Saturday, May 9, 2009

ညီမလေး အတွက်(၄)

အခုတော့. . .
ညီမလေး ပိတ်သွားခဲ့တဲ့
နွေတံခါးမှာ ငိုသံတွေ
ထစ်ထစ်ချုန်းနေပြီ

ဘယ်သူနဲ့မှ မတူတော့ပါဘူး
သစ်ရွက်ကြွေတိုင်း စိတ်က တလွင့်လွင့်နဲ့
ဘာမှ ပြန်မရတဲ့အဆုံး
အဲဒီ အပြာရောင်ညလေးကိုပဲ လွှင့်ပစ်လိုက်မိတယ်

နွေရာသီတွေ ပြန်သွားခဲ့ပြီ
ညီမလေး. . .
နွေရာသီဆီ ပြန်သွားခဲ့ပြီ
ညီမလေး
ငါ့ရဲ့ ပြတိုက်ထဲက
ညီမလေး
ငါ့ရဲ့စာကြည့်တိုက်ထဲက
ညီမလေး
ပိတ်ထားတဲ့ တံခါးတွေကို
ခတ်တဲ့သော့က ညီမလေးရဲ့
ခြေလှမ်းနက်နက်တွေဆီ
ပါသွားခဲ့ပြီကွယ်. . .

ညီမလေးရေ. . .
မျက်ကန်းတစ်ယောက်လို
တစ္ဆေမကြောက်. . .
လောကလေကို ဆန်လိုက်ချင်ပါရဲ့

စိုနေတဲ့ မိုး ဆူးနေတဲ့ လမ်း. . .
ငါ့အတွက်. . . ကျိန်စာတို့ကမ္ဘာဦးမှာပဲ သင့်ခဲ့သလား
ညီမလေးရယ်. . .

ငါဟာ အန္ဓပါ. . .ငါဟာ အနတ္တပါကွယ်. . .
အခုတော့. . .
ညီမလေး ပိတ်သွားခဲ့တဲ့
နွေတံခါးမှာ ငိုသံတွေ
ထစ်ထစ်ချုန်းနေရပြီ. . .။

No comments:

Post a Comment