Monday, June 8, 2009

“တနင်္ဂနွေမှာ ချစ်သူကို ပန်မပေးဖြစ်ခဲ့သော နှင်းဆီနီနီ”

၁၀း ၀၀ ( )

မည်သည့်အရာတခုကိုမှ ခြေမျက်စိက မငေးမိပါပဲ . . . ဖိနပ်က ချော်လဲသည်။ လမ်းမကိုငေး၊ ကိုယ့်လက်ကို ငုံမေး “ ဘယ်နှနာရီလဲ ” လို့ပေါ့လေ။ မှတ်တိုင်လေးမှာ လာရပ်စောင့်ကြ၊ ပြီးတော့ ထွက်ခွာသွားကြ . . . ကျွန်တော်ကသာ ဘယ်ဆီကို သွားရမည်လဲ။ စီးကရက်ငွေ့တွေ နှလုံးသားအတွင်း တိုးခက်ရွေ့သွားကြပြီ။ ထိုသို့ဖြင့် ကော်ဖီဆိုင်က ရောင်စုံထီးများသည်လည်း နေရောင်သွန်းသွန်းကို သူ၏ ခေါင်းပေါ်သို့ ထပ်ရွက်ထားနိုင်ခြင်း မရှိတော့ပါ။ ချက်ချင်းဆိုသလိုပင် မိုးတွေ နက်မှောင် လာပြန်သည်။ လက်နောက်ပစ်ထားသော နှင်းဆီပန်းတစည်းနှင့် အုံ့အုံ့မှိုင်းနေသော လူတယောက်အတွက် မိုးစက်တွေက ဘယ်လို သွန်းဆစ်မည်လဲ။ မကြာခင်မှာတော့ . . . အပြိုက်အပြိုက် မိုးတို့ ခုန်ဆင်းလာမည် ထင်သည်။

“မေ့ကို နှင်းဆီအနီရောင် ပန်မပေးပါနဲ့ . . . ကိုကိုရယ်”

ကျွန်တော့် ချစ်သူကပြောသည်။ ကျွန်တော်က ဥယျာဉ်းမှူးမဟုတ် . . . ဒါပေမယ့် . . . ချစ်သူကိုတော့ ပန်းတပွင့်ကို ပျိုးသော ဥယျာဉ်မှူးက ထိုပန်းပင်လေးကို ချစ်သလိုမျိုး ချစ်သည်။ သူမြတ်နိုးသလိုမျိုး မြတ်နိုးသည်။ နှင်းဆီလို သိုဝှက်မှုတွေဖြင့် ပဟေဠိ ဆန်သော ပန်းပွင့်အား ချစ်သူ ဆံမျှင်မှာ ဖူးပွင့်စေချင်သည်။ ရာသက်ပန် ဟူသော သဘောဆောင်ကာ တမြတ်တနိုး ပန်ဆင်ပေးလိုပါသည်။ သူမ မပန်လိုက . . .

ငှက်တွေက ဘာကြောင့် ပျံသန်းရတာလဲ ဟုစဉ်းစားမိသည်။ သူတို့မှာ လက်ချောင်း ဖြောင့်ဖြောင့်ကြီးတွေ ရှိလို့နေမှာပေါ့ လို့ ကျွန်တော်က ပြန်ဖြေချင်းဖြစ်သည်။ ထိုအဖြေကို ကျွန်တော်နှင့် ကျွန်တော် ငြင်းခုန်နေကြခြင်းဖြစ်သည်။

ငါ့ကို လာလာမနှိုးပါနဲ့. . .
ကြာသပတေး ကြယ်လေးရယ်. . .
ငါက . . . . ငါက
တချက်တချက်မှ ထ…ထ လင်းတတ်တဲ့
ပိုးစုန်းကြူးလို. . . အလင်းမှုန်ဖွဲ့ပြီး မပျံနိုင်တဲ့
ငှက်မျိုးပါ. . . .။


ချစ်သူဆီမှ တန်ဖိုးကြီးသော ပြင်သစ်ရေမွှေးရနံ့က ကျွန်တော့်ဝင်သက်ဆီမှ သင်းသင်းကလေး ဖြတ်သန်းသွားသည်။ အမြဲတမ်း ငေးမောနေမိသော်လည်း ယခုအချိန်ထိ အလွတ်မရသည်မှာ စက်ဝိုင်းဆန်သော သူမ၏ ပါးလေးနှစ်ဖက်ဖြစ်၏။ ချစ်သူကိုပဲ မြင်၍ ညနေကို မမြင်ရတော့ပါ။ သစ်ရွက်စိုစိုတို့ကလည်း ချစ်သူ၏ ရွှေအိုရောင် သမ်းသော ဆံမျှင်တို့နှင့် အပြိုင်အဆိုင် ရွှန်းရွှန်းစိုနေသည်။ ဖွဖွလျလျ ရှက်တိုက်သွားသော လေပြေငွေ့ငွေ့က ထိုဆံနွယ်တို့၏ မွှေးရနံ့ကိုလည်း ဆောင်ကျဉ်း၏။ လည်တိုင် ဖွေးဖွေးက ရွာပြီးကာစ မိုးလို၊ ပွင့်ချပ်ကလေးတွေပေါ်၌ ကပ်တင်ကျန်နေရစ်သော ရေစက်၊ ရေလုံးလေးများ သဖွယ် ချစ်စရာကောင်းနေတော့သည်။

“မေ”

“ရှင်”

“ . . . . . . . . . . . . . . . . . ”

“ကိုကို” . . .

“ ဟင် . . . ပြောလေ . . . မေ ”

“ မိုးကုတ်စက်ဝိုင်းရဲ့ ဟိုဘက်တခြမ်းမှာ ဘာတွေရှိသလဲ သိလား. . . ကိုကို . . . ”

“ အဲ . . . ကိုကိုတို့လိုပဲ လူသားတွေ ရှိမှာပေါ့ . . . ”

“ မဟုတ်ဘူး . . . ကိုကို” “ တကယ်တော့ ဟိုဘက်တခြမ်းမှာ ဒီဘက်စက်ဝိုင်းလို တခြမ်းပဲရှိနေမှာ. . . ”

“ အဲ . . . ”

“ ပြီးတော့လေ. . . မေ . . . သက်တန့်ကို စီးပြီး ဟိုဘက် ဒီဘက်ကူးကြည့်ချင်တယ်”

“မေ”

“ အင်းနော် . . . သက်တန့်ဆိုတာ မြင်ပဲ မြင်ရတာ . . . ထိတွေ့ ကိုင်တွယ်လို့မှ မရတာပဲနော် . . . ကိုကို”

“ မေ . . . ရယ်”

“ ဒါနဲ့ . . . ကိုကို . . . မေ့ကို နှင်းဆီပန်း မပန်ပေးနဲ့လို့ ပြောတာ ဘာဖြစ်လို့လဲ သိလား . . . ”

“ ဟင့်အင်း”

“ သြော် ... ဒီလိုလေ ပန်းပေးရင် အလှမ်းဝေးတယ်တဲ့ ကိုကိုရ … ဟိဟိ … တကယ်တော့ အဲလိုမဟုတ်ပါဘူး ကိုကိုရာ … ပန်းအနီက စီးလို့ပါ … ပန်းနီနီ မြင်ရင်လေ မေ့စိတ်ထဲ ဘယ်လိုဖြစ်မှန်း မသိဘူး ကိုကိုရယ်”

“ နှင်းဆီဆိုတာ. . . ”

“ သိတယ် . . . ကိုကို … မေ ပြန်ချင်ပြီ … နောက်တပါတ်ကျရင် ကိုကို ယူချင်ယူလာခဲ့လေ. . . ခုတော့ ပြန်ကြစို့ကွာ … နော် …”



ရေပြင်က ပြာသည် . . . ။ ကောင်းကင်က အုံမှိုင်းသည်။ တနင်္ဂနွေကတော့ မကူးခဲ့သေးပါ။ လေရိုင်းရိုင်းတို့ အဝေ့ အဝဲမှာ နှင်းဆီတွေ အပြိုင်းပြိုင်း လွင့်-ကျဲ-ဖွာ-ကျ. . . ။
ထိုရေမွှေးရနံ့မျိုး သူ. . . ရဖူးသည်။ ထိုအသံမျိုး သူကြားဖူးသည်။ မိုးတွေ အုံ့သည်းရွာကျလာသည်။ တကိုယ်လုံး တင်းကျပ်စွာ ပွေ့ဖက်သလို ခံစားရ၏။ ထိုမိုးကို ကျွန်တော် မမြင် . . . ထိုလေကို ကျွန်တော် မမြင်… ထိုရနံ့ကို ကျွန်တော် မမြင်. . . တနင်္ဂနွေကို မမြင်. . . ချစ်သူကို မမြင် . . . ကျွန်တော့်ကိုယ် ကျွန်တော် မမြင်. . .

ကျွန်တော် …… ချစ်သော “. . . . . ”
ချစ်သော “. . . . . ”
ချစ်သော “. . . . . ”

“ကျွန်တော် တနင်္ဂနွေမှာ ချစ်သူကို မပန်ပေးဖြစ်ခဲ့သော နှင်းဆီနီနီ . . . .
ချစ်သူကို မပန်ပေးဖြစ်ခဲ့သော နှင်းဆီနီနီ ကျွန်တော် တနင်္ဂနွေမှာ . . . . .
တနင်္ဂနွေမှာ ချစ်သူကို မပန်ပေးဖြစ်ခဲ့သော နှင်းဆီနီနီ ကျွန်တော် . . . . . ”


အဲဒီနေ့က မိုးတွေ ရွာလိုက်တာမှ. . . . . . . . . . . . . .


မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။
(တာရာမင်းဝေ)

1 comment:

  1. အသစ်တွေ့ လို့ ကျေးဇူး...ဆန်း၏ :-)ကျွန်တော့် ချစ်သူကပြောသည်။ ကျွန်တော်က ဥယျာဉ်းမှူးမဟုတ် . . . ဒါပေမယ့် . . . ချစ်သူကိုတော့ ပန်းတပွင့်ကို ပျိုးသော ဥယျာဉ်မှူးက ထိုပန်းပင်လေးကို ချစ်သလိုမျိုး ချစ်သည်။ သူမြတ်နိုးသလိုမျိုး မြတ်နိုးသည်။ နှင်းဆီလို သိုဝှက်မှုတွေဖြင့် ပဟေဠိ ဆန်သော ပန်းပွင့်အား ချစ်သူ ဆံမျှင်မှာ ဖူးပွင့်စေချင်သည်။ ရာသက်ပန် ဟူသော သဘောဆောင်ကာ တမြတ်တနိုး ပန်ဆင်ပေးလိုပါသည်။ သူမ မပန်လိုက . . .

    ReplyDelete