Wednesday, August 26, 2009

စက္ကူမီးအိမ်

နမ်းမယ့်သာ နမ်းလိုက်ရတယ်
ရနံ့တွေက ဘာမှန်းတောင်
သိတာမဟုတ်ဘူး . . .

တစ်ချို့တွေက ချိုရက်နဲ့ခါး
တစ်ချို့ကျတော့ ခါးရက်နဲ့ချို
တစ်ချို့ကို နွေမိုးတွေရွာပေးရမလား
တစ်ချို့တွေကလည်း
အက်ကွဲသံကြီးနဲ့ လမင်းလုပ်ချင်သေးသတဲ့ . . .

အားနာပေမယ့် . . .
မိုးခါးရေ မသောက်ဖို့ကိုတော့
အားနာပါးနာနဲ့ပဲ ငြင်းနေရတာ
မောတယ်

ငါ့မှာ . . .
လင်းစရာတွေ ကုန်ခဲ့ရတာတောင် မတန်ဘူး
မသိရင် . . .
ငါကပဲ မုတ်သုန်စားတတ်တဲ့
ဆောင်းပါးစပ်ကြီးလိုလိုနဲ့

“ကျေးဇူးပြုပြီး တံခါးမခေါက်ပါနှင့်
လာလမ်းအတိုင်း လှည့်၍ပြန်ပါ”
အဲဒီစာသားကို ငါ့ရဲ့တံခါးဝမှာ
ခပ်ထူထူ ရေးထိုးထားပေးပါ
မှော်ဆရာ . . .

မီးအိမ်ည ၊ စက္ကူပန်း
အိပ်ဆေးခက်ထားတဲ့ တိမ်ညိုတွေနဲ့
သင်းကွဲ ပင်လယ်ကို
လရောင်မှာ ချိတ်ချင်တယ်

မှော်ဆရာရေ
သင့်ရဲ့ကျမ်းစာအုပ်မှာ
ရေးမှတ်ထားလိုက်ပါ . . .
ငွေ့မြေ့လောင်ကျွမ်းသွားတဲ့
စက္ကူမီးအိမ်တစ်လုံး
ဘယ်လိုအလင်းတွေနဲ့မှ
ပြန်သုံးလို့ မရဘူးဆိုတာ . . . . . . . . . . ။
(သောတ)

Sunday, August 23, 2009

မီးတောက်ကလေးရဲ့ သင်းကွဲပုရပိုဒ်

ရင်ခွင်တန်းလန်းနဲ့ည
အလင်းတွေ အုံ့ဆိုင်းညွှတ်ဖွာရင်း
ကဝေလို နက်ရှိုင်းနေတဲ့ညပါပဲ

ဟော့ဒီလမ်းမှာ . . .
ဖိနပ်တွေ လေဟုန်ဆီးတော့မယ်လို့
မသိစိတ်ကို လေတံခွန်လို လွှတ်တင်ရင်း . . .
ငှက်ဆိုးထိုးသံကို မထေမဲ့မြင်ပြုထားလိုက်တယ်

ငါ .. ဘာကိုကြောက်နေတာလဲ
ဘာကိုကြောက်နေခဲ့တာလဲ
ကမ်းပါးတဖက်ကို လှမ်းမမြင်နိုင်တဲ့
အဆုံးမှာ . . . ကြယ်တပွင့်
ငါ့ရင်ထဲ အရှိန်အဟုန်ပြင်း
ဝေဖြာကျဆင်းလာခဲ့တယ်

ခုံတန်းလေးကို လှမ်းမေးကြည့်တော့
သူလည်း …
နေဝင်ချိန်ကို ချစ်သူတွေ
မုန်းကြတယ်ဆိုတာ … မသိရှာဘူး

နေ့ခင်းသာသာ ကောင်းကင်ကကြယ်ကို
ထိုးဖောက်မမြင်နိုင်ဘူးလို့ . . .
ဘာလို့ပြောကြတာလဲ . . .

နက္ခတ်တွေ ဂြိုလ်တွေမှာ
ကြယ်ရာ . . . လရာတွေ
ငါမြင်တယ် . . .
ငါမြင်နေရတယ် . . .

သစ်ကိုင်းတစ်ကိုင်းထဲပေါ်မှာရော
မြက်ခင်းတစ်နေရာမှာရော . . .
ခြေထောက်တစ်စုံထဲရှိတာနဲ့
အထီးကျန်နေရတယ်လို့ … ငါ့ကို
ဘာလို့လာပြောနေကြတာလဲ

ပန်းတွေပွင့်ခဲ့ဖူးတဲ့ လမ်းဟာ
အရင်လိုရနံ့တွေနဲ့ ငါ့ရင်ထဲ
တိုးသက်မွှေးအုံ့နေတော့တယ်

(လွမ်းတယ်
ငါနင့်ကို လွမ်းတယ်
ထိပ်ထားရယ်)

သစ်ခွတို့ ကခုန်နေတဲ့ ဥယျာဉ်
ရေပြင်က ပြာလဲ့လဲ့
ဝတ်မှုန်တစ်ပွင့်ကို
တနင်္ဂနွေဆီက တောင်းရမ်း
နင့်ကိုငါ ပန်ပေးချင်တယ်

ချစ်သူအတွက် အလင်းတောက်ဆုံးဖြစ်ချင်တဲ့
သစ္စာတရား . . .
အထပ်ထပ်အခါခါတောင်းမိသောဆုအတွက်
နင်နဲ့ငါ ဆုံပါရစေလားကွယ်

နေကွယ်ရင် ကွယ်ပါစေ
လမိုက်ရင် မိုက်ပါစေ
ငါတို့ကောင်းကင်မှာ ဗီးနပ်စ်တို့သင်းထုံ . . .
အဲဒီအချိန်ကို အတူတူစောင့်ကြည့်ရအောင်

ငါ့ကို . . .
ငါ့ကို . . . . . .
ငါ့ ကို . . . . . .
ငါ့ ကို လေ . . . . .

စောင်းသံ ချိုနွဲ့နွဲ့သီကြူး
တစ်ယောက်ထဲ ချော့သိပ်မထားခဲ့ပါနဲ့ကွယ်
ငါဟာ ဖိနပ်တစ်ရံပါ
နင်သွားတဲ့လမ်းတိုင်း ငါလိုက်ပါနေမယ်

ခရီးဟာ လမ်းလျှောက်သူတို့အတွက်
ဆုံးသွားတယ်မရှိပါဘူး

ရမယ်ဆိုရင်ပေါ့ကွယ်
နှလုံးသားက ကျောက်စာပေါ်မှာ

၁ - ၂ - ၃
. . . . . . .
၃ - ၂ - ၁
. . . . . . .

အိပ်မက်ဖြူရေ . .
အိပ်မက်ဖြူရေ . . .
အိပ်မက်ဖြူရေ . . . .
အိပ်မက်ဖြူရေ . . . . . လို့

နင့်နာမလေးကိုပဲ
ထပ်ခါတလဲလဲ ရွတ်နေချင်တယ်
ထပ်ခါတလဲလဲ ရေးထိုးချင်တယ်

ငါဟာ ကလောင်တစ်လက်ဖြစ်တယ်ဆိုရင်
နင်ဟာ မီးအိမ်တစ်ခု ဖြစ်လိမ့်မယ်
ဒါပေမယ့် . . . တစ်ကိုယ်ရေ
သင်းကွဲတဲ့ အခါမျိုးမှာ

မီးအိမ်ကလေး လွှတ်ချ
ငါဟာ မီးဟုန်းဟုန်းတောက်နေလိမ့်မယ်
အဲဒီအချိန်မျိုးမှာတော့
ရင်ခွင်တစ်ခုလုံး ဗြုန်းဆိုင်း
အလွမ်းတွေတရစ်ရစ်သိုင်း
မီးတောက်ကို ငါ့တစ်ယောက်ထဲပဲ
လောက်မြိုက်ခံမယ်

လူငယ်တစ်ယောက်ရဲ့ ကျောက်စာမှာ
နင့်နာမည်အက္ခရာလေးက
သံယောဇဉ်ကို နှောင်ဖွဲ့
ချစ်ခြင်းဂီတသံစဉ်နဲ့
လျှက်ဖြာထုံသင်းလာတဲ့
ပန်းတစ်ပွင့်ပါပဲ
အိပ်မက်ဖြူရယ် . . .

ဘာပဲဖြစ်ဖြစ်ပေါ့
တက်ကျိုးရင် လက်ထိုးလှော်မယ်
လက်မရှိရင် ခြေနဲ့ထိုးမယ်
ခြေမဲ့ရင် ခန္ဓာကိုယ်တစ်ခုလုံး
တွန့်ခေါက်လိမ်ကျစ်
ငါလင်းနိုင်သမျှ လင်းပစ်လိုက်မယ်

ငါ့ရဲ့အိပ်မက်လေးရေ
ငါချစ်မြတ်ရတဲ့ အဖြူရောင်လေးရေ
သန်းခေါင်ယံမှာ လွင့်ပျံနေတဲ့
အလွမ်းတွေက နင်နဲ့ငါ့အတွက်
အချိန်ပိုမှာရတဲ့ ပန်းတိုင်ရဲ့အငွေ့အသက်တွေပဲ

ငါဟာ ကြယ်ပါ
လမင်းကို အခစားဝင်ချင်ဖူးတဲ့
အလင်းမွဲကြယ်မျိုးပါ

ဒါပေမယ့် . . .
ပိုးစုန်းကြူးလိုပဲ ဖြစ်ဖြစ်
မီးစာကုန်ခါနီးမီးခွက်လိုပဲ ဖြစ်ဖြစ်
ငါဟာ နင်ပန်ဖို့ ပန်းတစ်ပွင့်ပဲ ဖြစ်ခွင့်ရချင်တယ်

ကံကြမ္မာရေ . . .
ဟောဒီက လက်နှစ်စုံအတွက်
လုံလောက်တဲ့ စွမ်းအားများနဲ့
ခွဲဖြိုစမ်းပါ . . .

ခိုင်မာကျစ်လစ်
အိပ်မက်အမည်ခံတဲ့
အလွမ်းအိမ်ကလေးဟာ
လေထဲမှာ ဆောက်ထားတာမဟုတ်ပါဘူးကွယ်

ကြိုးစင်ဆို ရင်ကော့ပြီး
လာခဲ့မယ် . . .
လူသတ်ကွင်းဆိုရင်လဲ
ခေါင်းကိုမော့ . . .
ချစ်သူနှစ်ဦးဟာ မင်းကိုရင်ဆိုင်ကို
အသင့်ရှိနေတယ်

ဒါတွေဟာ . . .
ငါနင့်ကို ပြောချင်ခဲ့တာပါ
အိပ်မက်ဖြူရယ် . . .

ကမ္ဘာတစ်ထောင်ကြား
အနက်ရောင် ကျမ်းချပ်တွေနဲ့
ဘယ်လိုပင် ခြားနား. . .

နင့်အတွက် ငါဟာ
မှောက်ထားပေးတဲ့ ဖဲတစ်ချပ်ဆိုလည်းဟုတ်တယ်
နေရောင်ခြည်တွေနဲ့နှိုးထပေးတဲ့
မနက်ခင်းတစ်ခုဆိုလည်းမမှားဘူး

“သွားတော့မယ်နော်
သွားတော့မယ်နော်” . . .
ငါ့ကို . . . အဲဒီလို
ဘယ်တော့မှ နှုတ်မဆက်ပါနဲ့ကွယ်

ချစ်ခြင်းမေတ္တာတရားအတွက်
သစ္စာမီးအိမ်ကလေး
ဘယ်ဆီမှာ အရောင်လွင့်ပေးရမှာလဲ
ခွဲခွာရတယ်အသိဟာ
ရင်ထဲမှာ မိုးစက်တွေလိုသည်းထန်ရွာသွန်းနေတော့တယ်

လှမ်းကြည့်ပေးပါလား
အိပ်မက်ဖြူရယ် . . .

သက်တန့်ကလေးတွေ
နှင်းဆီ ခုံတန်းကလေးတွေ
သစ္စာရနံ့တွေ သင်းထုံနေတဲ့
တနင်္ဂနွေလေးတွေ
နှစ်ယောက်သားငေးဖို့
ညနေလေးတွေ . . . ပြီး
အိပ်မက်အိမ်ကလေး
နင့်နာမည်လေး
ငါ့ရင်ခွင်လေး

လှမ်းကြည့်လိုက်ပါလား
ချစ်သူရယ် . . .

ညနေခင်းတခုမှာ
အလွမ်းပုရပိုဒ်တစ်ခုနဲ့
သင်းကွဲနေတယ် လူငယ်တယောက်ကို
တိုးရှနေတဲ့ လေဒဏ်မိုးဒဏ်တွေကြား
မှိန်ပျောက်အက်သုဉ်းသွားမလား
လင်းရှတောက်ပ နေမလားဆိုတာ
လှမ်းကြည့်ပေးပါလား
ချစ်သူရယ် . . .

အမြဲတမ်း မမှောင်နိုင်ပါဘူး
အိပ်မက်ဖြူရယ်
ဒီလမ်းကြမ်းမှာလေ . . . စွယ်တော်ရွက်လို
ငါ နင်နဲ့အတူရှိနေပေးမယ်

တံတိုင်းတွေကို အထပ်ထပ်ဖွင့်
ပြဿဒါးတွေကို ကြံကြံရင်ဆိုင် . . .
ငါ့အတွက်ရေးတဲ့ မန္တန်ကို
ငါကိုယ်တိုင် ရွတ်မယ်

ငွေ့ရည်ဖွဲ့ခိုင်းတိုင်းသာ
လွင့်ပေးရမယ်ဆိုရင်
လူဆိုတာ လောကမှာတောင်
ရှိနေမှာမဟုတ်တော့ပါဘူး

ပိုးဖလံလို သတ္တိမျိုးနဲ့
မီးထဲက ဒိုင်းကို
ငါရအောင် ယူခဲ့တယ် . . .

ငါ … ဘာကိုကြောက်နေရမှာလဲ
ငါလည်း မကြောက်တာ
နင်လည်း ကြောက်မနေရဘူးနော်

လာပါကွယ် . . .
မြင်းမိုရ်မို့လား
အဲဒီဓါးတွေ ပူလောင်တောက်မြနေပါစေ
ငါနင်နဲ့အတူ တိုးဝင်မယ်

ဟော …
ဟိုးရှေ့နားမှာ
သက်တန့်တွေ ပွင့်တဲ့မိုးရာသီလေးရှိတယ် .. တဲ့
ဗုံသံတွေပြီးရင် ဗျက်စောင်းသံကြားရမှာပေါ့
နော် .. ငါတို့အတူတူသွားကြမယ်လေ

ယုံကြည်ချက်အတွက် ရေကိုလည်း
ချစ်သင့်ရင် ချစ်ရမယ်
မီးကိုလည်း နမ်းသင့်ရင် နမ်းရမယ်

ကြတ်ခြေခတ်ဆိုတာ . . .
တကယ်တော့ အမှန်နှစ်ခါ
ခြစ်ပေးထားတာပါကွယ်

ရဲရဲသာလာ . . .
ငါ့ကိုမှီ . . . ငါ့လက်ကိုဆွဲ . .
မြင်းရထားတွေ မပါလည်း
ကမ္ဘာတစ်ဆုံး ပြေးထွက်ကြမယ်

ကျွန်းက ကိုင်းကိုမှီသလိုမျိုး
ကိုင်းက ကျွန်းကိုမှီ . . .
ရှေ့မှာလည်း …
လမ်းတစ်ပြ … နှစ်ပြသာ တွေ့ရတော့တယ်

ကချေသည်တို့ရဲ့တေးတွေ
အကွေ့အကောက်မရှိတဲ့ တိမ်တွေနဲ့
လမ်းကလေး … ဖြောင့်ဖြူးစွာ
စောင့်ကြိုနေလေရဲ့

လက်ကမ်းပါကွယ် . . .
နင့်လက်ကို ကမ်းပါ . . .
မှင်နီပဲတားတား လက်ပြပဲတားတား
ငါတို့ဆီမှာ လက်နက်က အလွမ်းတွေရှိတယ်

နေပူပူ .. မိုးရွာရွာ
ရက်ရာဇာ .. ပြဿဒါးမခွဲ
ကန္တာရထဲ ငါတို့ခရီးထွက်ကြရအောင်
သေချာရင် လက်ကမ်းတော့
ချစ်သူရယ် . . .
လက်ကလေးသာ ကမ်းလိုက်ပါတော့ကွယ်. . .။
(သောတ)

Friday, August 21, 2009

မမအတွက်ရေးတဲ့ ပန်းအလကာင်္

မမရေ . . .

ပန်းခြေဖ၀ါးမှာ ဝေဖူးသောပန်းတွေ

အိပ်မက်ဥတု တစ်ခုစာအထိ

လာလာပွင့်တတ်ကြတယ်



သိုးကျောင်းသား တစ်ယောက်ရဲ့ညခင်း

ဆွတ်ပျံ့စရာ အလွမ်းနဲ့

ရေတံခွန်လို . . .

ဝေဆင်းနေတယ်



မီးပုံထဲက နှလုံးသား ယဇ်ပူဇော်ပွဲကို

နွေဦးလေပြေ . . . ဘယ်ဂီတသံနဲ့အတူ

မျှော်သူရော . . .

ရောက်လာပါ့မလားကွယ်



ချောင်းငယ်လေးတစ်ခုက

ပင်လယ်ကို ဘယ်တော့စီးမျောခွင့်ရမှာလဲ

ဝေးကွာမှုနိယာမအရ . . . ဂြိုလ်ရံလအဖြစ်

ရံဝန်းခွင့်ပေးပါ မမရယ်



ချစ်သူကို ချစ်ကြောင်း

စာလုံးပေါင်းပြတာဟာ

တကယ်တော့ . . .

ယဉ်ကျေးမှုတစ်ရပ်ပါပဲ



လရောင်လွှမ်းတာ ဥယျာဉ်တစ်ခုလုံး

ညွှတ်ကွင်းထဲက သားကောင်လို. . .

ကြယ်တွေ ခူးပြီး

မမကို ပန်ပေးမှာပေါ့



သမိုင်းမှာ ဆုတ်ကိုင်လာတဲ့

အလံဖြူတစ်လက်

မမလက်ထဲ ထိုးအပ်ပါ့မယ်



ဘာပဲဖြစ်ဖြစ်

ကမ်းနဲ့ဗဟိုလို ဝေးနေခဲ့ဖူးတဲ့အတွက်

ကျွန်တော် လွမ်းတယ်

လွမ်းတယ် . . .။



သူရူးရဲ့ဆောင်ဓါး

မြေပေါ်ကို လွှတ်ချပြီးမှတော့

ဆောင်းဖိနပ်စီး၍

နှင်းကို မျှော်မည်



မမ . . .

သက်တန့်ကလေးတွေ ပွင့်ပေးပါ

မမ . . .

မီးအိမ်ကလေး လင်းတောက်ပေးပါ



အဲဒီလက်တော်နဲ့ပဲ

ဘယ်ဘတ်ရင်အုံကို

တံတားအထပ်ထပ်

ခင်းထားပေးပါ . . .



မျှော်သူ . . .

ဝတ်ရုံခြုံလွှာ ညဉ့်ယံဦး

ဟော့ဒီ ဂျစ်ပစီရဲ့ ကျောက်စာကို

အထပ်ထပ်တူးပါ



အစိမ်းရောင်တွေ ပွင့်ထွက်သွားကာမှ

နောက်ကျနေခဲ့မှန်းသိရ

ဆပ်ပြာပူပေါင်းတစ်လုံးရဲ့ ဘ၀ဟာ

ဘယ်လောက်မို့လို့လဲ



ဗုံသံ ၊ ဆောင်းသံ

လွင်ပြင်ခေါင်ခေါင်ထဲမှာ

ကြိုးဆွဲရာပဲ “ က ” တတ်တော့တာ

မမ သိရဲ့လား



ရွက်သစ်နုစို . . .

အညွှန့်တွေ လွန့်လူး

အထူးသဖြင့်

မမကို ပိုလို့တောင် မခူးရက်ခဲ့ပါဘူး



မြေဆီလွှာကြောင့် . . .

သင်းရင်သင်းခဲ့လိမ့်မယ် ၊ လင်းရင် လင်းခဲ့လိမ့်မယ်

ဥယျာဉ်ပျက်ထဲမှာတော့ မွှေးသောရနံ့တွေ မရှိခဲ့တာ

သေချာပါရဲ့ မမရယ်



လိပ်ပြာဖြစ်ခွင့်မရလိုက်တဲ့

ပိုးတုံးလုံးရဲ့ ဘ၀ကိုတော့

သနားတယ်



အဲဒီလိုနဲ့

ကျွန်တော့်ရင်ညွှန့်မှာ

မမ အက္ခရာတွေ လူးလွန့်ပြလာရတာ

မိုးတွေ ခဏခဏ ရွာပြီးပါရောလား

မမရယ် . . .။



(ရူးမိသူရဲ့ ပန်းအလကာင်္တွေကို ညီညီစီစီ သီကုံး " . . . " အတွက် ကဗျာတွေ ရေးနေဦးမယ်)