Saturday, September 19, 2009

မကြည်ပြာနှင့် သာမန်နေ့စွဲလေးများအကြောင်း



မကြည်ပြာ . . . ။

မကြည်ပြာ . . . ။

မကြည်ပြာ . . . ။

မကြည်ပြာ . . . ။

အခုလို အချိန်မှာ မထင်မှတ်ပဲ မကြည်ပြာနဲ့ ပြန်တွေ့ဆုံခွင့်ရတာ ကံကြမ္မာကိုပဲ ကျေးဇူးတင်လိုက်ပါတယ်။ မကြည်ပြာ နေကောင်းပါတယ်နော်။ အရင်က မကြည်ပြာရဲ့ အနားမှာ မယောင်မလည် လုပ်တတ်တဲ့ စုတ်စုတ်ပြတ်ပြတ် လေလွင့်သူ တစ်ယောက်ရှိခဲ့ဖူးမှာပေါ့။ အဲဒီလူဟာ အုတ်ခဲကြားထဲမှာ ပေါက်နေတဲ့ မြက်ရိုင်းပွင့်ကလေးပါ မကြည်ပြာ။

လွမ်းတယ် . . . မကြည်ပြာရယ် . . . ။

မကြည်ပြာရဲ့ နာမည် အပြည့်အစုံမှာ ကြည်ပြာ ဆိုတာ ပါပါတယ်။ စံပယ်တစ်ထပ် ၊ ဝတ်မှုန်တစ်ထပ်နဲ့ ပန်းည တစ်ခုမှာ ကျွန်တော် မကြည်ပြာကို စွဲလန်းမိတာပါ။ ကျွန်တော် စိတ်ထဲမှာ မကြည်ပြာကို ကျွန်တော့်ရဲ့ ငယ်စဉ်အိပ်မက်တွေထဲက အဖြူရောင် နတ်သမီး တစ်ပါးလို့ ထင်ခဲ့မိတယ် ( အိပ်မက်တို့မည်သည် အိပ်မက်ဆိုတဲ့ နာမည်အတိုင်း တဖြည်းဖြည်း ကွယ်ရီဝေပျောက် သွားတာပဲလေ )။

မကြည်ပြာရဲ့ ဆံမျှင်တွေဟာ လရောင်ကိုတောင် မြင်ရလောက်တယ်။ မကြည်ပြာရဲ့ အလှဟာ ရင်ထဲကို ( ကစားစရာ အရုပ်ပျောက်သွားတဲ့ ကလေးတစ်ယောက်ရဲ့ ရင်ခုန်သံတွေလို ) ကူးချည် သန်းချည်နဲ့။ ချွန်ထက်နေတဲ့ လက်သည်း အခွံတွေနဲ့ အပါးတော်က အမိန့်တွေကို စေညွှတ်နေသလိုပဲ။ လေအဝေ့မှာ ကူးသွားခဲ့ရတဲ့ ဝတ်ဆံကလေးတွေလို မကြည်ပြာက ကဝေအတတ်တွေနဲ့လည်း ပြုစားတတ်တယ်။ အဲဒီညဟာ ပင်လယ်အစွယ်က လပြည့်ဝန်းကို လှမ်းလှမ်း ချိတ်တဲ့ည ဖြစ်ပါလိမ့်မယ်။

မကြည်ပြာရယ် . . .

အဲဒါ အချစ်လားဟင် … … … … … … … … … … … …။

ကျွန်တော်ကသာ မျှော်လင့်မိတာပါ။ မကြည်ပြာက ကျွန်တော့်ကို ကကြီးလား ခခွေးလား ကွဲအောင် ကြည့်ဖူးတာ မဟုတ်ဘူး ( ကကြီး ခခွေးလားတောင် မကြည့်တာ ၊ ဂဃဏန ဆိုရင် ပိုတောင် ဆိုးမှာပေါ့ ၊ ထားပါ)။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကျွန်တော် မကြည်ပြာရဲ့ မျက်ဝန်းဘာသာစကားကို နားမလည်ဘူး။ ရင်လည်း မဆိုင်ရဲဘူး။ ဒါပေမယ့် မကြည်ပြာရဲ့ အဝေးတစ်နေရာကနေတော့ ခိုးခိုးကြည့်မိခဲ့တယ်။ ဒါကို မကြည်ပြာ မသိပါဘူး။ သိမှာလည်း မဟုတ်ပါဘူး။ မကြည်ပြာရယ် တစ်ခါတစ်လေမှာ “ ချစ်တယ် ’’ ဆိုတဲ့ စကားဟာ ဆောင်းမနက်မှာ ဝေဝေဝင့်ဝင့်ဖြူဖြူ ဆင်းကျနေတဲ့ နှင်းမြူကလေးတွေနဲ့ တူတယ်။ မကြည်ပြာ အနားရောက်တဲ့အခိုက် အဲဒီနှင်းမြူတွေ ရှင်းလွင်ပျောက်ရှသွားတော့တာပါပဲ။ မကြည်ပြာ အဲဒါကို နားလည်လား။ နားမလည်တာပဲ ကောင်းပါတယ် မကြည်ပြာရယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒါကို သေချာ နားမလည်ခဲ့ပါဘူး။ (နောက်တော့မှ ကျွန်တော်လည်း သိရတော့တယ်)။

မကြည်ပြာဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။ မာနဂုဏ်မမောက်မာတတ်တဲ့ အရိပ်ဟာ မကြည်ပြာရဲ့ မျက်နှာရိပ်မှာ လွင်ပေါ်ဖွဲ့တည်နေတယ်။ ကျွန်တော် မကြည်ပြာနဲ့ စကားပြောဖူးချင်တယ်။ မကြည်ပြာ ကျောင်းသွား၊ ကျောင်းပြန်ချိန်တွေမှာ ကျွန်တော် ဘေးနားမှာ အရိပ်ကလေးလို လိုက်ခဲ့ချင်တယ်။ မကြည်ပြာရဲ့ ပွင့်ချပ်လေးတွေ အောက်မှာ ကျွန်တော် ဆူးတောက်လေး တစ်ခုအဖြစ် ပွင့်ခွင့်ရချင်မိတယ် မကြည်ပြာရယ်။ ဒါဟာ ကျွန်တော့် စိတ်ကူးကလေးတွေပါ။ ကောင်းကင်သံချွန်နဲ့ ပင်လယ်အပ် ဆုံကောင်း ဆုံလိမ့်မယ်။ တကယ်တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူးဆိုပေမယ့် ၊ ကျွန်တော် လွမ်းတယ်။ လွမ်းတယ် မကြည်ပြာရယ်။

မကြည်ပြာနဲ့ ကျွန်တော်ဟာ လူ့ပေတံအရ စည်းမျဉ်းကင်းကွာမှု များပါတယ်။ ဒါပေမယ့် မကြည်ပြာကို မြင်ချင်တဲ့ စိတ်နဲ့အဲဒီ လရိပ်ကို အဝေးကပဲ နမ်းခဲ့တယ်။ တစ်ယောက်ထဲ နေရတဲ့ အခန်းကျဉ်းတစ်နေရာကို ကျရောက်လာတဲ့ လရိပ်ကို ကျွန်တော်က စိတ်ကူးနဲ့ နမ်းလိုက်တာပါ။ ငြိမ်းချမ်းပါစေ မကြည်ပြာရယ်။ မြူခိုးတဝေဝေ ၊ အလွမ်းတို့ ကြွေကျ တိမ်လူကလေးရဲ့ သက်တန့်တွေကို မီးအိမ်ထဲမှာပဲ ထည့်ဖွက်ထားလိုက်ပါတော့မယ်။ ထားလိုက်ပါ မကြည်ပြာ။ ကျွန်တော်ဆိုတဲ့ ကောင်ဟာ ဒွိဟ အထပ်ထပ်နဲ့ ဖိနပ်အပြတ်ကလေး တစ်ဖက်ပါ။ မကြည်ပြာ ချနင်းဖို့ ဘယ်လိုမှ မသင့်တော်ပါဘူး မကြည်ပြာရယ်။ အဲဒီအတွက် ဝေးစေ ဆိုတဲ့ ကျည်တစ်တောင့် မကြည်ပြာနဲ့ ကျွန်တော့် ကြားမှာ ပစ်ဖောက်ပေးလိုက်တာပေါ့။ ဝေးစေ . . . ဝေးသွားပါစေကွယ်။ မကြည်ပြာ ထာဝစဉ် ငြိမ်းမြပါစေနော်။ တစ်ခါတစ်ရံမှာ စိတ်ကူးနဲ့ လက်တွေ့ဟာ တစ်ခြားဆီ ဖြစ်နေတတ်တယ် … ။

ကျွန်တော်ကတော့ ဂျစ်ပစီကျောက်စာမှာ မကြည်ပြာ့နာမည်ကို ထွင်း … မနက်ဖြန်တိုင်းမှာ ကျွန်တော် တစ်ယောက်ထဲ လင်းနေမယ်။ မထိုက်တန်မှတော့ လွင့်မျောပေးရမှာပဲ မဟုတ်လား မကြည်ပြာရယ်။

အဲဒီလို မသိလိုက် မသိသာလေးပဲ ကျွန်တော် မကြည်ပြာအနားက လွင့်စင်မှုန်ဝေခဲ့ပါတယ်။ မကြည်ပြာကို သတိရတိုင်းလည်း လမင်းနဲ့ စကားတွေ ပြောမိတယ်။ မကြည်ပြာရဲ့ ပန်းသတင်းတွေလည်း မွှေးသထက် မွှေးနိုင်ပါစေ မကြည်ပြာရယ်။ ချစ်တယ်ဆိုတာ မပြောဖြစ်ခဲ့တဲ့အတွက် ထိုက်တန်တဲ့ အလွမ်းတွေနဲ့ မကြည်ပြာကို ချစ်မြတ်ဖြူစင် လွမ်းဆွတ်နေမှာပါ။

သင်းကွဲသီချင်း၊ လရိပ်နမ်းသူ၊ ဖတ်ဖို့မသင့်တဲ့ စာ၊ အုတ်ခဲကြားက မြက်ရိုင်းအိပ်မက် အားလုံးကို လှည့်မကြည့်ပါနဲ့ မကြည်ပြာ။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော် မကြည်ပြာကို နှင်းစက်တို့ အလီလီပြောင်း ညရိပ်တို့ နရီနှောင်း အားလုံးထက် ထာဝရ အဆက်ဆက်ချစ်နေမယ်။

ရွှေရောင် မနက်ဖြန်တွေအတွက် မနမ်းရက်ခဲ့သော ပန်းတွေလည်း နောင်တစ်ချိန်မှာ မကြည်ပြာနဲ့ အတူမွှေးနေလိမ့်မယ်။

မကြည်ပြာ . . . နှုတ်ဆက်ပါတယ်။ မကြည်ပြာ . . . နှုတ်ဆက်ခဲ့ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် မကြည်ပြာရယ်။





























ဝန်ခံချက်။ ။ ကျွန်တော်နှင့် မြူနှင်းဝေသော ညများ ဝတ္ထုတိုလေးအား ဖတ်မိ၍ ဖြစ်ပေါ်လာသော စိတ်ကူးအား အကောင်အထည်ဖော်၍ ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။
(သောတ)

2 comments:

  1. ကောင်းလှချည်လား ... လန်းတယ်... ဒီထက်ရှည်ရှည်ရေးတာမဟုတ်ဘူး ဖတ်လို့မ၀သေးဘူး... ဒီအကြောင်းအရာတစ်ခုတည်းကိုပြောနေတာတောင် ရိုးအီမသွားဘူး ....

    ကျွန်တော်ဆိုတဲ့ ကောင်ဟာ ဒွိဟ အထပ်ထပ်နဲ့ ဖိနပ်အပြတ်ကလေး တစ်ဖက်ပါ။ မကြည်ပြာ ချနင်းဖို့ ဘယ်လိုမှ မသင့်တော်ပါဘူး မကြည်ပြာရယ်။

    ကျွန်တော်ကတော့ ဂျစ်ပစီကျောက်စာမှာ မကြည်ပြာ့နာမည်ကို ထွင်း … မနက်ဖြန်တိုင်းမှာ ကျွန်တော် တစ်ယောက်ထဲ လင်းနေမယ်။

    အကြိုက်ဆုံးစာသားလေးတွေပါ...

    ReplyDelete
  2. ကဗျာကောင်လေးက ကဗျာတွေပဲရေးတယ်ထင်တာ ဒီလိုတော့လည်း စိတ်ကူးယဉ်သားပဲ အင်း...ကောင်းတယ် ကောင်းတယ် ဆက်ရေး...အမြဲအားပေးနေပါ့မယ် ကဗျာဆန်ဆန်ရေးတတ်မှုလေးတွေ ကို ဂုဏ်ယူလျှက်ပါ


    အားပေးလျှက်
    သမီးပျို

    ReplyDelete