Saturday, February 4, 2012

ကမ္ဘာဆွဲအားကို ဆန့်ကျင်ခြင်း

ကျားကြီး ခြေရာကြီးလို့ မင်းတို့ ပြောတဲ့အခါ .. ကျားသေး ခြေရာ မကြီးနိုင်တော့ဘူးလား ဆိုတာ စဉ်းစားစရာပဲ ၊
မင်း .. ခေါက်ရိုးကျိုးနေမယ့်အစား မီးပူ မထိုးပဲ နေကြည့်ပါလား ၊
မျက်နှာဟောင်းကြီးတွေ
မျက်နှာဟောင်း (ကြီး) တွေ
မင်းတို့ စီးကရက်ကို ငါ့ဆီက ညှိယူကြ ၊
ငါဟာ မီးခြစ်တစ်လုံးပါ .. ငါ့ကို သုံးပြီးရင် ဂတ်(စ်) ပြန်ဖြည့်ပေးကြပါ .. ၊

ခန္ဓာကိုယ်နဲ့တောင်မှ လှော်ခတ်ဖို့ ငါ့မှာက ခန္ဓာကိုယ်လည်း မပါဘူး ၊
( ကြားခဲ့ဖူးတဲ့ သီချင်းအတိုင်း) မှတ်ထားကွယ် ငါဟာ အခြောက်ကလေး တစ်ယောက်ဖြစ်တယ် .. လို့
ပြောင်းဆိုကြဖို့ ကောင်းတော့တယ် ၊

တိုက်နံရံတွေက ကွဲအက်လို့ .. ၊ လူသားနံရံတွေကို ဘာနဲ့ ဖာ မလဲ
ပန်းတစ်ပွင့်ကို ငါးထောင်နဲ့ ရောင်းစားလိုက်တယ် .. သူ တော်တော် မြတ်သွားပုံပဲ
သူတော်တော် မြက် လိုက်ပုံ .. ၊
ဘတ်(တ်)မန်းက သူရဲကောင်းတိုင်းတော့ မျက်နှာဖုံး မစွပ်ဘူး .. တဲ့
ဒါဖြင့် .. သူခိုး ဓါးပြ တိုင်းလည်း မျက်နှာဖုံး မစွပ်ကြပါဘူး ဆိုတော့ ငါ့ကို သူမုန်းသွား ၊
မင်းက ငါ့ကို ဂွလိုက်တိုက်တဲ့ ကောင်ပဲ .. တဲ့ ၊
သူ့စကားအတိုင်းဆို ရှက်ဖွယ်လိလိ .. ရှက်ဖွယ်လိလိ ၊ ဘတ်(တ်)မန်း နဲ့ ငါ စကားပြတ်သွား
ကြိုး .. မင်းနာမည်က သိပ်လှတာပဲကွယ် ..
မင်း ကိုယ့်ရဲ့ ကမ္ဘာမြေထဲကို လာလည်လှည့်ပါလား
ရှင်ထင်သလို ကျွန်မက အူကျြူးလည်း မဟုတ် မူတူးလည်း မဟုတ်ဘူး
ဒီတော့ ရှင် ကျွန်မ ကို ဘယ်တော့မှ ဝယ်လို့ရမှာ မဟုတ်ဘူး
အိုး .. ကြိုးတွေ လှလှပပ ချည်တတ်လိုက်ပုံများ ဖွဲ့နွဲ့တတ်ပုံများ
ငါဟာ မင်းကို ဖိနပ်ကြိုးလုပ်ဖို့ မဟုတ်ပါဘူး
မင်းကို ခေါင်းစီးကြိုးလေး တစ်ချောင်း ဖြစ်စေချင်တာပါ
( ငါတို့ အချင်းချင်းဟာ ချည်မိကြသလား )

ဘဝဆိုတာ Jason Mraz သီချင်းထဲကလို ဝမ်းဒါးဖူးလ် လား .. ၊ စက်ဝိုင်းလို တစ်ချိန်လုံး လည်ပတ်နေတော့တာပဲလား၊
ရထားကို ခွဲခွာခြင်း ပြယုဂ်လို့ သဘောထားရင်
ရထားကို ဆိုက်ရောက်ခြင်း သင်္ကေတ လို့လည်း သဘောထားကြစေချင်တယ်
နှင်းတွေ ၊
အရိုးကျကွဲလောက်အောင် ပူလာရင်း
နွေဦးကို ရက်စက်စွာ
သရုပ်ဖော်ပြ .. ။
အခု ငါ့ရင်ဘတ်ကို တံခါးလို ခေါက်နေတာ ဘယ်သူများလဲကွယ်
ဖက်(ဘ်)ဗျာရီလား ၊ မာ့(ခ်ျ)လား ၊ ဧပရယ်(လ်) များလား
ကြက်ဖကြီးတွေ တွန်လို့ မနက်မိုးလင်းလာတာလားလို့ လူတွေ စဉ်းစားနေကြချိန်မှာ( စဉ်းစားပြီးခဲ့ချိန်မှာ)
ဇီးကွက်ကြီးတွေကတော့ဖြင့် ဘယ်တော့မှ အဲ့လို ခပ်ကြောင်ကြောင် စဉ်းစားနေမှာတော့ မဟုတ်ဘူးလို့
ငါ ထင် နေ တယ် ။ ။ ။ ။ ။ ။


သောတ
Sat, Feb 04, 2012
4 : 24 PM



Remembrance for 5 Feb 2012

Wednesday, April 28, 2010

ပိတောက် သင်္ချိုင်း

လူတွေဟာ တစ်ပွင့်နဲ့ တစ်ပွင့်မတူကြဘူး
ဟောင်းလောင်းပေါက် တောင်ကလေးရယ်
အကိုင်းမဖြာတော့တဲ့ သစ်ခြောက်ပင်အိုရယ်
မြို့ကလေးဟာလည်း
ကိုယ့်ဆေးလိပ်တိုလို ညိုပြာနေတယ်

Monday, April 5, 2010

တယ်လီဖုန်း (၂)

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .

Friday, February 5, 2010

နှင်းဝေသို့ ကဗျာတစ်ပုဒ်(၂)

ဒီနေ့ဟာ ကျွန်တော် ချစ်တဲ့ မမရဲ့မွေးနေ့ကလေးပါ။  ကျွန်တော်က ကျွန်တော့်ချစ်သူကို  မွန်မွန်မြတ်မြတ်လက်ဆောင်လေးတစ်ခုတော့ ပေးချင်တယ်။  တန်ဖိုးကြီးကြီးမားမားမဟုတ်ပေမယ့်  အသည်းနှလုံးနဲ့ပေးတဲ့ လက်ဆောင်ပါ။ ဒီကဗျာလေးကို ဖတ်မိလို့  မမအတွက် အားအင်တစ်ခုဖြစ်မယ်ဆိုရင်ပဲ  ကျွန်တော်  ကျေနပ်ပါပြီ။  ကဲ  .. မမရေ  .. ပျော်ရွှင်သော  မွေးနေ့ကလေးဖြစ်ပါစေ။း))

Saturday, January 16, 2010

ကောင်းကင်နက္ခတ်နဲ့ပွင့်တဲ့ ပန်း

            ကျောင်းခေါင်းလောင်းသံ လွင်လွင်ကလေးဟာ ကြားဖူးနေခဲ့ရတဲ့ နေ့တွေလို ပျင်းငွေ့ဖွယ်ရာနေ့လေးတစ်နေ့ပါပဲ။ နေကြတ်တဲ့ နေ့မဟုတ်သလို အဓိပတိလမ်းတစ်လျှောက် ခရေဦးတို့ လွင့်ပျံမွှေးသန့်ကြဆဲ…။ ဒါပေမယ့် အဲဒီနေ့မှာပဲ  မြှားအစင်းစင်းခြံရံပြီး ရနံ့ချိုတဲ့ နှင်းဆီဖြူလေးတစ်ပွင့် ကိုယ့်ရင်ထဲကို ရှောင်လို့မလွှတ်အောင် တဒုတ်ဒုတ်လာစိုက်ခဲ့တော့တယ်။
   လှိုင်းလုံးကြီး တစ်လုံးလို ကျောက်ဆောင်တွေကို ပစ်တိုက်ဝင်ဆောင့်၊ တိမ်ညိုတွေ တစ်လိပ်ပြီး တစ်လိပ် ပြိုကျ၊ နဂါးတစ်ကောင်က သူ့ပါးစပ်ကြီး ဖြဲပြီး ကိုယ့်အနားကို ရောက်လာသလို၊ မြေကြီးတွေ အက်ကွဲ၊ ရင်မှာ လျှပ်စီးကြောင်းတွေ တလက်လက်၊ ပန်းပွင့်တို့ ညွှတ်ကိုင်း၊ လေအတိမ်းမှာ နွဲ့ယိမ်းနေတဲ့ သစ်ရွက်ကလေးတွေလို သူ ကိုယ့်မျက်လုံးထဲမှာ မှုန်နေအောင် လှပါရဲ့။

Sunday, December 27, 2009

ကျွန်တော့်ရဲ့ဘဒ္ဒါ

“ဘာများသိတာရှိလဲ” လို့ ကျွန်တော်မေးတော့…
သူ့နှာခေါင်းကိုရှူံ့၊ သူ့ကော်ဖီရောင်ဆံပင်လေး ယိမ်းထိုးရင်း
“မသိဘူး .. မသိဘူး” လို့ အသံသေးသေးလေးနဲ့ပြန်အော်တယ်…

Sunday, October 25, 2009

အိပ်မက် ကျမ်းစာ

ညသည် အေးစက်နေသည်
လမ်းပြတတ်သော ဝတ်ရုံတို့ဖြင့်
ငါ့ကို . . . ခြုံပါ
ထိုလက်ဖဝါးတစ်စုံဖြင့်
ငါ . . . ဖူးပွင့်ချင်ပါသည်

အပိုင်းအကန့်တွေ ဖြတ်တောက်
စည်းမျဉ်းဘောင် ပျောက်တဲ့နေ့ကို မရောက်လည်း
လန်းသစ်ခဲ့ ငါ့ပန်းရုံလွှာ
နင့်အတွက်သာ နွေးထွေး
ငါ့ အနာဂါတ်ကို ပေးချင်တယ် . . .

မြူခိုးသော နွေရာသီများ၊ ဒီဇင်ဘာ နှင်းများ
လူသူအရောက်ပေါက်နည်းသော
ငါ့မှတ်တိုင်လေးမှာ
အေးမြသော ရေကြည်လက်နှင့် နင့်ကို ကြိုနေပါမည်

ဖြစ်နိုင်မယ်ဆိုရင်
သဲကန္တာရမှာလည်း
ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း
နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်

ကဗ်ာသံ ၊ အလကာၤသံ
အိပ်မက်တို့ ပွင့်ဖူး . . . အနာဂါတ်တို့ လွင့်သုန်
နက်ဖြန်ခါတိုင်းမှာ ဆုံချင်တယ်

ချိုရီမွှေးမြ ထာဝရပွင့်ဝေ
ငါ့သစ္စာရောင် ကျမ်းစာပိုဒ်ကြား
နင့်အသံတွေ နားခိုပါတော့ . . .
(သောတ + အိပ်မက်ဖြူ)


(ထိုသို့ဖြင့် လျှောက်ခဲ့သော လမ်းတို့သည် ကြမ်း၏ ၊နူးညံ့၏ ၊ ညွှတ်ကွင်းတို့ ရှိ၏ ၊ မာယာဖွဲ့ လောကမှာမှ ကျွန်တော်နှင့် မီးအိမ်ကလေးတို့၏ လမ်းသည် ဆုံမှတ်တစ်ခုစာကို ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ဖြင့် ကျွန်တော်နှင့် မီးအိမ်ကလေး ၊ မီးအိမ်ကလေးနှင့်ကျွန်တော် နက်ဖြန်ခါပေါင်းများစွာကို လှမ်းလျှောက်နေပါဦးမည်။)
(ချစ်သူသက်တမ်း (၁) နှစ်ပြည့် အမှတ်တရ)

Wednesday, September 30, 2009

ဥယျာဉ်ပျက်ထဲက ဝတ်မှုန်


(၁)

တစ်နေ့မှာ

မိုးတိမ်အက်ဆစ်

မုတ်သုန် အရိုင်းအစိုင်းတို့

တစ်ထစ်ထစ်ချင်း ပြိုကျလာတယ်


အသိုက်အဝန်းတစ်ခုဟာ

သိုက်သိုက် ဝန်းဝန်းလေး

ဖြစ်နေတာကိုပဲ လိုချင်ပါတယ်

အဖေနဲ့အမေ


ဘဝမှာ ကြယ်တွေ

ဘယ်လောက် ကြွေကြွေ

နောက်ဆုံး ကိုယ့်အိပ်မက်ကို

ကိုယ်ပဲ ဆောက်ကြရမယ်မဟုတ်လား


အဖေရယ် .. အမေရယ် ..

ကျွန်တော်ဟာ …

အမေတို့ ဖြစ်စေချင်တဲ့

လူရည်ချွန်ကလေး ဖြစ်မလာခဲ့ပါဘူး


ဥယျာဉ်ကြီးတစ်ခုလုံးကို

ဝတ်မှုန်ကလေးတစ်ပွင့်နဲ့ တိုင်း

အဖေနဲ့ အမေ အပေါ်

ကျွန်တော် ရိုင်းတယ်လေ


သူများတွေ . . . လင်းကြ ထင်းကြ

အဲဒါ အဖေနဲ့ အမေတို့ရဲ့

ဆန္ဒတစ်စုံတစ်ရာလောက်တောင် မရှိတာ

ကျွန်တော် သိတာပေါ့


(၂)

အမေရယ် . . .

ကံကြမ္မာ လက်သီးကပဲ

ပြင်းလွန်းသလား မသိပါဘူး

ကြိုးဝိုင်းထဲမှာ . . . ကျွန်တော်ဟာ

ခေါင်းတောင် ပြန်မထောင်နိုင်တော့ဘူး . . .


ဘယ်လောက်ပဲ ချို့တဲ့နွမ်းပါး

သိတတ်တဲ့ စိတ်ကလေးတစ်ခုတော့

အမေတို့ ဖြစ်စေချင်မှာပဲလေ ..


တစ်ချို့က ပြောကြတယ်

အမေတို့ရဲ့ အရိပ်တန်ဖိုးကို

မသိဘူးတဲ့ ..


ဟုတ်တယ် ..

ကျွန်တော် မရယ်နိုင်ပါဘူး

အမေရယ် . . .

ရိုင်းစိုင်းတဲ့ ကျည်တောင့်ကို ပစ်ဖောက်

အမေတို့ဆီမရောက် . . .

နောက်ဆုံး . . .

ကျွန်တော့် အသည်းနှလုံးသာ

ပေါက်ခဲ့ပါတယ် . . .


တစ်ခါတစ်လေတော့လည်း

မေးချင်ပါတယ် . . .

နိမ့်တတ် မြင့်တတ်တဲ့

ကံကြမ္မာဆိုတာ . . .

မျက်နှာကြီးရာပဲ လိုက်တတ်တာလားလို့ …


(၃)

အမေ့လက်က

ပန်းအက္ခရာဟာ

ကျွန်တော့် တိမ်တွေကို

ပုံဖော်ထုဆစ်နေတာပေါ့ . . .


ဘယ်သူမှ လှည့်မကြည့်ရင်တောင်

လူမိုက်ကလေးတွေရဲ့ မြှားဦးဟာ . . .

အဲဒီအရိပ်တွေဆီပဲ

ပြန်ကွေ့ပတ်ပြီး လာတတ်တာမဟုတ်လား


အရှေ့ရိုးက တံတိုင်းကြီး

အဖေဟာလည်း . . .

ခန္ဓာကိုယ်မှာ အရိုးအမြောင်းမြောင်းနဲ့

မညှင်းမသွဲ့ မနွဲ့မတည်

ဘဝ စောင်းကြိုးကိုလည်း သီမြဲသီနေရတယ်


တစ်ဖြည်းဖြည်းချင်း သေမင်းရဲ့ ခံတွင်းဝမှာ

လုံးပါး ပါးလာရဦးမယ့် မိဘတွေအတွက်

ဘယ်တော့မှ . . . နောင်တဆိုတာ မရချင်ပါဘူး

အဖေရယ် . . . အမေရယ် . . .


နက္ခတ် ၊ တာရာ ၊ ဂြိုလ်

အမေတို့ရဲ့ ဇာတာ အထားအသိုဟာ

မီးနီမှာများ ရပ်မိနေသလား


ဒါတွေဟာ … ဝဋ်ကြွေးတဲ့လား ..

ဘယ်လိုပဲ ဖြစ်ဖြစ်

တရားနဲ့ပဲ ဖြေကြရမယ်မဟုတ်လား

တရားနဲ့ပဲ ဖြေကြမယ် အမေရယ်


(၄)

မြင်းမိုရ်တောင်ကြီး ပြိုချင် ပြိုလိမ့်မယ်

အမေတို့ရဲ့ မေတ္တာ

လတစ်စင်းပမာ ထာဝစဉ်

တည်နေမှာတော့ အသေချာပဲ


စာအုပ် ၊ ဝတ္ထုတွေ ဖတ်ပြီး

စိတ်ကူးတတ်တဲ့ သားကို

အမေက ပြောလိမ့်မယ်

“ ပင်လယ်က ပင်လယ်လို

နေပါ .. သားရယ် ’’

(ကျွန်တော်က သမုဒ္ဒရာကြီးတွေလို

ကျယ်ပြော နက်ရှိုင်းချင်ခဲ့တာကိုး)


ဒီစကားတွေ ကြားမှာပဲ

ကျွန်တော် လူမိုက်ကလေးဟာ

ရူးသွပ်ခြင်း ဝတ်ရုံကို ခြုံ

အိပ်မက်ဟာ လုံနေပြီလို့ ထင်ခဲ့မိတယ် . . .


(၅)

အမေရယ် . . .

ပလပ်စတစ် အိတ်တစ်လုံးလို

လွင့်ချင်ရာ လွင့်ဖူးတဲ့

မြွေပွေးလို သားကို

အမေ ခါးပိုက် ပိုက်ထားရတာလား


နက်ဖြန်ခါဟာ နေဝင်

နက်ဖြန်ခါဟာ နေထွက်

ဒီလိုနဲ့ပဲ . . . အမေ့ သက္ကရာဇ်တွေ

ရင့်ရော် ပြိုပျက်လှပါပြီ


မုန်တိုင်းကြမ်း တစ်ချက်မှာ

ပျက်ကြွေခဲ့ရဖူးတဲ့ . . .

ဥယျာဉ်ပျက်ကလေးဟာ

ဘယ်တော့မှာ စိမ်းစိုလာမလဲ . . .


အမေ . . .

ဘုရားဝတ် ပြုပါ . . .

အမေ . . .

လရောင်ကို လှုံပါ . . .

အမေ . . .

တရားနဲ့ ဖြေပါ

အမေရယ် . . .။

































(သောတ)

( ဘယ်လောက်ပဲ အရိပ်တွေခြုံခြုံ .. မိဘအရိပ်လောက်တော့ ဘယ်အရာမှ လုံမယ်မထင်ဘူးနော်)

Saturday, September 19, 2009

မကြည်ပြာနှင့် သာမန်နေ့စွဲလေးများအကြောင်း



မကြည်ပြာ . . . ။

မကြည်ပြာ . . . ။

မကြည်ပြာ . . . ။

မကြည်ပြာ . . . ။

အခုလို အချိန်မှာ မထင်မှတ်ပဲ မကြည်ပြာနဲ့ ပြန်တွေ့ဆုံခွင့်ရတာ ကံကြမ္မာကိုပဲ ကျေးဇူးတင်လိုက်ပါတယ်။ မကြည်ပြာ နေကောင်းပါတယ်နော်။ အရင်က မကြည်ပြာရဲ့ အနားမှာ မယောင်မလည် လုပ်တတ်တဲ့ စုတ်စုတ်ပြတ်ပြတ် လေလွင့်သူ တစ်ယောက်ရှိခဲ့ဖူးမှာပေါ့။ အဲဒီလူဟာ အုတ်ခဲကြားထဲမှာ ပေါက်နေတဲ့ မြက်ရိုင်းပွင့်ကလေးပါ မကြည်ပြာ။

လွမ်းတယ် . . . မကြည်ပြာရယ် . . . ။

မကြည်ပြာရဲ့ နာမည် အပြည့်အစုံမှာ ကြည်ပြာ ဆိုတာ ပါပါတယ်။ စံပယ်တစ်ထပ် ၊ ဝတ်မှုန်တစ်ထပ်နဲ့ ပန်းည တစ်ခုမှာ ကျွန်တော် မကြည်ပြာကို စွဲလန်းမိတာပါ။ ကျွန်တော် စိတ်ထဲမှာ မကြည်ပြာကို ကျွန်တော့်ရဲ့ ငယ်စဉ်အိပ်မက်တွေထဲက အဖြူရောင် နတ်သမီး တစ်ပါးလို့ ထင်ခဲ့မိတယ် ( အိပ်မက်တို့မည်သည် အိပ်မက်ဆိုတဲ့ နာမည်အတိုင်း တဖြည်းဖြည်း ကွယ်ရီဝေပျောက် သွားတာပဲလေ )။

မကြည်ပြာရဲ့ ဆံမျှင်တွေဟာ လရောင်ကိုတောင် မြင်ရလောက်တယ်။ မကြည်ပြာရဲ့ အလှဟာ ရင်ထဲကို ( ကစားစရာ အရုပ်ပျောက်သွားတဲ့ ကလေးတစ်ယောက်ရဲ့ ရင်ခုန်သံတွေလို ) ကူးချည် သန်းချည်နဲ့။ ချွန်ထက်နေတဲ့ လက်သည်း အခွံတွေနဲ့ အပါးတော်က အမိန့်တွေကို စေညွှတ်နေသလိုပဲ။ လေအဝေ့မှာ ကူးသွားခဲ့ရတဲ့ ဝတ်ဆံကလေးတွေလို မကြည်ပြာက ကဝေအတတ်တွေနဲ့လည်း ပြုစားတတ်တယ်။ အဲဒီညဟာ ပင်လယ်အစွယ်က လပြည့်ဝန်းကို လှမ်းလှမ်း ချိတ်တဲ့ည ဖြစ်ပါလိမ့်မယ်။

မကြည်ပြာရယ် . . .

အဲဒါ အချစ်လားဟင် … … … … … … … … … … … …။

ကျွန်တော်ကသာ မျှော်လင့်မိတာပါ။ မကြည်ပြာက ကျွန်တော့်ကို ကကြီးလား ခခွေးလား ကွဲအောင် ကြည့်ဖူးတာ မဟုတ်ဘူး ( ကကြီး ခခွေးလားတောင် မကြည့်တာ ၊ ဂဃဏန ဆိုရင် ပိုတောင် ဆိုးမှာပေါ့ ၊ ထားပါ)။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကျွန်တော် မကြည်ပြာရဲ့ မျက်ဝန်းဘာသာစကားကို နားမလည်ဘူး။ ရင်လည်း မဆိုင်ရဲဘူး။ ဒါပေမယ့် မကြည်ပြာရဲ့ အဝေးတစ်နေရာကနေတော့ ခိုးခိုးကြည့်မိခဲ့တယ်။ ဒါကို မကြည်ပြာ မသိပါဘူး။ သိမှာလည်း မဟုတ်ပါဘူး။ မကြည်ပြာရယ် တစ်ခါတစ်လေမှာ “ ချစ်တယ် ’’ ဆိုတဲ့ စကားဟာ ဆောင်းမနက်မှာ ဝေဝေဝင့်ဝင့်ဖြူဖြူ ဆင်းကျနေတဲ့ နှင်းမြူကလေးတွေနဲ့ တူတယ်။ မကြည်ပြာ အနားရောက်တဲ့အခိုက် အဲဒီနှင်းမြူတွေ ရှင်းလွင်ပျောက်ရှသွားတော့တာပါပဲ။ မကြည်ပြာ အဲဒါကို နားလည်လား။ နားမလည်တာပဲ ကောင်းပါတယ် မကြည်ပြာရယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒါကို သေချာ နားမလည်ခဲ့ပါဘူး။ (နောက်တော့မှ ကျွန်တော်လည်း သိရတော့တယ်)။

မကြည်ပြာဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။ မာနဂုဏ်မမောက်မာတတ်တဲ့ အရိပ်ဟာ မကြည်ပြာရဲ့ မျက်နှာရိပ်မှာ လွင်ပေါ်ဖွဲ့တည်နေတယ်။ ကျွန်တော် မကြည်ပြာနဲ့ စကားပြောဖူးချင်တယ်။ မကြည်ပြာ ကျောင်းသွား၊ ကျောင်းပြန်ချိန်တွေမှာ ကျွန်တော် ဘေးနားမှာ အရိပ်ကလေးလို လိုက်ခဲ့ချင်တယ်။ မကြည်ပြာရဲ့ ပွင့်ချပ်လေးတွေ အောက်မှာ ကျွန်တော် ဆူးတောက်လေး တစ်ခုအဖြစ် ပွင့်ခွင့်ရချင်မိတယ် မကြည်ပြာရယ်။ ဒါဟာ ကျွန်တော့် စိတ်ကူးကလေးတွေပါ။ ကောင်းကင်သံချွန်နဲ့ ပင်လယ်အပ် ဆုံကောင်း ဆုံလိမ့်မယ်။ တကယ်တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူးဆိုပေမယ့် ၊ ကျွန်တော် လွမ်းတယ်။ လွမ်းတယ် မကြည်ပြာရယ်။

မကြည်ပြာနဲ့ ကျွန်တော်ဟာ လူ့ပေတံအရ စည်းမျဉ်းကင်းကွာမှု များပါတယ်။ ဒါပေမယ့် မကြည်ပြာကို မြင်ချင်တဲ့ စိတ်နဲ့အဲဒီ လရိပ်ကို အဝေးကပဲ နမ်းခဲ့တယ်။ တစ်ယောက်ထဲ နေရတဲ့ အခန်းကျဉ်းတစ်နေရာကို ကျရောက်လာတဲ့ လရိပ်ကို ကျွန်တော်က စိတ်ကူးနဲ့ နမ်းလိုက်တာပါ။ ငြိမ်းချမ်းပါစေ မကြည်ပြာရယ်။ မြူခိုးတဝေဝေ ၊ အလွမ်းတို့ ကြွေကျ တိမ်လူကလေးရဲ့ သက်တန့်တွေကို မီးအိမ်ထဲမှာပဲ ထည့်ဖွက်ထားလိုက်ပါတော့မယ်။ ထားလိုက်ပါ မကြည်ပြာ။ ကျွန်တော်ဆိုတဲ့ ကောင်ဟာ ဒွိဟ အထပ်ထပ်နဲ့ ဖိနပ်အပြတ်ကလေး တစ်ဖက်ပါ။ မကြည်ပြာ ချနင်းဖို့ ဘယ်လိုမှ မသင့်တော်ပါဘူး မကြည်ပြာရယ်။ အဲဒီအတွက် ဝေးစေ ဆိုတဲ့ ကျည်တစ်တောင့် မကြည်ပြာနဲ့ ကျွန်တော့် ကြားမှာ ပစ်ဖောက်ပေးလိုက်တာပေါ့။ ဝေးစေ . . . ဝေးသွားပါစေကွယ်။ မကြည်ပြာ ထာဝစဉ် ငြိမ်းမြပါစေနော်။ တစ်ခါတစ်ရံမှာ စိတ်ကူးနဲ့ လက်တွေ့ဟာ တစ်ခြားဆီ ဖြစ်နေတတ်တယ် … ။

ကျွန်တော်ကတော့ ဂျစ်ပစီကျောက်စာမှာ မကြည်ပြာ့နာမည်ကို ထွင်း … မနက်ဖြန်တိုင်းမှာ ကျွန်တော် တစ်ယောက်ထဲ လင်းနေမယ်။ မထိုက်တန်မှတော့ လွင့်မျောပေးရမှာပဲ မဟုတ်လား မကြည်ပြာရယ်။

အဲဒီလို မသိလိုက် မသိသာလေးပဲ ကျွန်တော် မကြည်ပြာအနားက လွင့်စင်မှုန်ဝေခဲ့ပါတယ်။ မကြည်ပြာကို သတိရတိုင်းလည်း လမင်းနဲ့ စကားတွေ ပြောမိတယ်။ မကြည်ပြာရဲ့ ပန်းသတင်းတွေလည်း မွှေးသထက် မွှေးနိုင်ပါစေ မကြည်ပြာရယ်။ ချစ်တယ်ဆိုတာ မပြောဖြစ်ခဲ့တဲ့အတွက် ထိုက်တန်တဲ့ အလွမ်းတွေနဲ့ မကြည်ပြာကို ချစ်မြတ်ဖြူစင် လွမ်းဆွတ်နေမှာပါ။

သင်းကွဲသီချင်း၊ လရိပ်နမ်းသူ၊ ဖတ်ဖို့မသင့်တဲ့ စာ၊ အုတ်ခဲကြားက မြက်ရိုင်းအိပ်မက် အားလုံးကို လှည့်မကြည့်ပါနဲ့ မကြည်ပြာ။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော် မကြည်ပြာကို နှင်းစက်တို့ အလီလီပြောင်း ညရိပ်တို့ နရီနှောင်း အားလုံးထက် ထာဝရ အဆက်ဆက်ချစ်နေမယ်။

ရွှေရောင် မနက်ဖြန်တွေအတွက် မနမ်းရက်ခဲ့သော ပန်းတွေလည်း နောင်တစ်ချိန်မှာ မကြည်ပြာနဲ့ အတူမွှေးနေလိမ့်မယ်။

မကြည်ပြာ . . . နှုတ်ဆက်ပါတယ်။ မကြည်ပြာ . . . နှုတ်ဆက်ခဲ့ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် မကြည်ပြာရယ်။





























ဝန်ခံချက်။ ။ ကျွန်တော်နှင့် မြူနှင်းဝေသော ညများ ဝတ္ထုတိုလေးအား ဖတ်မိ၍ ဖြစ်ပေါ်လာသော စိတ်ကူးအား အကောင်အထည်ဖော်၍ ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။
(သောတ)

Saturday, September 12, 2009

သုညတစ်လုံးနဲ့လူ

နေရိပ် ခဏခဏနမ်းမှ
ရနံ့ပွင့်တာ မဟုတ်ပါဘူး
အဲဒီလိုမျိုးနဲ့ . . .
သူ့ကိုယ့်သူ ရောင့်ရဲတယ်

အဲဒါဟာ . . .
မြင့်မြတ်ခြင်းကို ပန်ဆင်တတ်တဲ့
လူတစ်ယောက်ရဲ့
ဝတ်မှုန်ပဲ . . .

ကဲ . . .
ဘယ်သူများ ပြေးလိုက်ရဲသလဲ
အားလုံးရှေ့မှာ . . .
ခွာသံတွေနဲ့ ကျွန်တော်တို့တွေ
ချီတက်နေကြတယ်

စုန်းကဗျာတော့
မဟုတ်ပါဘူး. . .
ဒါပေမယ့် . . . သူ့ကဗျာမှာ
မီးတွေ ဟုန်းဟုန်းတောက်
တစ်ယောက်ရဲ့ အသည်းကို
ထိုးဖောက်တတ်တယ်

သုညလူရေ. . .
ဝေဝါးခြင်း သက္ကရာဇ်ထဲမှာပဲ
ရွက်လွင့် . . .
အိပ်မက်တို့ရဲ့ ရာစုတွေလည်း
ပွင့်ရမယ်ကွယ်

ဘယ်သူမှ . . .
မတောက်ပရင် နေပါစေ
သုညလူရေ . . .
(တကယ်တော့)
သုညတိုင်းဟာလည်း . . .
တန်ဖိုးတစ်နေရာကို တပ်
နက်ဖြန် အတောင်တွေ ခတ်နေလိမ့်မယ် . . . ။ ။