လောက်ဆိုတော့ လူကောင်က ဘယ်လောက်ရှိဦးမှာလဲ။ အဲလိုမျိုး ထမင်းမေ့ ဟင်းမေ့ လေ့ကျင့်ခဲ့ဖူးပါတယ်။ ကျွန်တော် အခုအချိန်မှာ ဖြစ်ခွင့်ရမယ်ဆိုရင် Steve Vai ၊ Synyster Gates တို့လို ဂစ်တာ ဟီးရိုးတွေ မဖြစ်နိုင်ပေမယ့် ကျွမ်းကျင် ပိုင်နိုင်တဲ့ Guitarist တယောက်တော့ ဖြစ်ချင်ပါသေးတယ်။ အခု လက်ရှိအရွယ်ကျတော့ ဝါသနာ တခုထပ်တိုးပြန်ပါပြီ။ ကဗျာရေးရတာပေါ့။ အရင်တုန်းကဆို အဲလိုမျိုး ယောင်လို့တောင် မတွေးမိပါဘူး။ ကျွန်တော် အားနေ ကာတွန်းစာအုပ်လောက်ပဲ ဖတ်နေတာ။ ဒါပေမယ့် အခွင့်သာလို့ ကဗျာတွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ ကဗျာဖတ်ရတော့ ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် အဲလိုမျိုးတွေ မရေးတတ်ခဲ့ပါဘူး။ အဲဒါကြောင့် ကဗျာတွေ ဖတ်ပြီး အတွေးတခုခုကို ထိထိမိမိတွေးလိုက်ရတာပဲ ဖြစ်ဖြစ် အားရကျေနပ်လာတယ်။ အဲဒါကြောင့် ကျွန်တော် ကဗျာရေးဖို့ ကြိုးစားခဲ့တာပါ။ အချိန်အခါတွေပဲ စကားပြောဦးမလားတော့ မသိပါဘူး။ ကဗျာရေးရတဲ့ အလုပ်ကိုတော့ ကျွန်တော် ကျေနပ်ပါတယ်။ ဘယ်တော့မှ မရေးဖြစ်တော့ဘူးဆိုရင်တောင် ကျွန်တော် ကဗျာတွေကို ဖတ်မှတ်နေဦးမှာပါ။
ကဲ .. မနှင်းဆီနက်ရေ . . . ကျေနပ်ပါနော်။ ကျွန်တော်လည်း မရေးတတ် ရေးတတ်နဲ့ ရေးလိုက်ပြီ။ ကျေနပ်ပါနော် ။ အမ …..
Monday, June 8, 2009
“တနင်္ဂနွေမှာ ချစ်သူကို ပန်မပေးဖြစ်ခဲ့သော နှင်းဆီနီနီ”
မည်သည့်အရာတခုကိုမှ ခြေမျက်စိက မငေးမိပါပဲ . . . ဖိနပ်က ချော်လဲသည်။ လမ်းမကိုငေး၊ ကိုယ့်လက်ကို ငုံမေး “ ဘယ်နှနာရီလဲ ” လို့ပေါ့လေ။ မှတ်တိုင်လေးမှာ လာရပ်စောင့်ကြ၊ ပြီးတော့ ထွက်ခွာသွားကြ . . . ကျွန်တော်ကသာ ဘယ်ဆီကို သွားရမည်လဲ။ စီးကရက်ငွေ့တွေ နှလုံးသားအတွင်း တိုးခက်ရွေ့သွားကြပြီ။ ထိုသို့ဖြင့် ကော်ဖီဆိုင်က ရောင်စုံထီးများသည်လည်း နေရောင်သွန်းသွန်းကို သူ၏ ခေါင်းပေါ်သို့ ထပ်ရွက်ထားနိုင်ခြင်း မရှိတော့ပါ။ ချက်ချင်းဆိုသလိုပင် မိုးတွေ နက်မှောင် လာပြန်သည်။ လက်နောက်ပစ်ထားသော နှင်းဆီပန်းတစည်းနှင့် အုံ့အုံ့မှိုင်းနေသော လူတယောက်အတွက် မိုးစက်တွေက ဘယ်လို သွန်းဆစ်မည်လဲ။ မကြာခင်မှာတော့ . . . အပြိုက်အပြိုက် မိုးတို့ ခုန်ဆင်းလာမည် ထင်သည်။
“မေ့ကို နှင်းဆီအနီရောင် ပန်မပေးပါနဲ့ . . . ကိုကိုရယ်”
ကျွန်တော့် ချစ်သူကပြောသည်။ ကျွန်တော်က ဥယျာဉ်းမှူးမဟုတ် . . . ဒါပေမယ့် . . . ချစ်သူကိုတော့ ပန်းတပွင့်ကို ပျိုးသော ဥယျာဉ်မှူးက ထိုပန်းပင်လေးကို ချစ်သလိုမျိုး ချစ်သည်။ သူမြတ်နိုးသလိုမျိုး မြတ်နိုးသည်။ နှင်းဆီလို သိုဝှက်မှုတွေဖြင့် ပဟေဠိ ဆန်သော ပန်းပွင့်အား ချစ်သူ ဆံမျှင်မှာ ဖူးပွင့်စေချင်သည်။ ရာသက်ပန် ဟူသော သဘောဆောင်ကာ တမြတ်တနိုး ပန်ဆင်ပေးလိုပါသည်။ သူမ မပန်လိုက . . .
ငှက်တွေက ဘာကြောင့် ပျံသန်းရတာလဲ ဟုစဉ်းစားမိသည်။ သူတို့မှာ လက်ချောင်း ဖြောင့်ဖြောင့်ကြီးတွေ ရှိလို့နေမှာပေါ့ လို့ ကျွန်တော်က ပြန်ဖြေချင်းဖြစ်သည်။ ထိုအဖြေကို ကျွန်တော်နှင့် ကျွန်တော် ငြင်းခုန်နေကြခြင်းဖြစ်သည်။
ငါ့ကို လာလာမနှိုးပါနဲ့. . .
ကြာသပတေး ကြယ်လေးရယ်. . .
ငါက . . . . ငါက
တချက်တချက်မှ ထ…ထ လင်းတတ်တဲ့
ပိုးစုန်းကြူးလို. . . အလင်းမှုန်ဖွဲ့ပြီး မပျံနိုင်တဲ့
ငှက်မျိုးပါ. . . .။
ချစ်သူဆီမှ တန်ဖိုးကြီးသော ပြင်သစ်ရေမွှေးရနံ့က ကျွန်တော့်ဝင်သက်ဆီမှ သင်းသင်းကလေး ဖြတ်သန်းသွားသည်။ အမြဲတမ်း ငေးမောနေမိသော်လည်း ယခုအချိန်ထိ အလွတ်မရသည်မှာ စက်ဝိုင်းဆန်သော သူမ၏ ပါးလေးနှစ်ဖက်ဖြစ်၏။ ချစ်သူကိုပဲ မြင်၍ ညနေကို မမြင်ရတော့ပါ။ သစ်ရွက်စိုစိုတို့ကလည်း ချစ်သူ၏ ရွှေအိုရောင် သမ်းသော ဆံမျှင်တို့နှင့် အပြိုင်အဆိုင် ရွှန်းရွှန်းစိုနေသည်။ ဖွဖွလျလျ ရှက်တိုက်သွားသော လေပြေငွေ့ငွေ့က ထိုဆံနွယ်တို့၏ မွှေးရနံ့ကိုလည်း ဆောင်ကျဉ်း၏။ လည်တိုင် ဖွေးဖွေးက ရွာပြီးကာစ မိုးလို၊ ပွင့်ချပ်ကလေးတွေပေါ်၌ ကပ်တင်ကျန်နေရစ်သော ရေစက်၊ ရေလုံးလေးများ သဖွယ် ချစ်စရာကောင်းနေတော့သည်။
“မေ”
“ရှင်”
“ . . . . . . . . . . . . . . . . . ”
“ကိုကို” . . .
“ ဟင် . . . ပြောလေ . . . မေ ”
“ မိုးကုတ်စက်ဝိုင်းရဲ့ ဟိုဘက်တခြမ်းမှာ ဘာတွေရှိသလဲ သိလား. . . ကိုကို . . . ”
“ အဲ . . . ကိုကိုတို့လိုပဲ လူသားတွေ ရှိမှာပေါ့ . . . ”
“ မဟုတ်ဘူး . . . ကိုကို” “ တကယ်တော့ ဟိုဘက်တခြမ်းမှာ ဒီဘက်စက်ဝိုင်းလို တခြမ်းပဲရှိနေမှာ. . . ”
“ အဲ . . . ”
“ ပြီးတော့လေ. . . မေ . . . သက်တန့်ကို စီးပြီး ဟိုဘက် ဒီဘက်ကူးကြည့်ချင်တယ်”
“မေ”
“ အင်းနော် . . . သက်တန့်ဆိုတာ မြင်ပဲ မြင်ရတာ . . . ထိတွေ့ ကိုင်တွယ်လို့မှ မရတာပဲနော် . . . ကိုကို”
“ မေ . . . ရယ်”
“ ဒါနဲ့ . . . ကိုကို . . . မေ့ကို နှင်းဆီပန်း မပန်ပေးနဲ့လို့ ပြောတာ ဘာဖြစ်လို့လဲ သိလား . . . ”
“ ဟင့်အင်း”
“ သြော် ... ဒီလိုလေ ပန်းပေးရင် အလှမ်းဝေးတယ်တဲ့ ကိုကိုရ … ဟိဟိ … တကယ်တော့ အဲလိုမဟုတ်ပါဘူး ကိုကိုရာ … ပန်းအနီက စီးလို့ပါ … ပန်းနီနီ မြင်ရင်လေ မေ့စိတ်ထဲ ဘယ်လိုဖြစ်မှန်း မသိဘူး ကိုကိုရယ်”
“ နှင်းဆီဆိုတာ. . . ”
“ သိတယ် . . . ကိုကို … မေ ပြန်ချင်ပြီ … နောက်တပါတ်ကျရင် ကိုကို ယူချင်ယူလာခဲ့လေ. . . ခုတော့ ပြန်ကြစို့ကွာ … နော် …”
ရေပြင်က ပြာသည် . . . ။ ကောင်းကင်က အုံမှိုင်းသည်။ တနင်္ဂနွေကတော့ မကူးခဲ့သေးပါ။ လေရိုင်းရိုင်းတို့ အဝေ့ အဝဲမှာ နှင်းဆီတွေ အပြိုင်းပြိုင်း လွင့်-ကျဲ-ဖွာ-ကျ. . . ။
ထိုရေမွှေးရနံ့မျိုး သူ. . . ရဖူးသည်။ ထိုအသံမျိုး သူကြားဖူးသည်။ မိုးတွေ အုံ့သည်းရွာကျလာသည်။ တကိုယ်လုံး တင်းကျပ်စွာ ပွေ့ဖက်သလို ခံစားရ၏။ ထိုမိုးကို ကျွန်တော် မမြင် . . . ထိုလေကို ကျွန်တော် မမြင်… ထိုရနံ့ကို ကျွန်တော် မမြင်. . . တနင်္ဂနွေကို မမြင်. . . ချစ်သူကို မမြင် . . . ကျွန်တော့်ကိုယ် ကျွန်တော် မမြင်. . .
ကျွန်တော် …… ချစ်သော “. . . . . ”
ချစ်သော “. . . . . ”
ချစ်သော “. . . . . ”
“ကျွန်တော် တနင်္ဂနွေမှာ ချစ်သူကို မပန်ပေးဖြစ်ခဲ့သော နှင်းဆီနီနီ . . . .
ချစ်သူကို မပန်ပေးဖြစ်ခဲ့သော နှင်းဆီနီနီ ကျွန်တော် တနင်္ဂနွေမှာ . . . . .
တနင်္ဂနွေမှာ ချစ်သူကို မပန်ပေးဖြစ်ခဲ့သော နှင်းဆီနီနီ ကျွန်တော် . . . . . ”
အဲဒီနေ့က မိုးတွေ ရွာလိုက်တာမှ. . . . . . . . . . . . . .
မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။
(တာရာမင်းဝေ)
Wednesday, May 27, 2009
အိပ်မက်တွေနဲ့ ဆောက်တဲ့ အိမ်
ငါက ချစ်သူလျှောက်တဲ့ လမ်းမှာ
ဖိနပ်သေးသေးလေး တရံဆိုပေမယ့်
အားမငယ်ပါဘူး . . .
ရာသီဥတုတိုင်းမှာ လိုက်ပါခွင့်ရှိတယ်. . .
နွေတွေ ဘယ်လောက်ပူပူ
ဆောင်းတွေ ဘယ်လောက်ငွေ့ငွေ့
ရင်မှာ သူတို့မသိအောင် လွမ်းနေရုံ. . .
(မတတ်သာလို့ မိုးသံလေသံတွေပါလာတဲ့အခါ
မင်းစိုမှာ စိုးလွန်းလို့ပါကွယ်)
တနင်္ဂနွေတိုင်းရဲ့ အထိမ်းအမှတ်ကျောက်စာ
ချစ်သူ လျှောက်သော လမ်းကိုသာ
ငါနမ်းလိုပါရဲ့ . . .
စွယ်တော်ရွက်က တခြမ်းထဲ
မရပ်တည်သလို . . .
ငါကလဲ မှောင်မိုက်မိုက်ကမ္ဘာမှာ
မင်းရဲ့အလင်းကိုသာ “တမ်း”
လရောင်ကို “ဆမ်း” လိုတယ်
လေပူတွေ ရမ်းရမ်းသွေ့သွေ့
မျှော်လင့်ချက်တွေက သမုဒ္ဒရာကြီးတခုအတိုင်း
တိုက်ပလေ့စေ. . .
ကောင်းကင်ကို အုပ်သိုင်းသွားအောင်
တိုက်ပလေ့စေ. . .
လက်တွေ တွဲမြဲမြဲတွဲ
အဲဒီလေရိုင်းတွေ ထိုးခွဲပစ်မယ်
၁ - ၂ - ၃- ၎
စာလေးလုံးနဲ့ သီကုံးထားတဲ့
အက္ခရာပွင့်လေးတွေက မီးပြတိုက်ကြီးအတိုင်း
အလင်းတွေ ကွန့်မြူလို့. . .
“ကယ်ပါ” . . . “ဖေးမပါ”
တေပေရူးထ. . . ဟော့ဒီလူဆိုးတယောက်ကို
တမ်းတနေရတဲ့ နွံထဲက
ဆွဲထူပါ. . . ချစ်သူရေ
တခါတလေတော့
လူ့သဘာဝအရ မုန်တိုင်းတွေညှိုး. . .
ငါတို့ရဲ့ရာသီဥတုလေး နွမ်းလျသွားမှာစိုးလို့
ရင်ထဲမှာ မိုးတိမ်တွေ ဝှက်ထားခဲ့ဖူးတယ်
ဘဝဆိုတာ လမ်းလျှောက်ရသလိုပဲ
ဘယ်တော့မှ ခလုတ်ကသင်းတွေနဲ့မလွတ်ဘူး
ရဲရဲလျှောက်လိုက် ချစ်သူရယ်
(ငါကမင်းလိုရာသုံးဖို့ ဖဲတချပ်ဆိုတာမေ့မထားနဲ့)
လေတွေ ဘယ်လောက်တိုက်တိုက်
မိုးတွေ ဘယ်လောက်ခိုက်ခိုက်
သူတို့မရှိတဲ့အရပ်ကို
ကိုယ့်အတောင်နဲ့ ကိုယ်ပျံသန်းကြမယ်. . . ချစ်သူရေ
အလွမ်းက ပန်းတို့နှင့်အပြိုင်အဆိုင်
ပွင့်ဝေမွှေးမြ . . .
လေထဲဆောက်တဲ့အိမ်လို ခရီးတွေဆုံးလည်း
ညွှတ်ဝပ်ဆင်းမကျ. . .
ယုံကြည်ပါတယ်. . .
သွားပါများ ခရီးရောက်မှာပေါ့ကွယ်
ချစ်သူရေ. . .
သွားပါများ ခရီးရောက်မှာပါကွယ်
ချစ်တယ် “. . . . . . .”
ချစ်တယ် “. . . . . . .”
ချစ်တယ် “. . . . . . .”
အဲဒါ နှလုံးခုန်တိုင်း
ကျယ်လောင်စွာ မြည်ဟီးတုန်ခါနေတဲ့
ဗုံသံတွေပဲ . . .
ကြားပါရဲ့လား ချစ်သူရယ်. . .
“. . . . . . .”
“. . . . . . .”
“. . . . . . .” ။ ။
Wednesday, May 20, 2009
အငြှိုး
အကောင်းနေ့လို့ခေါ်တဲ့ နာမည်ကို
ကျီးထိုး ခွေးစားခံလိုက်ရတဲ့နေ့မှာ
တနင်္ဂနွေဟာ လှောင်ကြုတ်ထဲ ထည့်ခံထားရတယ်. . .
ဘယ်ခရီးမဆို အခြောက်အသွေ့
အကြမ်းအတမ်းတော့ မရှိပဲ နေလိမ့်မလဲ. . .
လူနဲ့ဝင်ဆံ့မှုဆိုတာရှိလာတော့လည်း
တဒေါင်လောက်ထွက်နေတဲ့ ဖိနပ်စီးပြီး
ငါ့ကိုယ်ငါ ရှိုးထုတ်ချင်မိတယ်. . .
ငါဘာလဲသိဖို့ ငါကပဲပြန်မေးလိုက်တယ်
ငါ့ဆီက တစိတ်လာဖဲ့ယူရင်. . .
(တောင်းယူတာကလွဲလို့)
တပိုင်းလောက် အတင်းပြန်ထိုးပေးလိုက်ချင်သူပါကွယ်. . .
မိုးပျံပူပေါင်းလို ငါလည်း ငါနိုင်တဲ့ ဝန်တော့
သယ်ပေးချင်တယ်. . .
အခွံတော့ အခွံပေါ့ ပြတိုက်ပို့ရင်
ဈေးကောင်း၊ မကောင်းလဲ သိချင်သေးတယ်. . .
ပွင့်ချပ်ပါးပါးလွှာလွှာတွေဟာလဲ
သူတို့ လက်သည်းခပ်စိပ်စိပ်ကို
ဖွက်ထားတတ်တယ် . . .
နှင်းအိပ်မက်သံကိုကြားတဲ့အခါ
ငါချစ်ရတဲ့သူဟာ မုန်းတိုင်းတွေ ပွင့်တော့မလိုနဲ့
ရာသီကို ငြိမ်းမြစေတယ်. . .
မိုးလေဝသ သာမြေ့တော့မလိုနဲ့
ရင်ခွင်ကို လှိုင်းတွေနဲ့ပစ်ပေါက်တယ်. . .
နောက်ဆုံးမှာ. . .
အနီးစပ်ဆုံး ကျောဘက်က ဓါးနဲ့လက်ဆိုတာ
သိပါရက်နဲ့လည်း . . . လုံခြုံရှင်းလင်းစွာ
ခေါင်းငုံ့. . .
နှင်းဆီဗုံးကွဲတဲ့အခါလည်း ငါ့မှာ. . .
မိုးသာမျက်ရည်တွေနဲ့. . .
ငါ့စိတ် ငါပြန်စမ်းတဲ့အခါ
မထွားကြိုင်းတာကို တွေ့ရ. . .
ငါ့ကိုယ် ငါပြန်မြင်တဲ့အခါ
ရေမှော်ကလေးဖြစ်နေတာကိုတွေ့ရ. . .
ဒါပေမယ့် . . .
ဖြူစင်မြင့်မြတ်ခြင်းကိုလည်း
ငါတွေ့လိုက်ရတယ်. . .
ခွင့်ပြုပေးကြပါ. . .
တခါတလေ. . .
မှော်ရုံမှာ မြင်းခွာသံတွေစိုင်း
ငါ. . . ရိုင်းကြည့်ချင်တယ်. . .
Tuesday, May 12, 2009
“စည်းမျဉ်းတစ်ခုရဲ့ ဖွက်ထားတဲ့ သီချင်း”
အလင်းကွဲသံတွေလို. . .
မြေပြင်ခပ်နိမ့်နိမ့်က လှံတံတွေထိုးစိုက်ဖို့
သက်သက်ပါပဲ. . .
စာလုံးပေါင်းသက်ပုံချင်းမတူသလို
အချစ်နဲ့ ဘဝဟာလည်း ကွဲပြားတယ်. . .
လူဆိုတာ ဘောင်အကွပ်တွေထဲက
မထူးနိုင်သေးတဲ့ ခံစားချက်ကိုယ်စီကို
ကျောသပ်မွေးဖြူ. . .
မှော်ရုံ. . . မြို့ပြကို သက်တန့်နဲ့ကူး
ခလုတ်က ဆူးတော့မှ . . . ခြေလှမ်းက တိတ်တော့တယ်
အမှောင်ကမဖွင့်ပေးလဲ ကိုယ်က
အလင်းထဲ တိုးမဝင်ချင်ပါဘူးကွယ်
အဲဒီလိုပဲ. . .
ဘယ်သူ့. . . ဘယ်သူကိုမှလည်း
လှောင်အိမ်ထဲ ထည့်မသိပ်ချင်ဘူး
အမိုးမလုံတဲ့ အလွမ်းကိုဆွဲခွာ
ရနံ့တွေပုန်းခို စိုက်ပျိုးနေရုံနဲ့
ဘဝကို စိတ်ရှည်လက်ရှည်
ချရေးချင်ပါတယ်. . .
နေလည်း ကွယ်ပြီ
သီချင်းတွေလည်း တိတ်ပြီ. . .
မျက်စိတကွယ်စာအတွက်
ဖွက်ဖို့. . . ဝှက်ဖို့လည်း
မလိုပါဘူးကွယ်. . .
အဲဒီလိုပါပဲ
ဝိရောဓိ တခုအဆုံးမသတ်ခင်
စံပယ်တွေ လှိုက်လှိုက်သည်းနင့် ဝေးသွား
ခွာသံတွေ မိုးမချုပ်ကြဖို့အတွက်
ပဝါဖြူတထည် လွှင့်လို့
နွေတွေ. . .
ရွာချလိုက်ကြရုံ. . .။ ။
ကချေသည်မလေးရဲ့ ခရာသံ
ပန်းပွင့်က အက်သုဉ်း
ပင်လယ်က စစ်တပ်ကိုချီလာပြီ. . .
လေပြေက လှောင်အိမ်ကိုဖွင့်
သူ့ကိုယ်သူ ဘောင်တွေကွပ်ဖို့
ရယ်သံတွေကို စားသုံး. . .
တိုးတိုးဆိတ်ဆိတ်နဲ့ ရွာသူကရွာ
ကျိုးကျိုးပျက်ပျက်နဲ့ တိတ်သူကတိတ်
မီးတောက်ကြီးတခု. . .
ပင်စည်ရုံးကို ဝါးမျိုလိုက်သလို
မိုးတွေကိုလည်း စိုးစေခဲ့ပြီ. . .
လောကဟာ စစ်တလင်းတခင်းအတိုင်း
သွေး-တန်း-တိတ်-ဆုံး လို့. . .
အားလုံးအဆုံးမှာ. . .
ခရာရှည်မှုတ်သံက. . .
မြို့ကလေးရဲ့ မျက်ရည်ရနံ့ကိုတော့
ထိန်ချန်ထားခဲ့ရတယ်. . .။
(သောတ)
(နာဂစ် တစ်နှစ်ပြည့် အမှတ်တရ ကဗျာ)
စာအုပ်ကလေးရဲ့ တရာသီစာအလွမ်း
မှင်တွေကို ငိုခိုင်းစေလိုက်မှ
လွမ်းလို့ ဆိုပြီး. . .
ခေါင်းစဉ်မတပ်လိုက်ကြပါနဲ့. . .
နှလုံးခုန်သံတွေ မြန်လွန်းတော့
အသက်ရှူဖို့ကို မေ့ပြီး. . .
သတိမရအောင် လုပ်ဖို့ကိုသာ
သတိရတော့တယ်. . .
ကောင်မလေးရေ. . .
ကယ်ပါလို့ မပြောချင်ပေမယ့်
ကယ်ပါလို့ပဲ ပြောမိတယ်. . .
ခြေလှမ်းလေးတွေ ပန်းပွင့်လာ
အပြုံးလေးတွေ မြင်ရတွေ့ရ နိုးထလာ
နှိုးစက်လေးနဲ့ သတိရခြင်းစာမျက်နှာ
တနေ့ရဲ့ ဒိုင်ယာရီတခြမ်း သေဆုံး
ကိုယ့်အမြစ်ကိုယ်လှန်တဲ့ သစ်ပင်
အုတ်ခဲကြားက မြက်ရိုင်းအိပ်မက်
အားလုံးဟာ စာရွက်တွေပေါ်မှာပဲ
ကခုန်တီးမှုတ် သီချင်းတပုဒ်
လုပ်လိုက်ကြတယ်. . .
အားလုံးကလဲ ချစ်သူဖတ်ဖို့
ရေးထားတဲ့ အလကာင်္တွေပါ
ဘာကိုမှ ဆုတ်ကိုင်ထားခွင့်မရှိပါဘူး. . .
ကောင်မလေးရေ. . .
ငါ့ယဉ်ကျေးမှုလေးနဲ့ပဲ
ငါလွမ်းနေချင်တယ်. . .။
တယ်လီဖုန်း
Saturday, May 9, 2009
နှင်းဝေသို့. . . ကဗျာတစ်ပုဒ်
အလွမ်းတွေ ရောယှက်နေရင်း…
တစ်ကျိုက်ပြီး တစ်ကျိုက်မော့သောက်မိတယ်
အလွမ်းတွေမျောပါမိရက်သား
ကုန်လွယ်တဲ့ စက်ဝိုင်းဝန်းညလေးကို
မျှောမချမိဘူး…
နှင်းဝေရေ…
ငါရဲ့ လွမ်းဆွတ်မှုလေးတွေ
နင့် မီးရောင်လေးနောက်ကို
ပြေးလိုက်ကြတော့မယ်
မီးအိမ်လေးတော့ လွတ်မချလိုက်ပါနဲ့
ရူးမိသူရဲ့ ပန်းလကာင်္တွေကို
ညီညီစီစီ သီကုံး…
နင့်အတွက် ကဗျာတွေ
ရေးနေဦးမယ်ကွဲ့
စကားလုံးတွေ ပြည့်ကျပ်နေတဲ့
ကောင်းကင်ကို
နင့်ကိုဘယ်လောက်ချစ်သလဲလို့
တစ်စုံတစ်ရာ မေးကြည့်ပါ…
သတ်ပုံတွေ မှားမှား
စာလုံးပေါင်းတွေ မှားမှား
အလကာၤေတြ မွားမွား
အဖြေက တူနေလိမ့်မယ်
နှင်းဝေရေ…
နင့်ကို ခြံရံနေတဲ့
ပျားကောင်တွေကို
ရဲရဲဝံ့ဝံ့ စစ်ကြေညာလိုက်ပါရဲ့
ငါ့အတွက်ပွင့်သော
တစ်ပွင့်တည်းသောပန်းဟာ
နင်ဖြစ်တယ်ဆိုတာကိုပေါ့…
ပန်းခူးသူတွေရဲ့ လက်တွေထဲမှာ
အဆိပ်ငွေ့တွေပါမယ်..
ဝှက်ဖဲတွေပါမယ်
ညှိုးနွမ်းချင်းတွေ
ပါနေမှာပဲကွယ်
ကိုယ့်ကို ချိုမြစေမယ့်
ငြိမ့်ညောင်းညောင်းတေးတစ်ပုဒ်ကို
ရွေးပြီး….တစ်ဘဝမှေးစက်လိုက်ပါ
နှင်းဝေရေ…
ငါလျှောက်တဲ့ ခရီးက
အပိုင်းအကန့်တွေ မရှိဘူး
ခရီးအဆုံးကို မသိဘူး
လျှောက်မြဲလျှောက်နေရတာမို့
နင့်လက်ကို စွဲကိုင်ထားဖို့
အားအင်တွေ မရှိသေးပါဘူးကွယ်
ငါ့နှလုံးတစ်ချက်ခုန်တိုင်းမှာ
နင့်အတွက်တီးတဲ့ ဗုံသံတွေက
တစီတရီ…
အမုန်းတံတိုင်းတွေကလည်း
ကွာကျခဲ့ရပြီ…
ချစ်တဲ့ နှင်းဝေရေ
အန္တန ချစ်ခြင်းအတွက်
ငါ့ကိုယ်ငါ ဂုဏ်ယူမိနေတော့တာပဲကွယ်
ကောက်ရိုးပုံစောင့်တဲ့ သတ္တဝါဖြစ်မလား
နင့်ပွင့်ချပ်ပေါ်က ရေတစ်စက်ဖြစ်မလားဆို
ခွေးလေးတစ်ကောင်အဖြစ်
အနားက တစ်ဖဝါးမှ မခွာပဲ
ကောက်ရိုးပုံလေးကို စောင့်ကြည့်ချင်ပါရဲ့
အိုး….
ပျားအပေါင်းတို့ရေ
ငါဟာ ကလောင်တစ်လက်ရဲ့
အရှင်သခင်ဖြစ်တယ်…
ပျားအပေါင်းတို့ရေ
ဘယ်သူ့ချစ်ခြင်းက ပိုမြတ်ပါသလဲ…
ဘယ်လောက်များ ချစ်သူကို တင်စားနိုင်ပါသလဲ
နှင်းဝေရေ…
နင့်ရဲ့ ရွှေရုပ်လွှာကို တပ်မက်ကြတဲ့
ခေတ်သမိုင်းကြောင်းတွေရဲ့
သားကောင်ထဲမှာ ငါမပါဘူး
အိုင်တွေတဲ့ နေရာတိုင်းမှာ
ခြေဆင်းပြီး အများမြင်အောင်
လွမ်းမပြတတ်တာ..
ငါ့ရဲ့ မွေးရာပါ အကျင့်တစ်ခုဖြစ်လေရဲ့
ကော်ခွက်နဲ့ရွှေခွက်နဲ့ ကွာချင်ကွာမှာပေါ့လေ
ဒါပေမယ့်…ဖြူဖြူစင်စင်လေးပဲ
နင့်ကို “ခယ” ချင်တယ်
ဆောင်းညလေးကတော့
စွဲငင်သွားမိတဲ့ ဆံနွယ်ရနံ့လေးကို
လျှစ်လျှူ မရှူ့ထားနိုင်ခဲ့ဘူးကွယ်…
အခုတော့…
အခန်းကျဉ်လေးမှာ တစ်ယောက်ထဲ
ထီးထီးကျန်ကျန် ရှိုက်ငင်နေတယ်…
နင်မြင်ပါရဲ့လား
နှင်းဝေရယ်
သဲနုကလေးတွေ တွန်းခေါက်မွေလျသွား…
စံပယ်ဖြူလေးတွေ နွမ်းလျကြေမွသွား…
ဒီတစ်ညတော့ ကဗျာတစ်ပုဒ်ကို
နင်က အလှဆင်သွားပြီကွဲ့…
မြူခြေတွေ ဆိုင်းတွယ်ရစ်ပတ်
လျှောက်ရာလမ်းကလေးတွေမှာ
ဖွဲ့မှုန်တွေ ဆမ်းသွားပါတဲ့
လမ်းပြကြယ်ရေ
နင့်ရဲ့ နွေးနွေးထွေးထွေးရင်ခွင်မှာ
အိပ်စက်နေချင်တယ်
ချစ်သော နှင်းဝေ…
အခုလောက်ဆို ငါတို့ အလွမ်းလေးတွေ
တစ်နေရာမှာ ဆုံစည်းနေကြတော့မယ်ထင်ရဲ့
ညကရှည်တော့ ကဗျာလေးတစ်ပုဒ်နဲ့ပဲ
တမ်းတနိုင်ပါတယ်ကွယ်….
ရယ်သံတွေပျက်တောက်
ပွင့်ချပ်အိုတွေကို ဆွဲခေါက်သွားတဲ့
ချစ်သူရေ…..
ငါတို့ရဲ့ တနင်္ဂနွေတိုင်းကို
ပိတ်ထားတဲ့ တံခါးနှစ်ချပ်လို
စီးဆင်းလိုက်ကြပါစို့ကွယ်
နှင်းဝေရေ…
နှင်းဝေရေ…
နှင်းဝေရေ…
အချိန်ဆိုတဲ့ ဝိုင်းစက်စက်ကြီးက
ငါတို့ကို ရပ်စောင့်နေတာ
သူ့ကို မှင်နီတွေ တားလိုက်ရအောင်ကွယ်
ငါခြစ်တောက်လိုက်တဲ့
နောက်ဆုံးမီးတောက်…
တိုးလို့မရောက်ခဲ့ရင်တောင်
ကဗျာလေးတွေ ဖတ်ဖောက်
အလွမ်းတွေကို….
ဖျက်တောက်ထားလိုက်ပေါ့ကွယ်။ ။
အလွမ်းရောင်
တွယ်ကပ်မှုမျိုးနဲ့ ခပ်မို့မို့ တိမ်စိုင်လေးတစ်ခုပါကွယ်
နတ်ဘုရားမလေးရဲ့ ရှေ့ပြေးသူရဲကောင်းတွေထဲမှာ
နံပါတ်စဉ်တပ်ရခက်တဲ့ သိုးကျောင်းသားငယ်လေးပေါ့
နှံကောင်လေးရဲ့ညစဉ်မက်နေတဲ့
မပီမပြင် အိပ်မက်လေးကို
ငါကြား ကြားနေရတာ
စိတ်မကောင်းစရာပါပဲ…
ငါ့ရင်ခွင်တစ်ခုလုံး ဗရုတ်သုက္ခမွှေနှောက်သွားတဲ့
အလွမ်းတွေက ပြောပါတယ်…
တစ်ချို့နောက်ပြောင်ကျီစယ်မှုတွေမှာ
အမှန်တစ်ခက်တော့ ပါနေတတ်တယ်တဲ့…
ဘာကြောင့် ချောင်းငယ်လေးကိုမှ
ကွေ့ပတ်စီးဆင်းချင်တာလဲကွယ်..
ရေမှတ်မသိတော့တဲ့ လက်ဝဲတစ်နေရာကို
နင်ရဲ့ ရယ်သံတွေက ကြတ်ခြေခတ်သွားခဲ့..
ရာစုအသစ်တွေရဲ့ နတ်ဘုရားမရယ်
ရိုးရိုးသားသားလေးပဲ နင့်ကိုချစ်ချင်ရဲ့
နောက်ဆုံးတော့လည်း…တေလေတိုရဲ့ အနာဂတ်ဟာ
အိပ်နေတဲ့ သင်္ချိုင်းက လူတွေလိုပါပဲကွယ်…
အများမက်တဲ့ အိပ်မက်….
အများသုံးတဲ့ စကားလုံးအသေ
အများဖတ်တဲ့ သတင်းတစ်ရွက်ကို ဖတ်ဖို့
ငါ့မှာ ခွန်အားတွေ ပါမလာခဲ့ဘူးကွဲ့…
နင်ကျောပြင်မှာ ဝဲနေတဲ့ဆံနွယ်စတွေကို
ကြည့်ရင်း ကျန်နေခဲ့ရဲပါတယ်…
အမုန်းဆိုတာ ချစ်တတ်သူတို့ မွေးဖွားလာကြတဲ့
သန္ဓေသားလေး ဖြစ်တယ်ကွဲ့…
ဆံနွယ်ရှည်ကို မြတ်နိုးသူရေ…
ဒါက ကလေးတစ်ယောက်ရဲ့ လိုချင်တာမရတဲ့
ဟစ်ကြွေး သံတွေ ဖြစ်နိုင်ပါရဲ့…
အဲလိုနဲ့ငါ့မနက်ခင်းလေးဟာ
မီးမြိုက်မှုဆန်လာရ…တစ်လမ်းကိုရွေးပေးလိုက်ပါ…
နတ်ဘုရားလေးရယ်
ငါက နင်ပြောနေကြ ကလေးတစ်ယောက်ရဲ့
တွယ်ကပ်မှုမျိုးနဲ့ ခပ်မို့မို့ တိမ်စိုင်းကလေးတစ်ခုပါပဲကွယ်…။ ။
ညီမလေးဖွင့်ထွက်သွားတဲ့ လှောင်အိမ်
ကိုယ့်ရင်ဘတ် ကိုယ်ပဲ ဆွဲဖွင့်ပြီး
မှောက်ချပစ်ခဲ့ဖူးတယ်
ဂစ်တာမပါဘဲ သီချင်းတွေဆိုလာတတ်ခဲ့တာလဲ
ပန်းပွင့်လေးလိုဖြူစင်တဲ့ ညီမလေးကြောင့်ပါပဲ
ကိုယ့်ရှေ့မှာသော့ချိတ်လေးရှိတယ်
သူက သူ့ပါးစပ်သူပိတ်ထားမယ်
သံတိုင်မှာလည်း ညီမလေးခြေလှမ်းတွေ
ပန်းပွင့်သွားခဲ့လို့ . . .
အလင်္ကာတွေကိုတော့ ဖွင့်မထုတ်ပစ်ခဲ့ပါဘူး
အဲဒီ ပန်းခူးခွင့်ဆိုတာ
ကိုယ့်အတွက် ထက်ပိုင်းကျိုးလကိုမျှော်ငေးနေရသလို
ညီမလေးကို ခူးဆွတ်ခွင့်မရှိခဲ့. . .
လူကိုပြုစားတတ်တဲ့လောကရဲ့
မှော်ဆရာရေ. . .
သက်တန့်ဆိုတာ အလှကြည့်ဖို့သက်သက်ပါ
အမှောင်နဲ့အလင်းကို ပေါင်းစပ်မရသလို
ညီမလေးအတွက် ချစ်ခြင်းဆိုတာလည်း
သွားလမ်းတစ်ခုတည်း ဖွင့်ပေးထားတဲ့
မမျှော်လင့်ခြင်းသာရှိတဲ့ ရပ်ဝန်းတစ်ခုပါပဲကွယ်
ညီမလေးက တံခါးတွေပိတ်သွားခဲ့တယ်
နေဝင်သီချင်းတွေ ဆွေးဆွေးမြေ့မြေ့
လွှင့်ပစ်ခံ သို့မဟုတ် စွန့်ပစ်ခံ
တူတူ ပွင့်စွင့်ခဲ့. . . တူတူလင်းထွင်းခဲ့. . .
မပြီးဆုံးတဲ့သီချင်းကိုလည်း
ဂီတသံမပါပဲ ကိုယ်တစ်ယောက်တည်း
ဆိုညည်းနေဆဲပဲ
အဲဒီအတွက် ညီမလေးဆိုတာ
ပန်းပွင့်လှောင်အိမ်လေးအဖြစ်
ကိုယ့်နှလုံးသားမှာ ပျောက်ရှမသွားခဲ့ဘူး
ဟောင်းမြခဲ့. . . နှောင်းမြေ့ခဲ့. . .
တစ်ယောက်တည်းဖြစ်နေတဲ့
လက်ဝဲတစ်နေရာကိုတော့
ဘာလို့ တံခါးပိတ်မသွားခဲ့တာလဲ
ညီမလေးရယ်. . .။ ။
မိုးစုန်းစုန်းချုပ် ဒဏ်ရာညနေများ
သပ်ချလိုက်တာ
သွေးတွေ နီစွန်းလို့
ဆူးပွင့်ကလေးရဲ့ တံခါးဝမှာ
မှိုင်းမှုန်ရီဝေ….
ကိုယ်ဟာ ပုလင်းကွဲတစ်လုံးလို
ကြေမွသွား….
မိုင်တိုင်တွေ တအုပ်ပြီးတအုပ်ဖြတ်ရတာ
အပြုံးတွေနဲ့အပိတ်လှောင်ခံရမယ့်
သတ္တဝါတစ်ကောင်လိုပါပဲကွယ်
နေကိုမြင်ပါတယ်
နေက ကိုယ့်ကို မမြင်ဘူး
ဘာများဆန်းလဲကွယ်
ခြေလှမ်းတွေ အပုပ်ခံပြီး
အိပ်မက်တွေ တိမ်းမှောက်ခဲ့ရတာပဲ
ညီမလေးရေ…
မင်းတို့ရဲ့ ရွှေရောင်သင်္ကေတနဲ့
ကိုယ့်ကို ချွတ်ချော်မှိန်းပျောက်အောင်တော့
ပစ်မပေါက်လိုက်ပါနဲ့ကွယ်
မျဉ်းကွေးလေးတွေ ကိုယ့်ကို
လောင်ကျွမ်းကြ…
မိုးတွေလည်း ကိုယ့်တစ်ယောက်ထဲကို
တိတ်တိတ်လေး ရွာချကြ
အဲဒီညနေကတော့
သောက်သမျှဆေးတွေလည်း
အဆိပ်အတောက်တွေဖြစ်နေတော့တာပဲကွယ်
ဘယ်လိုများလဲ…
မြက်ခင်းတွေပေါ်မှာ ကျောခင်းအိပ်တဲ့လူ
မင်းမျက်စောင်းလေး တစ်ချက်စောင့်ငဲ့စရာတောင်မရှိပါဘူးကွယ်
ဝမ်းမနည်းကြေး…..
ကိုယ့်အိပ်မက်တွေကို
ပွင့်ချပ်တွေနဲ့ပြန်လည်ချယ်သကြရုံ
ဘာဖြစ်သေးလဲ
မြူခိုးတွေလည်း မြို့ကိုဖုံးအုပ်ထားနိုင်တာပဲ……
ဒိုင်ယာရီလေး….
ငါနဲ့အတူ အတုံးအရုံးလဲကျ
ပြန်လှည့်လာဖို့လည်း မတောင်းဆိုတော့ပါဘူးကွယ်
ညီမလေးရေ…
ငါရဲ့ခပ်နိမ့်နိမ့်မြေကိုနင်း
အဆိပ်တွေနဲ့ငါ့ကိုထိုးစိုက်
ရွှေရောင်မနက်ဖြန်တွေကို ညနေခင်းနဲ့
လက်ချင်းချိတ်ပြီး… ဟိုးအဝေးကို
ပျံသန်းလိုက်ပါတော့ကွယ်။
ညီမလေး အတွက်(၄)
ညီမလေး ပိတ်သွားခဲ့တဲ့
နွေတံခါးမှာ ငိုသံတွေ
ထစ်ထစ်ချုန်းနေပြီ
ဘယ်သူနဲ့မှ မတူတော့ပါဘူး
သစ်ရွက်ကြွေတိုင်း စိတ်က တလွင့်လွင့်နဲ့
ဘာမှ ပြန်မရတဲ့အဆုံး
အဲဒီ အပြာရောင်ညလေးကိုပဲ လွှင့်ပစ်လိုက်မိတယ်
နွေရာသီတွေ ပြန်သွားခဲ့ပြီ
ညီမလေး. . .
နွေရာသီဆီ ပြန်သွားခဲ့ပြီ
ညီမလေး
ငါ့ရဲ့ ပြတိုက်ထဲက
ညီမလေး
ငါ့ရဲ့စာကြည့်တိုက်ထဲက
ညီမလေး
ပိတ်ထားတဲ့ တံခါးတွေကို
ခတ်တဲ့သော့က ညီမလေးရဲ့
ခြေလှမ်းနက်နက်တွေဆီ
ပါသွားခဲ့ပြီကွယ်. . .
ညီမလေးရေ. . .
မျက်ကန်းတစ်ယောက်လို
တစ္ဆေမကြောက်. . .
လောကလေကို ဆန်လိုက်ချင်ပါရဲ့
စိုနေတဲ့ မိုး ဆူးနေတဲ့ လမ်း. . .
ငါ့အတွက်. . . ကျိန်စာတို့ကမ္ဘာဦးမှာပဲ သင့်ခဲ့သလား
ညီမလေးရယ်. . .
ငါဟာ အန္ဓပါ. . .ငါဟာ အနတ္တပါကွယ်. . .
အခုတော့. . .
ညီမလေး ပိတ်သွားခဲ့တဲ့
နွေတံခါးမှာ ငိုသံတွေ
ထစ်ထစ်ချုန်းနေရပြီ. . .။