Tuesday, September 8, 2009

ကြိုးပြတ်သွားတဲ့ ကောင်းကင်

(၁)
“. . . .

. . . . . . .

. . . . . . . . .

. . . . . . . . . . . .

. . . . . . . . . . . . . . .”

စကားလုံး မရှိတဲ့
ကောင်းကင်မှာ
တိမ်ညိုတွေနဲ့
စီးချင်းထိုးပြီးတဲ့အခါ

ငါ့ . . .
လွယ် . . . အိတ် . . . ကြိုး . . . လေး
ပြတ် တောက် သွား ပြီ

အလင်းချင်းပြိုင်ကြတဲ့ နက္ခတ်ထဲ
ပေါက်လွှတ်ပဲစား ကြယ်တစ်စင်းဟာလည်း
သိက္ခာတရားမဲ့စွာ
ကြွေကျသွားခဲ့ရတယ်

ပန်းတိုင်ရောက်ခါနီး ဖိနပ်တွေမှာ
ခြေထောက်ပါမသွားတဲ့အတွက်
ငါရှူံးတယ် . . .
ငါ . . . ရှူံးသွားတယ်

ချစ်ခြင်းမေတ္တာနဲ့သစ္စာတရားကို
ဖက်တွယ်ချင်တဲ့
လူမိုက်ကလေးတစ်ယောက်ရဲ့
အိမ်ပြန်ချိန် . . .

အကြွင်းကတော့
သုညပါပဲကွယ် . . .

အတိတ်ဆိုတာ . . .
ရနံ့ ပြယ်ပြီးသွားတဲ့
ပန်းတစ်ပွင့်ပါ . . .

အဲဒီပန်းပွင့်လေးတွေ ခူးတဲ့နေရာမှာ
မိုးတွေ ထစ်ချုန်း . . .
လူမိုက်တစ်ယောက်ကို တိတ်တဆိတ်
ကျရှူံးခွင့်ပေးပါ . . .

(၂)
နှင်းရေ . . .
နှင်းရေ . . .
နှင်းရေ . . .
ချစ်သော နှင်းရေ . . .

နှင်းငွေ့ရိုက်ခံထားရတဲ့
ရင်ဘတ်မှာ . . .
ကော်ဖီရောင်ဆံပင်လေး သင်းထုံချိုမြ
လေတိုက်တိုင်း လွမ်းတယ်

နှုတ်ခမ်းဖူးဖူးလေးတစ်စုံဆီက
အပြုံးတစ်ချက် ဖြူပွင့်စိုသွေ့
အထပ်ထပ်အခါခါကျရှူံး
ဆက်ထုံးရယ် . . .
ပြေပါ . . . ပြေပါကွယ်

လရောင်နဲ့တူတဲ့
မျက်ဝန်းက ပြာလက် . . .
ကြယ်တွေလည်း
တဖြုတ်ဖြုတ်ကြွေကျပါရဲ့

သစ်ရွက်တို့ ခြောက်သွဲ့ခန်းညို
ရင်ခွင်မှာ လရောင်တွေ စိုတယ်
အဲဒီလိုနဲ့ . . .
ပင်လယ်ဟာ ကမ်းကို
ပျောက်နေခဲ့ရတာ ကြာပါပြီ

ငါ့အတွက်တော့ . . .
နင်ဟာ မိုးကုတ်စက်ဝိုင်းရဲ့
ပန်းရုံလွှာကိုခြုံထားတဲ့ မိန်းမပျိုဖြစ်လိမ့်မယ်
ငါ . . . ဘယ်တော့မှ
လက်ကမ်းလို့ မှီနိုင်မှာမဟုတ်ပါဘူး

ကောင်းကင်စကားတော့
တတ်အောင် သင်ချင်ပါသေးတယ်

“ကောင်းကင်ကြီးရေ . . .
လာပါ လာပါ ”
. . . . . . . လို့

(၃)
အရိပ်ကတော့
မေးပါတယ်
ကိုယ့်ကိုယ်ကို လုံအောင်
မိုးနိုင်ပြီလား . . . တဲ့

ငါ့ရဲ့လဟာ
ဝါးလုံးခေါင်းလေးထဲမှာပါ
တိမ်မရှိတော့
ငါလည်း မျက်နှာ ငယ်တတ်တယ်

တနင်္ဂနွေကသူရဲ့ ကိုင်းမှာ
နှင်းဆီ အပြိုင်းပြိုင်း
ပွင့်ပေးနေတယ်
ငါလေ . . . ပန်ပေးချင်လိုက်တာ
ငါလေ . . . နင့်ကို
နင့်ကို
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .


မြောက်ပြန်လေနဲ့
ကမ္ဘာကို အထပ်ထပ်ပတ်ပြီးရင်
ငါ့ဆီ ပြန်လာပါနော်
ငါ့ဆီ ပြန်လာပါ နှင်းရယ်

ပွဲတော်မှာ . . .
မီးတောက်တွေ တလဲ့လဲ့ပြာချုန်း
ဓါးသွား အဆုံးထိနစ်မြုပ်
နှလုံးသားက အက္ခရာ
ဆယ်ကမ္ဘာအထပ်ထပ်
ရစ်တွယ်နှောင်ပတ်
ကျွန်းတွေ တစ်ဖက် တစ်ချက်
ခြားသွားကြပြီ

ချစ်သော နှင်းရေ
နေရောင်ခြည်တွေနဲ့ နှင်းရေ
ငါ့ကို . . .
ကယ်မြဲကယ်တင်ပေးပါလားကွယ်

ဘဝမှာ မှောင်မြဲမှောင်နေတာမို့
ရက်စက်ခြင်းနဲ့ပဲဖြစ်ဖြစ်
ချစ်သူရဲ့ လက်အတွင်း
တနင့်နင့် ကျဆင်းခွင့်ပေးပါ

“ ဖိနပ်က ဖိနပ်လိုနေပေါ့နော်
ထီးတွေကြားထဲ ဝင်တိုးရုံနဲ့မြင့်တက်လာတာမှ မဟုတ်တာ”
သေစေလို့ အမိန့်ကျမလာပါဘူး
ငါကတော့ နှစ်ခါပြန် ကွပ်မျက်ခံလိုက်ရတယ်

အဝေးကြီး ဝေးသွားတာနဲ့
နီးနီးလေး ဝေးသွားတဲ့ အဝေးဆိုးနှစ်ခုမှာ
နံပါတ်တစ်တော့ ချိတ်ခဲ့ပါရဲ့လေ
အခုတော့ …
အခုတော့လည်း … ကွယ် …

(၄)
ငါက . . .
လယ်ကွင်းစောင့်ချင်တဲ့
စာခြောက်ရုပ်သက်သက်
နေရောင်ခြည်ကို ချစ်တတ်တဲ့
သစ်ပင်အိုကြီး သက်သက်

ကိုယ့်ကိုယ်ကိုပဲ စိုစေပြီး
နင့်အတွက်တိတ်ထားတဲ့
ကွက်ကြားမိုး သက်သက်
နင့်အရှေ့မှာ ရပ်နေပေးချင်တဲ့
ဒိုင်းတစ်လက် သက်သက်

ကျောက်ဆူးနဲ့ မချည်နှောင်ရက်လို့
ငါ့ကိုယ်ငါပဲ ရစ်ပတ်နေမိတဲ့ ဖဲကြိုးလေး
သက်သက်ပါ . . .

ပန်းပွင့်သေးသေးလေးတွေက
နေရောင်ခြည်ကို ချစ်သလိုမျိုး
တံခါးတွေက တံခါးတွေကို
ချစ်သလိုမျိုး

ပျားတစ်ကောင်ဟာ ပျားဘုရင်မကို
ချစ်သလိုမျိုး
ဆောင်းဟာ နှင်းကို
ချစ်သလိုမျိုး

အကြားအာရုံဟာ ဂီတသံကို
ချစ်သလိုမျိုး
ဥသြငှက်ကလေးတွေက နွေဦးလေပြေကို
ချစ်သလိုမျိုး

သေမင်းက လူတွေကိုချစ်သလိုမျိုး
အဲဒါတွေ အားလုံးထပ်
နှင်းရေ စက်လက်
ထာဝရအဆက်ဆက် ချစ်တယ်

ဤမှန်သော စကားကြောင့်
စကားကြောင့် . . .
စ ကား ကြောင် . . . .
စ ကား ကြောင့် . . . .
…………………
…………………
…………………
…………………
အဲဒီသစ္စာတရားတွေ မိုးပေါ်ကို
လွှတ်တင်လိုက်တယ်နော်

(၅)
မုန်တိုင်းဟာ ချစ်သူတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်အတွက်
ကိုယ့်ကိုယ်ကို ဆွဲငင်ရင်း
အားပျော့ပျက်ပြယ်သွားတယ်

ကမ်းစပ်ကို ပြေးတက်ချင်တဲ့
လှိုင်းလုံးကလေးတွေကလည်း
ကျောက်ဆောင်နားအရောက်မှာ
မွသုဉ်းအက်ကွဲ သွားပါပြီ

လဟာ နေနဲ့အတူမနေ
မိုးက မြေကို ငုံ့ပြီးမလွမ်း
ကျောက်စရစ်ခဲကို အခါခါနမ်းချင်တဲ့
ငှက်တစ်ကောင်ရဲ့ နိဂုံးပေါ့

နှင်းရေ . . .
အိပ်မက်တွေထဲမှာ တွေ့ရင်
မမေ့ကြေးနော်

သစ်အုပ်ကို လွမ်းဖူးတဲ့
မြင်းတစ်ကောင်ဟာ
ခွာရာအပြိုင်းပြိုင်းနဲ့
ညနေအိုမှာ ရိုင်းချင်ရိုင်းနေလိမ့်မယ်

သူဟာ ချစ်သူကို . . .
ဖူးရုံ ၊ ပွင့်လာရုံပဲ ပျိုးပေးချင်တဲ့
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက်တစ်ယောက်ပါ

သွားတော့
သွားပါတော့ . . .
ကိုယ်ယောင်ဖျောက်လို့သွားပါတော့
နှင်းရယ် . . .

(၆)
ညှင်းသွဲ့လေပြေ
တစ်ဖက်ခြားခဲ့သော မျဉ်း
ဆန့်ကျင့်ဖက်လားရာက
နှင်းမှုန်ခြေသံ . . .
ငါ့အနားက ကွယ်ပျောက်ထုံဝင်း
ပန်းရနံ့လေး သင်း၊သင်းကျန်ခဲ့တယ်

ကြိုးတွေဖြတ်တောက်ပြီး
ငါ့ရင်ထဲ ပြေးဝင်မယ့် ဓါးသွား
ချွန်းတမြမြ ထက်ရှနိုင်ပါစေ

စစ်ရှူံးလူတစ်ယောက်ရဲ့
ညဉ့်ဦးယံမှာ . . .
နင့်အပါးကတေးသံတွေနဲ့လည်း
မြူးသည်ထက်မြူးနိုင်ပါစေ

အနာဂါတ်ဆိုတာ
ဝတ်မှုန်တွေ ကူးတဲ့လမ်းက
မွှေးမြတဲ့ အလင်းရနံ့တွေပေါ့

ချစ်သူရေ . . .
လမင်းဝိုင်းစက်စက်နားမှာ
ကြယ်တွေဟာ ဝန်းရံနေလိမ့်မယ်
သူတို့ရဲ့ မျက်ရည်တွေနဲ့
စိမ်းချိုရစ်မူးအောင် ကွေးကောက်ပြကြလိမ့်မယ်

(၇)
ဝေးရစေမယ် . . .
ဝေးကို ဝေးရစေမယ် . . . ဆိုတဲ့
ကျည်ဆံ တစ်ထောင့်
ဟော့ဒီ ကောင်းကင်ကို ပစ်ဖောက်လိုက်တယ်

အဲဒီလိုနဲ့
နေရောင်ခြည်မရှိတဲ့ ပန်းကလေးတွေဟာလည်း
မမှီနိုင်တဲ့ လက်ကို ကမ်းရင်း
တဖြည်းဖြည်း ကြွေကျသွားခဲ့ပါပြီ

ဘာထူးလဲ . . .
နှင်းစက်တွေကို လက်တွဲခိုချင်တဲ့
လူတစ်ယောက်ရဲ့ နိဂုံး
ဘာထူးသတဲ့လဲ . . .

နေရောင်လရောင်ထဲက
ဆွတ်ပျံ့တဲ့ ချစ်သူ့ ကေသာဦး
လွမ်းမောဖွယ် ညတွေနဲ့
တွဲအိဝန်းစက်နေတဲ့ လမင်း
ငါအဝေးကနေရင်း ငေးပါတော့မယ်လေ

မမေ့ဘူး . . .
နှလုံးသားပေါ်ရေးထိုးထားတဲ့
နင့်နာမည် အနာရွတ်တစ်ခု
ငါဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး

နှင်းရေ . . .

နှင်း ရေ . . . .

ချစ်သော . . . . .

နှင်းရေ . . . . . . . . .

ချစ်သော နှင်းရေ . . . . . .

သမိုင်းမှာတော့ မရှိသေးဘူးပေါ့လေ
ဒါပေမယ့် . . .
ချစ်သူအတွက် သစ္စာအရောင်နဲ့
ရနံ့တွေ ပြာဝင့်
တစ်ခါ ပြန်ပွင့်ခွင့်ရချင်သေးတယ်

အဲဒီအခါ . . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ ချစ်သူရယ် . . .။

No comments:

Post a Comment