Saturday, May 9, 2009

မိုးစုန်းစုန်းချုပ် ဒဏ်ရာညနေများ

ကိုယ့်အိပ်မက်တွေကို ကိုယ်
သပ်ချလိုက်တာ
သွေးတွေ နီစွန်းလို့

ဆူးပွင့်ကလေးရဲ့ တံခါးဝမှာ
မှိုင်းမှုန်ရီဝေ….
ကိုယ်ဟာ ပုလင်းကွဲတစ်လုံးလို
ကြေမွသွား….

မိုင်တိုင်တွေ တအုပ်ပြီးတအုပ်ဖြတ်ရတာ
အပြုံးတွေနဲ့အပိတ်လှောင်ခံရမယ့်
သတ္တဝါတစ်ကောင်လိုပါပဲကွယ်

နေကိုမြင်ပါတယ်
နေက ကိုယ့်ကို မမြင်ဘူး
ဘာများဆန်းလဲကွယ်
ခြေလှမ်းတွေ အပုပ်ခံပြီး
အိပ်မက်တွေ တိမ်းမှောက်ခဲ့ရတာပဲ

ညီမလေးရေ…
မင်းတို့ရဲ့ ရွှေရောင်သင်္ကေတနဲ့
ကိုယ့်ကို ချွတ်ချော်မှိန်းပျောက်အောင်တော့
ပစ်မပေါက်လိုက်ပါနဲ့ကွယ်

မျဉ်းကွေးလေးတွေ ကိုယ့်ကို
လောင်ကျွမ်းကြ…
မိုးတွေလည်း ကိုယ့်တစ်ယောက်ထဲကို
တိတ်တိတ်လေး ရွာချကြ
အဲဒီညနေကတော့
သောက်သမျှဆေးတွေလည်း
အဆိပ်အတောက်တွေဖြစ်နေတော့တာပဲကွယ်

ဘယ်လိုများလဲ…
မြက်ခင်းတွေပေါ်မှာ ကျောခင်းအိပ်တဲ့လူ
မင်းမျက်စောင်းလေး တစ်ချက်စောင့်ငဲ့စရာတောင်မရှိပါဘူးကွယ်

ဝမ်းမနည်းကြေး…..
ကိုယ့်အိပ်မက်တွေကို
ပွင့်ချပ်တွေနဲ့ပြန်လည်ချယ်သကြရုံ

ဘာဖြစ်သေးလဲ
မြူခိုးတွေလည်း မြို့ကိုဖုံးအုပ်ထားနိုင်တာပဲ……
ဒိုင်ယာရီလေး….
ငါနဲ့အတူ အတုံးအရုံးလဲကျ
ပြန်လှည့်လာဖို့လည်း မတောင်းဆိုတော့ပါဘူးကွယ်

ညီမလေးရေ…
ငါရဲ့ခပ်နိမ့်နိမ့်မြေကိုနင်း
အဆိပ်တွေနဲ့ငါ့ကိုထိုးစိုက်
ရွှေရောင်မနက်ဖြန်တွေကို ညနေခင်းနဲ့
လက်ချင်းချိတ်ပြီး… ဟိုးအဝေးကို
ပျံသန်းလိုက်ပါတော့ကွယ်။

No comments:

Post a Comment