Sunday, December 27, 2009

ကျွန်တော့်ရဲ့ဘဒ္ဒါ

“ဘာများသိတာရှိလဲ” လို့ ကျွန်တော်မေးတော့…
သူ့နှာခေါင်းကိုရှူံ့၊ သူ့ကော်ဖီရောင်ဆံပင်လေး ယိမ်းထိုးရင်း
“မသိဘူး .. မသိဘူး” လို့ အသံသေးသေးလေးနဲ့ပြန်အော်တယ်…


“ရူးမိသူရဲ့ပန်းအလင်္ကာတွေကို
ညီညီစီစီသီကုံး
နင့်အတွက် ကဗျာတွေ
ရေးနေဦးမယ်”
ကျွန်တော့်ကဗျာတစ်ပိုဒ်ကို ရွတ်ပြမိပြန်တော့လည်း သူ့မျက်နှာစပ်ဖြဲဖြဲလေးနဲ့ ကျွန်တော့်ကို “အရူး” တဲ့…။
“ကောင်းရော” ကျွန်တော့်ဖြင့် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး…။

သူဆိုတာက ကျွန်တော့်ရဲ့ ဘဒ္ဒါပါ။ ကျွန်တော့်ရဲ့ဘဒ္ဒါဆိုတော့ သူများရဲ့ဘဒ္ဒါမဟုတ်ဘူးပေါ့လေ။ ဘဒ္ဒါလို့ ကျွန်တော်ပြောနေပေမယ့်လည်း သူ့နာမည်က တကယ်တမ်း ဘဒ္ဒါမဟုတ်ပါဘူး။ (နားလည်မယ်ထင်ပါတယ်)
ဘဒ္ဒါရဲ့ထိပ်ဆုံးနာမည်က စနေနံနဲ့“စ”တယ်။ သင်းရှရှစံနွယ်စတွေ၊ ဖျော့ကော့နက်မှောင်တဲ့ မျက်တောင်ကလေးတွေ၊ မာတိကာမပါတဲ့ အညိုရောင်မျက်ဝန်းတွေ၊ မှော်လက်ချောင်းတွေနဲ့ ကျွန်တော့်ဥယျာဉ်ကို သူရေလောင်းပေးခဲ့တယ်။ တစ်ခါတစ်လေ လောကလမ်းဟာ အမှောင်ကျသွားတဲ့အခါ ဘဒ္ဒါဟာ ကျွန်တော့်အတွက် မီးအိမ်ဆန်ဆန် “လမ်း” ပြတယ်။ ကျွန်တော် ချမ်းအေးတဲ့အခါ ဘဒ္ဒါက “နွေ” ဆန်တယ်။ ပူအိုက်တဲ့အခါ “ဆောင်း” ဆန်တယ်။ အဲဒီလိုနဲ့ ကျွန်တော့်ညတိုင်းဟာ ဘဒ္ဒါအလင်းတွေနဲ့ ရှက်သွေးရောင်စုံလင်တောက်ပနေတော့တာပါပဲ။ ရှင်းရှင်းပြောရရင်တော့ ကျွန်တော့်ရဲ့ ဘဒ္ဒါဟာ သိပ်ပြီး ချစ်စရာကောင်းတယ်။
ဘဒ္ဒါက ရိုးသားပွင့်လင်းတယ်။ ဘာပြောပြော ပြုံးနေတတ်တော့လည်း လူတိုင်းက သူ့ကို လုံးနေတဲ့ဖား ပြားတယ်မထင်တော့ဘူးပေါ့။ သူများတကာတွေ တည်တည်တန့်တန့်စကားဆိုနေရင်တောင် ပြုံးစိစိလုပ်နေတတ်တော့ အလေးမထားသလို၊ ဂရုမစိုက်သလိုဖြစ်သွားတော့တာပဲ။ (တကယ်တော့ အဲဒီလိုမဟုတ်ဘူးဆိုတာ ကျွန်တော်ရယ်၊ သူရယ်အပြင်) အခြားဘယ်သူတွေသိပါ့မလဲ။ အပြင်ပုံပန်းသဏ္ဍာန်မှာ ဘဒ္ဒါက ပျော်နေသယောင်ရှိပေမယ့် ရင်ထဲမှာ ကွဲကြေခံစားနေတတ်တယ်။ အခြားသူတွေ လှပဝင့်ထယ်ဖို့ဆို သူပျိုးတဲ့ပန်း သူမနမ်းပဲ ပေးရင်ပေးလိုက်မှာ အဲဒါ ကျွန်တော့်ရဲ့ ဘဒ္ဒါပေါ့။ ရဲဝံ့တယ်၊ ပေးဆပ်ရဲတယ်။ (မယုံရင် ကျွန်တော့်ကို ဘဒ္ဒါဆီက တောင်းကြည့်ပါလား)။
ကျွန်တော် ဘဒ္ဒါနဲ့တွေ့ရရင်ပျော်တယ်။ ဘဒ္ဒါကလည်း ကျွန်တော်ရှိတဲ့အချိန်တိုင်း ပျော်နေမယ်ထင်တယ်။ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မုဆိုးတစ်ပိုင်း၊ မိန်းမရိုင်းလို့ အမြဲပြောလေ့ရှိတယ်။ သူအဲ့လိုစကားမျိုးပြောတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲက သူမသိအောင် မုဆိုးမလေး လို့ တိတ်တိတ်ကလေးခေါ်နေတတ်တယ်။ သူသိများသွားရင် ဘယ်လိုနေမလဲမသိဘူးနော်…။
မုဆိုးမလေးရယ် . . .

ဘဒ္ဒါရဲ့စိတ်ဓါတ်ဟာ မာကျောတယ်။ ဒါပေမယ့် နူးညံ့သိမ်မွေ့လွန်းတဲ့ ခံစားချက်မျိုးကိုလည်း ဘယ်သူမှမသိအောင် ရင်ထဲမှာ ကိန်းအောင်းနေအောင်ထားတတ်တယ်။ ကျွန်တော်တို့ မျက်နှာချင်းဆိုင် နီးကပ်စွာရှိနေခဲ့သော်လည်း တစ်ခါတစ်ရံကျရင် ကြား(နယ်) တစ်ခုခုခြားနေသလိုပဲ။ လောကဓံတရားက ကျွန်တော့်ရဲ့ ဘဒ္ဒါကိုလည်း ကျီးစားနိုင်လွန်းလှပါတယ်။ ဖြူဖြူစင်စင်ပန်းကလေးကိုမှ ရေပူငွေ့ငွေ့နဲ့ မြှိုက်လောင်းတယ်။ ကျွန်တော် မကြောက်ပါဘူးလေ။ ဘဒ္ဒါ ကျွန်တော့်အနားမှာရှိသရွေ့ သူ့ရဲ့ကိုယ့်ရဲ့ကံကြမ္မာကို ရင်စည်းခံဖို့အသင့်ပါပဲ။ ဘဒ္ဒါကရော ကျွန်တော့်အတွက် ဘာတွေပြင်ဆင်ထားလဲ။ ကျွန်တော် အမြဲတမ်း ပူလောင်ထစ်ချုန်းနေခဲ့ရတယ်။
အိမ်ကမွေးချင်းတွေအနက် အကြီးဆုံးပေမယ့် အငယ်အရှူံးပေးလောက်အောင် ဘဒ္ဒါက ဆိုးတယ်။ ဂျစ်ကန်ကန်၊ ရှပ်အင်္ကျီ၊ ပါးကွက်ကြား၊ နှုတ်ခမ်းမဆိုးတဲ့ ကျွန်တော့်ရဲ့ ဘဒ္ဒါတစ်ယောက်ဟာ စကားပြောရင်လည်း “ကျွန်တော် .. ကျွန်တော်” နဲ့။ ဖူးလျသွယ်ခုံးတဲ့ နှုတ်ခမ်းရဲရဲတစ်စုံကလည်း နှင်းဖြူဖြူဖွေးဖွေးပေါ်မှာ သွေးစက်တွေ စွန်းပေထားသလို။ ကျွန်တော်ဆိုးတိုင်း၊ ကျွန်တော် စိတ်ကောက်တိုင်း လေပြေနွဲ့ယိမ်းယိမ်းနဲ့ မီးတောက်ကို သူပြန်ငြိမ်းတယ်။
ကျွန်တော့်ဆံပင်တွေကြားမှာ ဘဒ္ဒါရဲ့ကဝေလက်သည်းခွံတွေဟာ ဘယ်လိုမှ ရုန်းမရအောင် ချည်နှောင်ရစ်ပတ်ခဲ့တဲ့ ဆက်ထုံးကလေးတွေဖြစ်တယ်။ ကျွန်တော့်ရင်ထဲမှာ နတ်ဒေဝတာတွေပျိုးခဲ့တဲ့ ဘဒ္ဒါဆိုတဲ့ အဖြူရောင်ပန်းတစ်ပွင့်ဟာ ရာသက်ပန်ညှိုးသွားမယ်မထင်တော့ဘူး။ ကျွန်တော် ဘဒ္ဒါကို သိပ်ချစ်တယ်။ ဘဒ္ဒါလည်း ကျွန်တော့်ကို သိပ်ချစ်လိမ့်မယ်။ မနက်မိုးသောက်ကျူးသည်မှ ညဦးအထိ ဘဒ္ဒါရနံ့ကလေးတွေ ကျွန်တော့်တစ်ကိုယ်စာ စွတ်ပေသင်းပျံ့နေမှာပါပဲ။
ကျွန်တော် ယုံကြည်နေမိတယ်။ ဘဒ္ဒါဟာ မခုခံနိုင်တဲ့ ကြမ္မာရိုင်းကိုတောင် ခြင်္သေ့ဆန်ဆန် တော်လှန်နိုင်လိမ့်မယ်။ ဘဒ္ဒါက စစ်သူရဲကောင်းတစ်ယောက်ဆိုရင် ကျွန်တော်က သူ့ရဲ့ဒိုင်းလက်လည်း ဖြစ်မယ်၊ ဓါးလက်လည်း ဖြစ်မယ်။ ဘဒ္ဒါဆီဝင်လာသမျှ လေး၊ မြှား၊ ဓါး မှန်သမျှ ကျွန်တော့်ရင်ဘတ်ကော့ပြီး ထိုးကာပေးလိုက်မှာပဲ။ အခြားတစ်ဖက်နဲ့လည်း ဘဒ္ဒါရဲ့ရှေ့က အဆီးအတားမှန်သမျှ ပိုင်းခုတ်လှီးဖြတ်ပစ်ချင်တယ်။ အပြန်အပြန်အလှန်လှန် ခေါက်ရိုးကျိုးနေတဲ့ ဘဒ္ဒါရဲ့မျက်ဝန်းတွေကိုတော့ ကျွန်တော်အခုထိ အကြာကြီး ရင်မဆိုင်ရဲခဲ့ဘူး။ တစ်ခုတော့ရှိတာပေါ့လေ… ဘဒ္ဒါရဲ့ကျိန်စာချိုချိုကလေးတွေ ဆူးတဲ့အချိန်ကျရင် ကျွန်တော်ဟာ မြေခွေးအုပ်ရှေ့မှာ တောမှောက်တဲ့ သိုးငယ်လို လူတစ်ယောက်အဖြစ် ကွယ်ပျောက်သွားရလိမ့်မယ်။ ဘဒ္ဒါရယ်. . .
(သောတ)

1 comment: