Wednesday, May 27, 2009

အိပ်မက်တွေနဲ့ ဆောက်တဲ့ အိမ်


















ငါက ချစ်သူလျှောက်တဲ့ လမ်းမှာ

ဖိနပ်သေးသေးလေး တရံဆိုပေမယ့်

အားမငယ်ပါဘူး . . .

ရာသီဥတုတိုင်းမှာ လိုက်ပါခွင့်ရှိတယ်. . .


နွေတွေ ဘယ်လောက်ပူပူ

ဆောင်းတွေ ဘယ်လောက်ငွေ့ငွေ့

ရင်မှာ သူတို့မသိအောင် လွမ်းနေရုံ. . .

(မတတ်သာလို့ မိုးသံလေသံတွေပါလာတဲ့အခါ

မင်းစိုမှာ စိုးလွန်းလို့ပါကွယ်)


တနင်္ဂနွေတိုင်းရဲ့ အထိမ်းအမှတ်ကျောက်စာ

ချစ်သူ လျှောက်သော လမ်းကိုသာ

ငါနမ်းလိုပါရဲ့ . . .


စွယ်တော်ရွက်က တခြမ်းထဲ

မရပ်တည်သလို . . .

ငါကလဲ မှောင်မိုက်မိုက်ကမ္ဘာမှာ

မင်းရဲ့အလင်းကိုသာ တမ်း

လရောင်ကို ဆမ်း လိုတယ်


လေပူတွေ ရမ်းရမ်းသွေ့သွေ့

မျှော်လင့်ချက်တွေက သမုဒ္ဒရာကြီးတခုအတိုင်း

တိုက်ပလေ့စေ. . .

ကောင်းကင်ကို အုပ်သိုင်းသွားအောင်

တိုက်ပလေ့စေ. . .

လက်တွေ တွဲမြဲမြဲတွဲ

အဲဒီလေရိုင်းတွေ ထိုးခွဲပစ်မယ်


၁ - ၂ - ၃- ၎

စာလေးလုံးနဲ့ သီကုံးထားတဲ့

အက္ခရာပွင့်လေးတွေက မီးပြတိုက်ကြီးအတိုင်း

အလင်းတွေ ကွန့်မြူလို့. . .


ကယ်ပါ . . . ဖေးမပါ

တေပေရူးထ. . . ဟော့ဒီလူဆိုးတယောက်ကို

တမ်းတနေရတဲ့ နွံထဲက

ဆွဲထူပါ. . . ချစ်သူရေ


တခါတလေတော့

လူ့သဘာဝအရ မုန်တိုင်းတွေညှိုး. . .

ငါတို့ရဲ့ရာသီဥတုလေး နွမ်းလျသွားမှာစိုးလို့

ရင်ထဲမှာ မိုးတိမ်တွေ ဝှက်ထားခဲ့ဖူးတယ်


ဘဝဆိုတာ လမ်းလျှောက်ရသလိုပဲ

ဘယ်တော့မှ ခလုတ်ကသင်းတွေနဲ့မလွတ်ဘူး

ရဲရဲလျှောက်လိုက် ချစ်သူရယ်

(ငါကမင်းလိုရာသုံးဖို့ ဖဲတချပ်ဆိုတာမေ့မထားနဲ့)


လေတွေ ဘယ်လောက်တိုက်တိုက်

မိုးတွေ ဘယ်လောက်ခိုက်ခိုက်

သူတို့မရှိတဲ့အရပ်ကို

ကိုယ့်အတောင်နဲ့ ကိုယ်ပျံသန်းကြမယ်. . . ချစ်သူရေ


အလွမ်းက ပန်းတို့နှင့်အပြိုင်အဆိုင်

ပွင့်ဝေမွှေးမြ . . .

လေထဲဆောက်တဲ့အိမ်လို ခရီးတွေဆုံးလည်း

ညွှတ်ဝပ်ဆင်းမကျ. . .


ယုံကြည်ပါတယ်. . .

သွားပါများ ခရီးရောက်မှာပေါ့ကွယ်

ချစ်သူရေ. . .

သွားပါများ ခရီးရောက်မှာပါကွယ်


ချစ်တယ် “. . . . . . .”

ချစ်တယ် “. . . . . . .”

ချစ်တယ် “. . . . . . .”

အဲဒါ နှလုံးခုန်တိုင်း

ကျယ်လောင်စွာ မြည်ဟီးတုန်ခါနေတဲ့

ဗုံသံတွေပဲ . . .

ကြားပါရဲ့လား ချစ်သူရယ်. . .

“. . . . . . .”

“. . . . . . .”

“. . . . . . .” ။ ။

(ချစ်သူသက်တမ်း (၇)လပြည့် အမှတ်တရ ရေးဖွဲ့သည်)

Wednesday, May 20, 2009

အငြှိုး

ပြက္ခဒိန်ကို မျက်နှာချိုမသွေးနိုင်တဲ့နေ့
အကောင်းနေ့လို့ခေါ်တဲ့ နာမည်ကို
ကျီးထိုး ခွေးစားခံလိုက်ရတဲ့နေ့မှာ
တနင်္ဂနွေဟာ လှောင်ကြုတ်ထဲ ထည့်ခံထားရတယ်. . .

ဘယ်ခရီးမဆို အခြောက်အသွေ့
အကြမ်းအတမ်းတော့ မရှိပဲ နေလိမ့်မလဲ. . .
လူနဲ့ဝင်ဆံ့မှုဆိုတာရှိလာတော့လည်း
တဒေါင်လောက်ထွက်နေတဲ့ ဖိနပ်စီးပြီး
ငါ့ကိုယ်ငါ ရှိုးထုတ်ချင်မိတယ်. . .

ငါဘာလဲသိဖို့ ငါကပဲပြန်မေးလိုက်တယ်
ငါ့ဆီက တစိတ်လာဖဲ့ယူရင်. . .
(တောင်းယူတာကလွဲလို့)
တပိုင်းလောက် အတင်းပြန်ထိုးပေးလိုက်ချင်သူပါကွယ်. . .

မိုးပျံပူပေါင်းလို ငါလည်း ငါနိုင်တဲ့ ဝန်တော့
သယ်ပေးချင်တယ်. . .
အခွံတော့ အခွံပေါ့ ပြတိုက်ပို့ရင်
ဈေးကောင်း၊ မကောင်းလဲ သိချင်သေးတယ်. . .

ပွင့်ချပ်ပါးပါးလွှာလွှာတွေဟာလဲ
သူတို့ လက်သည်းခပ်စိပ်စိပ်ကို
ဖွက်ထားတတ်တယ် . . .

နှင်းအိပ်မက်သံကိုကြားတဲ့အခါ
ငါချစ်ရတဲ့သူဟာ မုန်းတိုင်းတွေ ပွင့်တော့မလိုနဲ့
ရာသီကို ငြိမ်းမြစေတယ်. . .
မိုးလေဝသ သာမြေ့တော့မလိုနဲ့
ရင်ခွင်ကို လှိုင်းတွေနဲ့ပစ်ပေါက်တယ်. . .

နောက်ဆုံးမှာ. . .
အနီးစပ်ဆုံး ကျောဘက်က ဓါးနဲ့လက်ဆိုတာ
သိပါရက်နဲ့လည်း . . . လုံခြုံရှင်းလင်းစွာ
ခေါင်းငုံ့. . .
နှင်းဆီဗုံးကွဲတဲ့အခါလည်း ငါ့မှာ. . .
မိုးသာမျက်ရည်တွေနဲ့. . .

ငါ့စိတ် ငါပြန်စမ်းတဲ့အခါ
မထွားကြိုင်းတာကို တွေ့ရ. . .
ငါ့ကိုယ် ငါပြန်မြင်တဲ့အခါ
ရေမှော်ကလေးဖြစ်နေတာကိုတွေ့ရ. . .

ဒါပေမယ့် . . .
ဖြူစင်မြင့်မြတ်ခြင်းကိုလည်း
ငါတွေ့လိုက်ရတယ်. . .

ခွင့်ပြုပေးကြပါ. . .
တခါတလေ. . .
မှော်ရုံမှာ မြင်းခွာသံတွေစိုင်း
ငါ. . . ရိုင်းကြည့်ချင်တယ်. . .

Tuesday, May 12, 2009

“စည်းမျဉ်းတစ်ခုရဲ့ ဖွက်ထားတဲ့ သီချင်း”

ဘဝပါးပါးလေးပေါ်မှာ ရှပ်တိုက်သွားတဲ့
အလင်းကွဲသံတွေလို. . .
မြေပြင်ခပ်နိမ့်နိမ့်က လှံတံတွေထိုးစိုက်ဖို့
သက်သက်ပါပဲ. . .
စာလုံးပေါင်းသက်ပုံချင်းမတူသလို
အချစ်နဲ့ ဘဝဟာလည်း ကွဲပြားတယ်. . .

လူဆိုတာ ဘောင်အကွပ်တွေထဲက
မထူးနိုင်သေးတဲ့ ခံစားချက်ကိုယ်စီကို
ကျောသပ်မွေးဖြူ. . .
မှော်ရုံ. . . မြို့ပြကို သက်တန့်နဲ့ကူး
ခလုတ်က ဆူးတော့မှ . . . ခြေလှမ်းက တိတ်တော့တယ်

အမှောင်ကမဖွင့်ပေးလဲ ကိုယ်က
အလင်းထဲ တိုးမဝင်ချင်ပါဘူးကွယ်
အဲဒီလိုပဲ. . .
ဘယ်သူ့. . . ဘယ်သူကိုမှလည်း
လှောင်အိမ်ထဲ ထည့်မသိပ်ချင်ဘူး

အမိုးမလုံတဲ့ အလွမ်းကိုဆွဲခွာ
ရနံ့တွေပုန်းခို စိုက်ပျိုးနေရုံနဲ့
ဘဝကို စိတ်ရှည်လက်ရှည်
ချရေးချင်ပါတယ်. . .

နေလည်း ကွယ်ပြီ
သီချင်းတွေလည်း တိတ်ပြီ. . .
မျက်စိတကွယ်စာအတွက်
ဖွက်ဖို့. . . ဝှက်ဖို့လည်း
မလိုပါဘူးကွယ်. . .

အဲဒီလိုပါပဲ
ဝိရောဓိ တခုအဆုံးမသတ်ခင်
စံပယ်တွေ လှိုက်လှိုက်သည်းနင့် ဝေးသွား
ခွာသံတွေ မိုးမချုပ်ကြဖို့အတွက်
ပဝါဖြူတထည် လွှင့်လို့
နွေတွေ. . .
ရွာချလိုက်ကြရုံ. . .။ ။

ကချေသည်မလေးရဲ့ ခရာသံ

မြေဆီလွှာတို့ ပွင့်ကွဲ. . .
ပန်းပွင့်က အက်သုဉ်း
ပင်လယ်က စစ်တပ်ကိုချီလာပြီ. . .

လေပြေက လှောင်အိမ်ကိုဖွင့်
သူ့ကိုယ်သူ ဘောင်တွေကွပ်ဖို့
ရယ်သံတွေကို စားသုံး. . .

တိုးတိုးဆိတ်ဆိတ်နဲ့ ရွာသူကရွာ
ကျိုးကျိုးပျက်ပျက်နဲ့ တိတ်သူကတိတ်
မီးတောက်ကြီးတခု. . .
ပင်စည်ရုံးကို ဝါးမျိုလိုက်သလို
မိုးတွေကိုလည်း စိုးစေခဲ့ပြီ. . .

လောကဟာ စစ်တလင်းတခင်းအတိုင်း
သွေး-တန်း-တိတ်-ဆုံး လို့. . .
အားလုံးအဆုံးမှာ. . .
ခရာရှည်မှုတ်သံက. . .
မြို့ကလေးရဲ့ မျက်ရည်ရနံ့ကိုတော့
ထိန်ချန်ထားခဲ့ရတယ်. . .။

(သောတ)

(နာဂစ် တစ်နှစ်ပြည့် အမှတ်တရ ကဗျာ)

စာအုပ်ကလေးရဲ့ တရာသီစာအလွမ်း

စာမျက်နှာတွေကို သေခိုင်းစေလိုက်မှ
မှင်တွေကို ငိုခိုင်းစေလိုက်မှ
လွမ်းလို့ ဆိုပြီး. . .
ခေါင်းစဉ်မတပ်လိုက်ကြပါနဲ့. . .

နှလုံးခုန်သံတွေ မြန်လွန်းတော့
အသက်ရှူဖို့ကို မေ့ပြီး. . .
သတိမရအောင် လုပ်ဖို့ကိုသာ
သတိရတော့တယ်. . .

ကောင်မလေးရေ. . .
ကယ်ပါလို့ မပြောချင်ပေမယ့်
ကယ်ပါလို့ပဲ ပြောမိတယ်. . .

ခြေလှမ်းလေးတွေ ပန်းပွင့်လာ
အပြုံးလေးတွေ မြင်ရတွေ့ရ နိုးထလာ
နှိုးစက်လေးနဲ့ သတိရခြင်းစာမျက်နှာ
တနေ့ရဲ့ ဒိုင်ယာရီတခြမ်း သေဆုံး
ကိုယ့်အမြစ်ကိုယ်လှန်တဲ့ သစ်ပင်
အုတ်ခဲကြားက မြက်ရိုင်းအိပ်မက်

အားလုံးဟာ စာရွက်တွေပေါ်မှာပဲ
ကခုန်တီးမှုတ် သီချင်းတပုဒ်
လုပ်လိုက်ကြတယ်. . .

အားလုံးကလဲ ချစ်သူဖတ်ဖို့
ရေးထားတဲ့ အလကာင်္တွေပါ
ဘာကိုမှ ဆုတ်ကိုင်ထားခွင့်မရှိပါဘူး. . .

ကောင်မလေးရေ. . .
ငါ့ယဉ်ကျေးမှုလေးနဲ့ပဲ
ငါလွမ်းနေချင်တယ်. . .။

တယ်လီဖုန်း


















လွမ်းဖို့ကောင်းလိုက်တာ. . .

လေလှိုင်း တဖက်ကြားက နှုတ်ခမ်းရိုက်သံလေး

ဆဠမအာရုံကို ညှို့သိမ်းသွား. . .

လွမ်းဖို့ကောင်းလိုက်တာ. . .

ပန်းတွေ ပွင့်လာသံကိုလည်း မကြားလိုက်မိဘူး

အရာရာဟာ အရာရာထဲ

နစ်မြုပ်လို့. . .

လွမ်းဖို့ကောင်းလိုက်တာ. . .။

Saturday, May 9, 2009

နှင်းဝေသို့. . . ကဗျာတစ်ပုဒ်

လက်ထဲမှာက အေးစက်စက်ကော်ဖီတစ်ခွက်ပါ
အလွမ်းတွေ ရောယှက်နေရင်း…
တစ်ကျိုက်ပြီး တစ်ကျိုက်မော့သောက်မိတယ်
အလွမ်းတွေမျောပါမိရက်သား
ကုန်လွယ်တဲ့ စက်ဝိုင်းဝန်းညလေးကို
မျှောမချမိဘူး…

နှင်းဝေရေ…
ငါရဲ့ လွမ်းဆွတ်မှုလေးတွေ
နင့် မီးရောင်လေးနောက်ကို
ပြေးလိုက်ကြတော့မယ်
မီးအိမ်လေးတော့ လွတ်မချလိုက်ပါနဲ့

ရူးမိသူရဲ့ ပန်းလကာင်္တွေကို
ညီညီစီစီ သီကုံး…
နင့်အတွက် ကဗျာတွေ
ရေးနေဦးမယ်ကွဲ့

စကားလုံးတွေ ပြည့်ကျပ်နေတဲ့
ကောင်းကင်ကို
နင့်ကိုဘယ်လောက်ချစ်သလဲလို့
တစ်စုံတစ်ရာ မေးကြည့်ပါ…
သတ်ပုံတွေ မှားမှား
စာလုံးပေါင်းတွေ မှားမှား
အလကာၤေတြ မွားမွား
အဖြေက တူနေလိမ့်မယ်

နှင်းဝေရေ…
နင့်ကို ခြံရံနေတဲ့
ပျားကောင်တွေကို
ရဲရဲဝံ့ဝံ့ စစ်ကြေညာလိုက်ပါရဲ့
ငါ့အတွက်ပွင့်သော
တစ်ပွင့်တည်းသောပန်းဟာ
နင်ဖြစ်တယ်ဆိုတာကိုပေါ့…

ပန်းခူးသူတွေရဲ့ လက်တွေထဲမှာ
အဆိပ်ငွေ့တွေပါမယ်..
ဝှက်ဖဲတွေပါမယ်
ညှိုးနွမ်းချင်းတွေ
ပါနေမှာပဲကွယ်

ကိုယ့်ကို ချိုမြစေမယ့်
ငြိမ့်ညောင်းညောင်းတေးတစ်ပုဒ်ကို
ရွေးပြီး….တစ်ဘဝမှေးစက်လိုက်ပါ
နှင်းဝေရေ…

ငါလျှောက်တဲ့ ခရီးက
အပိုင်းအကန့်တွေ မရှိဘူး
ခရီးအဆုံးကို မသိဘူး
လျှောက်မြဲလျှောက်နေရတာမို့
နင့်လက်ကို စွဲကိုင်ထားဖို့
အားအင်တွေ မရှိသေးပါဘူးကွယ်

ငါ့နှလုံးတစ်ချက်ခုန်တိုင်းမှာ
နင့်အတွက်တီးတဲ့ ဗုံသံတွေက
တစီတရီ…
အမုန်းတံတိုင်းတွေကလည်း
ကွာကျခဲ့ရပြီ…

ချစ်တဲ့ နှင်းဝေရေ
အန္တန ချစ်ခြင်းအတွက်
ငါ့ကိုယ်ငါ ဂုဏ်ယူမိနေတော့တာပဲကွယ်

ကောက်ရိုးပုံစောင့်တဲ့ သတ္တဝါဖြစ်မလား
နင့်ပွင့်ချပ်ပေါ်က ရေတစ်စက်ဖြစ်မလားဆို
ခွေးလေးတစ်ကောင်အဖြစ်
အနားက တစ်ဖဝါးမှ မခွာပဲ
ကောက်ရိုးပုံလေးကို စောင့်ကြည့်ချင်ပါရဲ့

အိုး….
ပျားအပေါင်းတို့ရေ
ငါဟာ ကလောင်တစ်လက်ရဲ့
အရှင်သခင်ဖြစ်တယ်…
ပျားအပေါင်းတို့ရေ
ဘယ်သူ့ချစ်ခြင်းက ပိုမြတ်ပါသလဲ…
ဘယ်လောက်များ ချစ်သူကို တင်စားနိုင်ပါသလဲ

နှင်းဝေရေ…
နင့်ရဲ့ ရွှေရုပ်လွှာကို တပ်မက်ကြတဲ့
ခေတ်သမိုင်းကြောင်းတွေရဲ့
သားကောင်ထဲမှာ ငါမပါဘူး
အိုင်တွေတဲ့ နေရာတိုင်းမှာ
ခြေဆင်းပြီး အများမြင်အောင်
လွမ်းမပြတတ်တာ..
ငါ့ရဲ့ မွေးရာပါ အကျင့်တစ်ခုဖြစ်လေရဲ့

ကော်ခွက်နဲ့ရွှေခွက်နဲ့ ကွာချင်ကွာမှာပေါ့လေ
ဒါပေမယ့်…ဖြူဖြူစင်စင်လေးပဲ
နင့်ကို “ခယ” ချင်တယ်

ဆောင်းညလေးကတော့
စွဲငင်သွားမိတဲ့ ဆံနွယ်ရနံ့လေးကို
လျှစ်လျှူ မရှူ့ထားနိုင်ခဲ့ဘူးကွယ်…

အခုတော့…
အခန်းကျဉ်လေးမှာ တစ်ယောက်ထဲ
ထီးထီးကျန်ကျန် ရှိုက်ငင်နေတယ်…
နင်မြင်ပါရဲ့လား
နှင်းဝေရယ်

သဲနုကလေးတွေ တွန်းခေါက်မွေလျသွား…
စံပယ်ဖြူလေးတွေ နွမ်းလျကြေမွသွား…
ဒီတစ်ညတော့ ကဗျာတစ်ပုဒ်ကို
နင်က အလှဆင်သွားပြီကွဲ့…

မြူခြေတွေ ဆိုင်းတွယ်ရစ်ပတ်
လျှောက်ရာလမ်းကလေးတွေမှာ
ဖွဲ့မှုန်တွေ ဆမ်းသွားပါတဲ့
လမ်းပြကြယ်ရေ
နင့်ရဲ့ နွေးနွေးထွေးထွေးရင်ခွင်မှာ
အိပ်စက်နေချင်တယ်

ချစ်သော နှင်းဝေ…
အခုလောက်ဆို ငါတို့ အလွမ်းလေးတွေ
တစ်နေရာမှာ ဆုံစည်းနေကြတော့မယ်ထင်ရဲ့
ညကရှည်တော့ ကဗျာလေးတစ်ပုဒ်နဲ့ပဲ
တမ်းတနိုင်ပါတယ်ကွယ်….

ရယ်သံတွေပျက်တောက်
ပွင့်ချပ်အိုတွေကို ဆွဲခေါက်သွားတဲ့
ချစ်သူရေ…..
ငါတို့ရဲ့ တနင်္ဂနွေတိုင်းကို
ပိတ်ထားတဲ့ တံခါးနှစ်ချပ်လို
စီးဆင်းလိုက်ကြပါစို့ကွယ်

နှင်းဝေရေ…
နှင်းဝေရေ…
နှင်းဝေရေ…
အချိန်ဆိုတဲ့ ဝိုင်းစက်စက်ကြီးက
ငါတို့ကို ရပ်စောင့်နေတာ
သူ့ကို မှင်နီတွေ တားလိုက်ရအောင်ကွယ်
ငါခြစ်တောက်လိုက်တဲ့
နောက်ဆုံးမီးတောက်…
တိုးလို့မရောက်ခဲ့ရင်တောင်
ကဗျာလေးတွေ ဖတ်ဖောက်
အလွမ်းတွေကို….
ဖျက်တောက်ထားလိုက်ပေါ့ကွယ်။ ။

အလွမ်းရောင်

ငါက နင်ပြောနေကြ ကလေးတစ်ယောက်ရဲ့
တွယ်ကပ်မှုမျိုးနဲ့ ခပ်မို့မို့ တိမ်စိုင်လေးတစ်ခုပါကွယ်
နတ်ဘုရားမလေးရဲ့ ရှေ့ပြေးသူရဲကောင်းတွေထဲမှာ
နံပါတ်စဉ်တပ်ရခက်တဲ့ သိုးကျောင်းသားငယ်လေးပေါ့

နှံကောင်လေးရဲ့ညစဉ်မက်နေတဲ့
မပီမပြင် အိပ်မက်လေးကို
ငါကြား ကြားနေရတာ
စိတ်မကောင်းစရာပါပဲ…

ငါ့ရင်ခွင်တစ်ခုလုံး ဗရုတ်သုက္ခမွှေနှောက်သွားတဲ့
အလွမ်းတွေက ပြောပါတယ်…
တစ်ချို့နောက်ပြောင်ကျီစယ်မှုတွေမှာ
အမှန်တစ်ခက်တော့ ပါနေတတ်တယ်တဲ့…

ဘာကြောင့် ချောင်းငယ်လေးကိုမှ
ကွေ့ပတ်စီးဆင်းချင်တာလဲကွယ်..
ရေမှတ်မသိတော့တဲ့ လက်ဝဲတစ်နေရာကို
နင်ရဲ့ ရယ်သံတွေက ကြတ်ခြေခတ်သွားခဲ့..

ရာစုအသစ်တွေရဲ့ နတ်ဘုရားမရယ်
ရိုးရိုးသားသားလေးပဲ နင့်ကိုချစ်ချင်ရဲ့
နောက်ဆုံးတော့လည်း…တေလေတိုရဲ့ အနာဂတ်ဟာ
အိပ်နေတဲ့ သင်္ချိုင်းက လူတွေလိုပါပဲကွယ်…

အများမက်တဲ့ အိပ်မက်….
အများသုံးတဲ့ စကားလုံးအသေ
အများဖတ်တဲ့ သတင်းတစ်ရွက်ကို ဖတ်ဖို့
ငါ့မှာ ခွန်အားတွေ ပါမလာခဲ့ဘူးကွဲ့…

နင်ကျောပြင်မှာ ဝဲနေတဲ့ဆံနွယ်စတွေကို
ကြည့်ရင်း ကျန်နေခဲ့ရဲပါတယ်…
အမုန်းဆိုတာ ချစ်တတ်သူတို့ မွေးဖွားလာကြတဲ့
သန္ဓေသားလေး ဖြစ်တယ်ကွဲ့…

ဆံနွယ်ရှည်ကို မြတ်နိုးသူရေ…
ဒါက ကလေးတစ်ယောက်ရဲ့ လိုချင်တာမရတဲ့
ဟစ်ကြွေး သံတွေ ဖြစ်နိုင်ပါရဲ့…

အဲလိုနဲ့ငါ့မနက်ခင်းလေးဟာ
မီးမြိုက်မှုဆန်လာရ…တစ်လမ်းကိုရွေးပေးလိုက်ပါ…
နတ်ဘုရားလေးရယ်
ငါက နင်ပြောနေကြ ကလေးတစ်ယောက်ရဲ့
တွယ်ကပ်မှုမျိုးနဲ့ ခပ်မို့မို့ တိမ်စိုင်းကလေးတစ်ခုပါပဲကွယ်…။ ။

ညီမလေးဖွင့်ထွက်သွားတဲ့ လှောင်အိမ်

မှော်ဆရာအတွက်. . . . ညီမလေးအတွက်
ကိုယ့်ရင်ဘတ် ကိုယ်ပဲ ဆွဲဖွင့်ပြီး
မှောက်ချပစ်ခဲ့ဖူးတယ်
ဂစ်တာမပါဘဲ သီချင်းတွေဆိုလာတတ်ခဲ့တာလဲ
ပန်းပွင့်လေးလိုဖြူစင်တဲ့ ညီမလေးကြောင့်ပါပဲ

ကိုယ့်ရှေ့မှာသော့ချိတ်လေးရှိတယ်
သူက သူ့ပါးစပ်သူပိတ်ထားမယ်
သံတိုင်မှာလည်း ညီမလေးခြေလှမ်းတွေ
ပန်းပွင့်သွားခဲ့လို့ . . .

အလင်္ကာတွေကိုတော့ ဖွင့်မထုတ်ပစ်ခဲ့ပါဘူး
အဲဒီ ပန်းခူးခွင့်ဆိုတာ
ကိုယ့်အတွက် ထက်ပိုင်းကျိုးလကိုမျှော်ငေးနေရသလို
ညီမလေးကို ခူးဆွတ်ခွင့်မရှိခဲ့. . .

လူကိုပြုစားတတ်တဲ့လောကရဲ့
မှော်ဆရာရေ. . .
သက်တန့်ဆိုတာ အလှကြည့်ဖို့သက်သက်ပါ
အမှောင်နဲ့အလင်းကို ပေါင်းစပ်မရသလို
ညီမလေးအတွက် ချစ်ခြင်းဆိုတာလည်း
သွားလမ်းတစ်ခုတည်း ဖွင့်ပေးထားတဲ့
မမျှော်လင့်ခြင်းသာရှိတဲ့ ရပ်ဝန်းတစ်ခုပါပဲကွယ်

ညီမလေးက တံခါးတွေပိတ်သွားခဲ့တယ်
နေဝင်သီချင်းတွေ ဆွေးဆွေးမြေ့မြေ့
လွှင့်ပစ်ခံ သို့မဟုတ် စွန့်ပစ်ခံ
တူတူ ပွင့်စွင့်ခဲ့. . . တူတူလင်းထွင်းခဲ့. . .

မပြီးဆုံးတဲ့သီချင်းကိုလည်း
ဂီတသံမပါပဲ ကိုယ်တစ်ယောက်တည်း
ဆိုညည်းနေဆဲပဲ

အဲဒီအတွက် ညီမလေးဆိုတာ
ပန်းပွင့်လှောင်အိမ်လေးအဖြစ်
ကိုယ့်နှလုံးသားမှာ ပျောက်ရှမသွားခဲ့ဘူး

ဟောင်းမြခဲ့. . . နှောင်းမြေ့ခဲ့. . .
တစ်ယောက်တည်းဖြစ်နေတဲ့
လက်ဝဲတစ်နေရာကိုတော့
ဘာလို့ တံခါးပိတ်မသွားခဲ့တာလဲ
ညီမလေးရယ်. . .။ ။

မိုးစုန်းစုန်းချုပ် ဒဏ်ရာညနေများ

ကိုယ့်အိပ်မက်တွေကို ကိုယ်
သပ်ချလိုက်တာ
သွေးတွေ နီစွန်းလို့

ဆူးပွင့်ကလေးရဲ့ တံခါးဝမှာ
မှိုင်းမှုန်ရီဝေ….
ကိုယ်ဟာ ပုလင်းကွဲတစ်လုံးလို
ကြေမွသွား….

မိုင်တိုင်တွေ တအုပ်ပြီးတအုပ်ဖြတ်ရတာ
အပြုံးတွေနဲ့အပိတ်လှောင်ခံရမယ့်
သတ္တဝါတစ်ကောင်လိုပါပဲကွယ်

နေကိုမြင်ပါတယ်
နေက ကိုယ့်ကို မမြင်ဘူး
ဘာများဆန်းလဲကွယ်
ခြေလှမ်းတွေ အပုပ်ခံပြီး
အိပ်မက်တွေ တိမ်းမှောက်ခဲ့ရတာပဲ

ညီမလေးရေ…
မင်းတို့ရဲ့ ရွှေရောင်သင်္ကေတနဲ့
ကိုယ့်ကို ချွတ်ချော်မှိန်းပျောက်အောင်တော့
ပစ်မပေါက်လိုက်ပါနဲ့ကွယ်

မျဉ်းကွေးလေးတွေ ကိုယ့်ကို
လောင်ကျွမ်းကြ…
မိုးတွေလည်း ကိုယ့်တစ်ယောက်ထဲကို
တိတ်တိတ်လေး ရွာချကြ
အဲဒီညနေကတော့
သောက်သမျှဆေးတွေလည်း
အဆိပ်အတောက်တွေဖြစ်နေတော့တာပဲကွယ်

ဘယ်လိုများလဲ…
မြက်ခင်းတွေပေါ်မှာ ကျောခင်းအိပ်တဲ့လူ
မင်းမျက်စောင်းလေး တစ်ချက်စောင့်ငဲ့စရာတောင်မရှိပါဘူးကွယ်

ဝမ်းမနည်းကြေး…..
ကိုယ့်အိပ်မက်တွေကို
ပွင့်ချပ်တွေနဲ့ပြန်လည်ချယ်သကြရုံ

ဘာဖြစ်သေးလဲ
မြူခိုးတွေလည်း မြို့ကိုဖုံးအုပ်ထားနိုင်တာပဲ……
ဒိုင်ယာရီလေး….
ငါနဲ့အတူ အတုံးအရုံးလဲကျ
ပြန်လှည့်လာဖို့လည်း မတောင်းဆိုတော့ပါဘူးကွယ်

ညီမလေးရေ…
ငါရဲ့ခပ်နိမ့်နိမ့်မြေကိုနင်း
အဆိပ်တွေနဲ့ငါ့ကိုထိုးစိုက်
ရွှေရောင်မနက်ဖြန်တွေကို ညနေခင်းနဲ့
လက်ချင်းချိတ်ပြီး… ဟိုးအဝေးကို
ပျံသန်းလိုက်ပါတော့ကွယ်။

ညီမလေး အတွက်(၄)

အခုတော့. . .
ညီမလေး ပိတ်သွားခဲ့တဲ့
နွေတံခါးမှာ ငိုသံတွေ
ထစ်ထစ်ချုန်းနေပြီ

ဘယ်သူနဲ့မှ မတူတော့ပါဘူး
သစ်ရွက်ကြွေတိုင်း စိတ်က တလွင့်လွင့်နဲ့
ဘာမှ ပြန်မရတဲ့အဆုံး
အဲဒီ အပြာရောင်ညလေးကိုပဲ လွှင့်ပစ်လိုက်မိတယ်

နွေရာသီတွေ ပြန်သွားခဲ့ပြီ
ညီမလေး. . .
နွေရာသီဆီ ပြန်သွားခဲ့ပြီ
ညီမလေး
ငါ့ရဲ့ ပြတိုက်ထဲက
ညီမလေး
ငါ့ရဲ့စာကြည့်တိုက်ထဲက
ညီမလေး
ပိတ်ထားတဲ့ တံခါးတွေကို
ခတ်တဲ့သော့က ညီမလေးရဲ့
ခြေလှမ်းနက်နက်တွေဆီ
ပါသွားခဲ့ပြီကွယ်. . .

ညီမလေးရေ. . .
မျက်ကန်းတစ်ယောက်လို
တစ္ဆေမကြောက်. . .
လောကလေကို ဆန်လိုက်ချင်ပါရဲ့

စိုနေတဲ့ မိုး ဆူးနေတဲ့ လမ်း. . .
ငါ့အတွက်. . . ကျိန်စာတို့ကမ္ဘာဦးမှာပဲ သင့်ခဲ့သလား
ညီမလေးရယ်. . .

ငါဟာ အန္ဓပါ. . .ငါဟာ အနတ္တပါကွယ်. . .
အခုတော့. . .
ညီမလေး ပိတ်သွားခဲ့တဲ့
နွေတံခါးမှာ ငိုသံတွေ
ထစ်ထစ်ချုန်းနေရပြီ. . .။

ညီမလေး အတွက်

မင်းမသိဘူး….
ညီမလေး။ ။

နွမ်းဖတ်ဖတ်
ညတွေမှာ
အပြာရောင် ဒဏ်ရာ
ခပ်ပြင်းပြင်းကြောင့်
အသက်ရှုသံတွေ
တွန့်ကြေနေပြီ။

မင်းတို့… ကိုးကွယ်ထားတဲ့
အတ္တရောင်တောက်နေတဲ့
ငွေဆိုတာကြီးက
ကော်ဖီ တစ်ခွက်လောက်မှ
အရသာ ရှိရဲ့လား . . .

ငါဆိုတဲ့ကောင်ကတော့
ကြက်ဥ တစ်လုံးလောက်တောင်
ခွန်အားမပေးနိုင်တဲ့
အလကားကောင် ဘဝမှာပဲ
အားတိုင်း ယားတိုင်း
(လွမ်းနေရတာများ)
မင်းမသိဘူး…… ညီမလေး။ ။