Friday, June 12, 2009

ကျွန်တော်နဲ့ဝါသနာ

ဝါသနာ . . .

ဝါသနာဆိုတဲ့ နာမည်နဲ့ မနှင်းဆီနက်က ကျွန်တော့်ကို တဂ်လာတော့ ကျွန်တော်လည်း မရေးတတ် ရေးတတ်နဲ့ ရေးရပါတော့တယ်။ ကျွန်တော်က ကဗျာလောက်သာ အရေးသန်ပြီး ကျန်တဲ့အပိုင်းတွေ ရေးလေ့ ရေးထ မရှိသေးလို့ပါ။ တစ်ခါမှလည်း တဂ်မခံရဖူးတော့ ရေးရတာလည်း နည်းနည်းလက်ပေါက်ကပ်သဗျ။ ကဲ … အမရေ … ရေးပြီးနော် …။ ကျေနပ်တယ်မဟုတ်လား . . .။
ဝါသနာဆိုတာက ဟိုးကလေးဘဝထဲက သူ့ပင်ကိုယ် စိတ်ကလေးနဲ့ ဖြစ်တည်နေတတ်တဲ့ အရာမျိုးပါ။ ကလေးဆိုပြီး ဝါသနာတွေ ဘာတွေ သိဦးမှာ မဟုတ်သေးဘူးဆိုပြီးတော့ မထင်လိုက်ကြပါနဲ့။ အခုလို IT ခေတ်မှာ လူဖြစ်လာတဲ့ ကလေးတွေဆို သူတို့ ဖွံဖြိုးမှုက ဟိုး လွန်ခဲ့တဲ့ နှစ်တွေထပ် ဆယ်ဆမက သာလွန်နေပါပြီ။ အဲဒီမှာ ဝါသနာဆိုတာ အသက်အရွယ်ပေါ်လိုက်ပြီး ပြောင်းလဲ နေတတ်ပါတယ်။ ပြီးတော့ ဘဝအတွက် ရည်းမှန်းထားတဲ့ ရည်ရွယ်ချက်တွေကလည်း ဝါသနာနဲ့ ဆက်စပ်မှုရှိပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက (ကလေးဆိုတော့) ဘာဝါသနာပါလဲ လာမေးရင် မဖြေတတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော် စွန့်စားရတဲ့ အလုပ်မျိုးဆိုကြိုက်တယ်။ ပြီးတော့ ကျောင်းတတ်ပြီဆိုရင် သူများတွေ ဆော့နေတဲ့ အချိန်မှာ ကျွန်တော်က ငြိမ်ငြိမ်လေး ထိုင်ပြီး (ပန်းချီဆွဲတာမျိုး၊ အိမ်စာတခုခုလုပ်နေတာမျိုး) လုပ်နေရတာကို ဝါသနာပါတယ်။ ပြီးတော့ လူဆိုတာ သိလာတဲ့ အရွယ်ကျတော့ တစ်မျိုးတစ်ဖုံ ပြောင်းသွားပြန်ရော ။ ဒါက စိတ်ထွေတာလည်း မဟုတ်လောက်ပါဘူး။ သိတဲ့ အသိနဲ့ ဦးနှောက်က လှုံဆော်တာကို စိတ်က လိုက်လုပ်တဲ့ အရာမျိုးပါ။ အပေါင်းအသင်းကလည်း စုံအောင်ပေါင်းဖူးလာတော့ အရာရာက ပြောင်းလဲ လာတယ်။ ကျွန်တော် ၁၅ ၁၆ နှစ်လောက်မှာတော့ ဘောလုံးကစားရတာကို အတော်ဝါသနာပါ ပါတယ်။ ဘောလုံးပွဲတွေ ကြည့်တယ်။ ဂျာနယ်တွေ ဖတ်တယ်။ သူငယ်ချင်းတွေနဲ့ ကျောင်းပြန်ရင် ဘောလုံးကန်တယ်။ အဲဒီအချိန်တုန်းကဆို ဘောလုံးသမားတွေအကြောင်းတော်တော်သိတာပေါ့။ လူကြီးတွေကတောင် ပြောသေးတယ်။ ဒီကောင်လေးကို အကုန်မေး … သိတယ်ဆိုပဲ။ ကျွန်တော် အကြိုက်ဆုံး ဘောလုံးသမားက ဒေးဗစ်ဘက်ခမ်းပေါ့။ ဘောလုံးကစားရတာကို ဘယ်လောက်အထိ ရူးသွပ်မိလဲဆို ကျွန်တော့် ခြေထောက်တွေ ပေါက်ပြဲလို့ ဆေးခန်းခဏခဏသွားတဲ့ အထိ ဝါသနာထုံပါတယ်။ ၁၇ ၁၈ လောက်ကျတော့ နည်းနည်း ငြိမ်သွားပြန်ပါတယ်။ အဲဒီအချိန်မှာတော့ ဂစ်တာလေးဘာလေး တီးချင်လာပြီလေ။ အဲဒါနဲ့ ကျွန်တော့် အစ်ကိုတစ်ဝမ်းကွဲဆီမှာ ဂစ်တာတီးသင်ပါတယ်။ သူကလည်း ဂစ်တာသမားဆိုတော့ အဆင်ပြေပါတယ်။ အဆင်မပြေတာက ကျွန်တော်က ဂစ်တာမဝယ်နိုင်လို့ အစ်ကို့ဆီကနေ အိမ်ကို မနိုင့်တနိုင်သယ်ပြီး လေ့ကျင့်ရပါတယ်။ အဖေကလည်း ဂစ်တာတီးတာ သိပ်မကြိုက်ဘူးလေ။ ၁၇ နှစ်လောက်ဆိုတော့ လူကောင်က ဘယ်လောက်ရှိဦးမှာလဲ။ အဲလိုမျိုး ထမင်းမေ့ ဟင်းမေ့ လေ့ကျင့်ခဲ့ဖူးပါတယ်။ ကျွန်တော် အခုအချိန်မှာ ဖြစ်ခွင့်ရမယ်ဆိုရင် Steve Vai ၊ Synyster Gates တို့လို ဂစ်တာ ဟီးရိုးတွေ မဖြစ်နိုင်ပေမယ့် ကျွမ်းကျင် ပိုင်နိုင်တဲ့ Guitarist တယောက်တော့ ဖြစ်ချင်ပါသေးတယ်။ အခု လက်ရှိအရွယ်ကျတော့ ဝါသနာ တခုထပ်တိုးပြန်ပါပြီ။ ကဗျာရေးရတာပေါ့။ အရင်တုန်းကဆို အဲလိုမျိုး ယောင်လို့တောင် မတွေးမိပါဘူး။ ကျွန်တော် အားနေ ကာတွန်းစာအုပ်လောက်ပဲ ဖတ်နေတာ။ ဒါပေမယ့် အခွင့်သာလို့ ကဗျာတွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ ကဗျာဖတ်ရတော့ ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် အဲလိုမျိုးတွေ မရေးတတ်ခဲ့ပါဘူး။ အဲဒါကြောင့် ကဗျာတွေ ဖတ်ပြီး အတွေးတခုခုကို ထိထိမိမိတွေးလိုက်ရတာပဲ ဖြစ်ဖြစ် အားရကျေနပ်လာတယ်။ အဲဒါကြောင့် ကျွန်တော် ကဗျာရေးဖို့ ကြိုးစားခဲ့တာပါ။ အချိန်အခါတွေပဲ စကားပြောဦးမလားတော့ မသိပါဘူး။ ကဗျာရေးရတဲ့ အလုပ်ကိုတော့ ကျွန်တော် ကျေနပ်ပါတယ်။ ဘယ်တော့မှ မရေးဖြစ်တော့ဘူးဆိုရင်တောင် ကျွန်တော် ကဗျာတွေကို ဖတ်မှတ်နေဦးမှာပါ။
ကဲ .. မနှင်းဆီနက်ရေ . . . ကျေနပ်ပါနော်။ ကျွန်တော်လည်း မရေးတတ် ရေးတတ်နဲ့ ရေးလိုက်ပြီ။ ကျေနပ်ပါနော် ။ အမ …..

1 comment:

  1. ယောကျာ်းလေးပီသစွာဘောလုံးကန်၊ ဂစ်တာတီး၊ ကဗျာတွေရေးတာဝါသနာပါတယ်ပေါ့လေ ဘယ်လိုပဲဖြစ်ဖြစ်ရေးဖြစ်သွားပြီပေါ့ ကျေနပ်ပါတယ်င့ါမောင်ရေ

    ReplyDelete