Saturday, June 13, 2009

ကြိုးတချောင်းနဲ့ ပန်းသီည

အဲဒီညကပေါ့ . . .
ကောင်မလေးရယ်။

လဝန်းကိုလည်း မမြင်
နေကွယ်သွားခဲ့တာလည်း မမြင်
ဖိနပ်တွေ မိုးထားတဲ့
မြေပြင် နိမ့်နိမ့်လေးပဲ ငါတွေ့လိုက်တယ်

အသည်းနှလုံး တခုထဲ
တွယ်စိုက်နေတဲ့ မြှားတစ်စင်းကို
မနှုတ်ရက် မသွင်းရက်. . .
လွမ်းတယ်ဆိုတာ ဒါမျိုးလား
ကောင်မလေးရယ်. . .

ချစ်မိသူဆိုတာ အရှူံးကိုမှ
ငွေနဲ့ ဝယ်တဲ့ ရူးမိုက်သူရယ်ပါ
ထီးအရိပ်ခိုမှ လုံမယ်ဆိုရင်
ငါ မလိုက်ချင်ဘူး

ဖိနပ်မစီးချင်ဘူး
ထီးမဆောင်းချင်ဘူး
လမ်းမလျှောက်ချင်ဘူး
တယောက်ထဲ မနေချင်ဘူး

ငါ့ကို . . . ငါ့ကို
ကယ်လို့ရရင် ကယ်ပါလားကွယ်။

အဲဒီညမှာပါပဲ . . .
ကောင်မလေးရယ်။

ကြယ်တွေကလည်း ရှူးရှူးရှဲရှဲနဲ့ငါ့ကို
ဝင်တိုက် . . . ချစ်မိတဲ့
လူမိုက်တယောက်ဟာလည်း
မြူတွေသာ ပိုက်ထားရတယ်

ကောင်မလေးရယ်
ကောင်မလေးရယ်
ငါဟာ တိမ်လိုလူပါ . . .
ကိုယ့်ကိုယ်ကို တိမ်လိုငွေ့ရည်ဖွဲ့တတ်မှန်းမသိတဲ့
တိမ်လိုလူမျိုးပါ

မီးတောက်တခုလို ကူးမြောက်ပျံသန်း
လွမ်းတာကို လွမ်းတယ်လို့ပဲ
ပြောတတ်တဲ့ လူတယောက်ကို
အရူးရယ်လို့ ခေါ်လို့သာ နေပါတော့
ကောင်မလေးရယ်

ပန်းညတခုမှာ . . .
လကို ဆွတ်ချင်သော လူမိုက်ဟာ
ကိုယ့်အလွမ်းကိုယ်ပိုက်
မိုးတပြိုက်နဲ့ အုံအုံမှိုင်းနေခဲ့တယ်

ကောင်မလေးရေ . . .
ရွာလက်စ မိုးတွေ အတင်းတိတ်
အသံတွေ ပိတ်တာတောင်
နံရံတွေက စို့စို့လာတယ်

ကျိုးမှန်း သိလို့ မထမိတဲ့
အကန်းတယောက်ကို
ရာဇသံတွေနဲ့ ယိုင်ချိအောင်
ငါ့ကို ပတ်ပျိုးတီးမလားကွယ်

တိတ်တိတ်ဆိတ်ဆိတ်လေး
ပန်းပွင့်ဖြူဖြူကို
ကြိုးဖြူဖြူမှာ သီချိတ်
ခံတပ်တခုလုံး အသံတွေ တိတ်နေခဲ့ပါတယ်

အဲဒီလိုနဲ့ ကဗျာတပုဒ်အဆုံးသတ်မှာ
ပန်းတွေ သီချိတ်လိုပြီးသွားခဲ့ရင်တောင်
ပန်းတွေ (ဘယ်တော့မှ)
သီလို့ ပြီးမှာ မဟုတ်တော့ပါဘူး
ကောင်မလေးရယ်. . .။

**ဤကဗျာထဲမှ တကြောင်းတပိုဒ်အား ကိုဇာတိ ကျေးဇူးပြုပါသည်။** (သောတ)

No comments:

Post a Comment