Tuesday, May 12, 2009

စာအုပ်ကလေးရဲ့ တရာသီစာအလွမ်း

စာမျက်နှာတွေကို သေခိုင်းစေလိုက်မှ
မှင်တွေကို ငိုခိုင်းစေလိုက်မှ
လွမ်းလို့ ဆိုပြီး. . .
ခေါင်းစဉ်မတပ်လိုက်ကြပါနဲ့. . .

နှလုံးခုန်သံတွေ မြန်လွန်းတော့
အသက်ရှူဖို့ကို မေ့ပြီး. . .
သတိမရအောင် လုပ်ဖို့ကိုသာ
သတိရတော့တယ်. . .

ကောင်မလေးရေ. . .
ကယ်ပါလို့ မပြောချင်ပေမယ့်
ကယ်ပါလို့ပဲ ပြောမိတယ်. . .

ခြေလှမ်းလေးတွေ ပန်းပွင့်လာ
အပြုံးလေးတွေ မြင်ရတွေ့ရ နိုးထလာ
နှိုးစက်လေးနဲ့ သတိရခြင်းစာမျက်နှာ
တနေ့ရဲ့ ဒိုင်ယာရီတခြမ်း သေဆုံး
ကိုယ့်အမြစ်ကိုယ်လှန်တဲ့ သစ်ပင်
အုတ်ခဲကြားက မြက်ရိုင်းအိပ်မက်

အားလုံးဟာ စာရွက်တွေပေါ်မှာပဲ
ကခုန်တီးမှုတ် သီချင်းတပုဒ်
လုပ်လိုက်ကြတယ်. . .

အားလုံးကလဲ ချစ်သူဖတ်ဖို့
ရေးထားတဲ့ အလကာင်္တွေပါ
ဘာကိုမှ ဆုတ်ကိုင်ထားခွင့်မရှိပါဘူး. . .

ကောင်မလေးရေ. . .
ငါ့ယဉ်ကျေးမှုလေးနဲ့ပဲ
ငါလွမ်းနေချင်တယ်. . .။

No comments:

Post a Comment