Friday, February 5, 2010

နှင်းဝေသို့ ကဗျာတစ်ပုဒ်(၂)

ဒီနေ့ဟာ ကျွန်တော် ချစ်တဲ့ မမရဲ့မွေးနေ့ကလေးပါ။  ကျွန်တော်က ကျွန်တော့်ချစ်သူကို  မွန်မွန်မြတ်မြတ်လက်ဆောင်လေးတစ်ခုတော့ ပေးချင်တယ်။  တန်ဖိုးကြီးကြီးမားမားမဟုတ်ပေမယ့်  အသည်းနှလုံးနဲ့ပေးတဲ့ လက်ဆောင်ပါ။ ဒီကဗျာလေးကို ဖတ်မိလို့  မမအတွက် အားအင်တစ်ခုဖြစ်မယ်ဆိုရင်ပဲ  ကျွန်တော်  ကျေနပ်ပါပြီ။  ကဲ  .. မမရေ  .. ပျော်ရွှင်သော  မွေးနေ့ကလေးဖြစ်ပါစေ။း))

လှည်းတန်းကားမှတ်တိုင်လေးမှာ
ကျွန်တော်ရပ်စောင့်နေတော့
စံပယ်လေးတစ်ပွင့်လို ကပိုကရို
မမ လွင့်လာတယ်

ကျွန်တော် သိတာ
မမက ပါးနီရဲရဲလေး၊ မျက်ဝန်းနီနီလေးနဲ့
စပို့ရှပ်၊ ဂျင်းဘောင်းဘီ
ထီးတစ်ချောင်း၊ စလင်းဘတ်အိတ်တစ်အိတ်ပါတယ်

ကျွန်တော့်အနား မရောက်ခင်တည်းက
မမ အပြုံးဟာ နွေးထွေးလွန်းတယ်
ပြီးတော့ မမ ဆံနွယ်နီစင်းစင်းလေးတွေ
ယိမ်းလှုပ် ယိမ်းလှုပ်နဲ့
သခင်မ အလိုကျ လိုက်က,ပေးနေရတဲ့
ကချေသည်လေးတွေနဲ့တူတယ်

မမ အကြည့်တစ်ချက်မှာတင်
ယှက်ငြိလွမ်းမြတ်ခဲ့ရတယ်
ကျွန်တော် သူရဲကောင်းဖြစ်ချင်တယ်
ပြီးတော့ ..
“ချစ်အားငယ်ရသူမယ်” သီချင်းကိုလည်း ကြားယောင်လာတယ်

ကျွန်တော်က မမကို ချစ်လို့
မမ..မီးအိမ်ရှင် လို့ခေါ်ပြီး
မမက ကျွန်တော့်ကို ချစ်လို့
ကလေးလေး လို့ခေါ်တယ်

ကျွန်တော် ပုံပြင်ကလေးတွေနားထောင်ခဲ့တယ်
မမ ကျွန်တော့်ဆံပင်ကို ပွတ်သပ်ပေးတဲ့အခါ
ကြယ်တွေတစ်ဖက်ကမ်းရောက်သွားမှာ ကြောက်သလို
ကျွန်တော် အိမ်ပြန်ရမှာ သေမလောက် ကြောက်တယ်

မမ ခြေလှမ်းတစ်ချက် အကြွမှာ
ပန်းကလေးတွေ ငုံသွားကြတယ်
မမ စကားပြောတဲ့အခါ ဝတ်ဆံကလေးတွေ မဝံ့မရဲနဲ့
မမ ပခုံးကို ခေါင်းလေးမှီထားတဲ့အခါ
မမရနံ့ကလေးတွေရစ်မူးရင်း လောကကို ကျွန်တော်မေ့သွားတတ်တယ်

မမပြုံးရင် ကျွန်တော်ရှူံးတယ်
မမငိုရင် ကျွန်တော့်ကမ္ဘာ ပြိုတယ်
မမနင်းမယ်ဆို ကျွန်တော့်ကျောပြင်ကို
တံတားတစ်စင်းလို ခင်းထားချင်တယ်

ကျွန်တော်က ခွင့်မလွှတ်နိုင်တဲ့အတိုင်းအတာထိ
ပေပေတေတေ ဆိုးတယ်
မမရဲ့လက်ဖဝါးနုနုက ကျွန်တော့်အတွက်
မြက်အိအိလေးတွေ ကိုင်ရသလိုပါပဲ

တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပြီဆိုရင်
ဘာတွေလိုမလဲ..
ကျွန်တော့်အတွေးတွေ မမနဲ့ပတ်သက်ပြီး
မိုးထိတိုင် ဗောင်းလန်အောင် ပွင့်တတ်ခဲ့တယ်

မမက တစ်ခြားကောင်တွေအကြောင်းပြောလာရင်
ကျွန်တော်ဟာ သိပ်မနာလိုတတ်ပြီး
ကျွန်တော် ကောင်မလေးတွေအကြောင်းပြောရင်
မမက ပြုံးမြဲပြုံးနေခဲ့တယ်

ကျွန်တော် မနာလိုဘူး
ဒါပေမယ့် ..
မမကို ချစ်ပါတယ်လို့ပြောလာတဲ့သူတွေကို
တစ်ခါလောက် စောင့်ကြည့်ချင်တယ်

ကျွန်တော့်ထက် ပိုချစ်ခဲ့တယ်ဆိုရင်တော့
ကျွန်တော့် ဘဝကြီးတစ်ခုလုံး
ဗုန်းဗုန်းလဲအောင် မမ စောင့်ကန်ပစ်လိုက်ပေါ့

ဟိုး ဘုံခုနှစ်ဆင့်က မင်းသမီးလေးကို
တံခါးစောင့် တပ်မှူးတစ်ယောက်က
ငေးကြည့်ရင်း ချစ်နေမိသလိုမျိုး
မမကို ငြိယှက်ချစ်မြတ်
တစ်နေ့ထပ်တစ်နေ့ ကျွန်တော် မြင့်တက်ခဲ့ရတယ်

ကျွန်တော် မမကို ကောင်းကင်လို မြင်ချင်တယ်
ကျွန်တော် မမကို နေလို၊ လလို ခင်တွယ်ချင်တယ်
ကျွန်တော် မမကို မြင်ချင်တယ်
ကျွန်တော် မမကို မမလိုပဲ မြင်ချင်တယ်

မမရဲ့ ဆံပင်လေးဖြစ်ချင်တယ်
မမရဲ့ နားရွက်လေးဖြစ်ချင်တယ်
မမရဲ့ မျက်လုံးလေးဖြစ်ချင်တယ်
မမရဲ့ နဖူးလေးဖြစ်ချင်တယ်
မမရဲ့ နှာခေါင်းလေးဖြစ်ချင်တယ်
မမရဲ့ လည်တိုင်ဖြူဖြူလေးဖြစ်ချင်တယ်
မမရဲ့ ခါးနွဲ့နွဲ့လေးဖြစ်ချင်တယ်
မမရဲ့ ခြေသလုံးဖွေးဖွေးလေးဖြစ်ချင်တယ်
မမရဲ့ ဖိနပ်လေးဖြစ်ချင်တယ်
မမရဲ့ထီးလေးဖြစ်ချင်တယ်
မမရဲ့ ခြင်းတောင်းလေးဖြစ်ချင်တယ်

မမလိမ်းမယ့် သနပ်ခါးလေးဖြစ်ချင်တယ်
မမနမ်းမယ့် ပန်းလေးဖြစ်ချင်တယ်
မမသွားမယ့် ခရီးလေးဖြစ်ချင်တယ်
မမချစ်တတ်တဲ့ မိုးတိမ်လေးဖြစ်ချင်တယ်
မမစားမယ့် မုန့်လေးဖြစ်ချင်တယ်
မမကိုင်မယ့် အရာဝတ္ထုလေးဖြစ်ချင်တယ်
မမလျှောက်တဲ့ လမ်းလေးဖြစ်ချင်တယ်
မမနေတဲ့ အိမ်လေးဖြစ်ချင်တယ်
မမအိပ်တဲ့ ခေါင်းအုံးလေးဖြစ်ချင်တယ်
မမခြုံတဲ့ စောင်လေးဖြစ်ချင်တယ်
မမအိပ်မယ့် အိပ်ရာခင်းလေးဖြစ်ချင်တယ်
မမတိုက်မယ့် ဆပ်ပြာလေးဖြစ်ချင်တယ်
မသကာ . . .
အားလုံးဖြစ်ခွင့်ရှိချင်တယ်

မမဆိုတဲ့ နာမ်စားကလေးဟာ
ကျွန်တော့်ကို အရိပ်နဲ့ အုပ်မိုးထားပြီးတော့
မမဆိုတဲ့ မမက ကျွန်တော့်ကို
ဥယျာဉ်မှူးတစ်ယောက်လို ပျိုးတယ်

လဝန်းနီလို့ တိမ်ညိုလာရင်
ကျွန်တော်တို့ နှစ်ယောက် ဝေးမှာလည်း ကြောက်တယ်
သခင်လာရင် အမြီးနန့်တယ်ပြောလည်း
ကျွန်တော်... သူတို့လို မဟောင်ပါဘူး

မမ အကြည့်မြှားတစ်ချက်မှာတင်
ကျွန်တော်ဟာ ထပ်ခါထပ်ခါ ရှူံ့ကွာကျ
မက်ခွင့်ရမယ်ဆိုရင်
မမပါတဲ့အိပ်မက်တစ်ခုကိုပဲ အမြဲမက်ချင်ပါတယ်

မမ ကျွေးတဲ့ လက်ဖက်ထမင်းနဲ့
ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာတွေ
(ဘာနဲ့မှကို) ကျွန်တော် မလဲဘူး

အသည်းနှလုံးက ကျောက်စရစ်ခဲတွေမဟုတ်တော့လည်း
မမပန်းနဲ့ပေါက်တာလေးတောင် နာတတ်တာပေါ့
အသွားထက်ထက်ကြီး မဟုတ်တဲ့ ဓါးနဲ့
လှီးခွဲရင် ပိုနာသလိုမျိုးပေါ့ မမရယ်

ကျွန်တော် ညအိပ်ရာဝင်တိုင်း
ဆုတောင်းမိတာက..
အောင်နိုင်တဲ့ သပြေခက်တွေနဲ့
မမတစ်ယောက် ပန်းပန်နိုင်စေကြောင်းပါ

မိုးတိမ်တွေပေါ်တက်လိုက်
လှိုင်းလုံးတွေလို ပြေးလွှားကစားလိုက်
ကျွန်တော်တို့နှစ်ယောက်ဟာ
အချစ်ကို လက်ပေါ်တင်ပြီး မီးလိုဆော့ခဲ့ကြတယ်

အမိန့်အာဏာဆိုတာ မမနဲ့မှ
ခံစားတတ်လာတဲ့ အရာမျိုးပါ
မမ ခရာမှုတ်မှ တာထွက်ရမယ့် သူဟာ
ကျွန်တော် ဖြစ်ပါရဲ့

စိတ်ဓါတ်ကျ အားငယ်တိုင်း
မမ လက်ဖဝါးလေး ဆုတ်ကိုင်မိတဲ့အခါ
ဒီကောင်ကလေးရင်ထဲက အိုအေစစ်တစ်ခု
အသီးအရွက်တွေနဲ့ စိမ်းလန်းသစ်နုလာတယ်

တစ်ခါတစ်ခါ စူဠသုဘဒ္ဒါထက်
မမက ပူလင်းတောက်လောင်နေတတ်သလို
တစ်ခါတစ်ခါ ဂျိုကာမလေးတစ်ယောက်ထက်မက
စပ်ဖြဲမဲ့ရွဲ့နိုင်လွန်းတယ်

ကျွန်တော်ဟာ ဘိန်းစားလေးတစ်ယောက်ပေါ့
မမဆိုတဲ့ ဘိန်းကလေးမသုံးရ မနေနိုင်အောင်
စွဲလန်းနေခဲ့မိပါရော

အောင်နိုင်လာမယ့် ဒဏ်ကို ခံနိုင်ဖို့
ရှုံးနှိမ့်ကြေကွဲစွာ အခန်းထဲမှာ
ကျွန်တော်တစ်ယောက်ထဲ နှဲမှုတ်နေမယ်

ဧဒင်ဥယျာဉ်ကြီးမသိအောင်
တိတ်တိတ်ကလေးဖွက်ယူလာခဲ့တဲ့
သစ်သီးတွေဟာ မမချိုမြိန်စွာ စားသုံးနိုင်ဖို့ပါ

သစ်ရွက်ခြောက် စံပယ်ခေါက်တွေနဲ့
စကြာံဝဠာထိအောင် ထိုးတောက်
မမဟာ တစ်လောကလုံးကို
မီးရောင်တွေ ဖွင့်အန်ပေးခဲ့သူ

ကျွန်တော်က ဆွေးသူပေါ့
ကုမုဒြာပန်းလို မမထိုးသွင်းခဲ့တဲ့
ဓါးတစ်ချောင်းက ရင်ထဲမှာ
တချွန်းချွန်းနဲ့ တုန်ခါယိုင်လူးနေပြီ

ဘာပဲဖြစ်ဖြစ် မမရယ်
ကျွန်တော့်ကို မမနောက်ဆုံးပစ်ရမယ့်
ကျည်ဆံတစ်တောင့်လို သဘောထားပါ
မမရှေ့မှာ ကာထားမယ့်
ဒိုင်းတစ်လက်လို သဘောထားပါ
နောက်ဆုံးဆွဲရမယ့်
ဖဲတစ်ချပ်လို သဘေားထားပါ
မမ နောက်ဆုံးရွှေ့ရမယ့်
စစ်တုရင်ရုပ် တစ်ရုပ်ဟာ ကျွန်တော်ဖြစ်ပါစေ

ဟိုးအဝေးက ဥသြသံလေးကို ကြားလိုက်မိရုံနဲ့
ပြူတစ်ပြူတစ် ဖြစ်လာတဲ့ ဘူတာရုံကြီးလိုပဲ
တစ်နေ့လေးတောင် ချစ်တဲ့စာတစ်လုံး
မစီကုံးနိုင်တဲ့ စာရွက်ဟာ ဗလာပြင်ပေမယ့်
နှစ်ကိုယ်စာ စွတ်စိုစေနိုင်တဲ့
အငွေ့အသက်ကလေးတွေရှိတယ်
ရေအိုးလေးတွေပြည့်လာဖို့
တစ်နေ့ရေတစ်ခွက်ပဲ ဖြည့်ဖို့လိုပါတယ်
မမရယ် . . .
တစ်နေ့တော့ ရေအိုးကလေးတွေ
အကုန်ပြည့်လာမှာပါ

မမကျိန်စာတွေပြေဖို့
ကျွန်တော့်ကို ဂါထာတစ်ပုဒ်လိုလည်း ရွတ်ပါ
ဝတ်ရုံလိုလည်း ခြုံပါ
မမရဲ့မြှားကျည်တောက်ထဲမှာ
ကျွန်တော် အဆင်သင့်ရှိနေပါရစေ

ဒီပန်းကို ကျွန်တော်နမ်းလိုက်သည့်တိုင်
တစ်ခါထပ်မက အဖန်ဖန်ပွင့်နိုင်ပါစေ
လဲကျတဲ့လူ ပွေ့ကူ တစ်ယောက်ကိုတစ်ယောက်
ဆေးပေးမီးယူ မိုးနဲ့ရေလို .. ဆောင်းနဲ့နှင်းလို
နွေနဲ့နေလိုချစ်ပါရစေ ..

ကဲ .. ကံကြမ္မာက ထိအောင်ပစ်နိုင်ပါစေ
ဒီစက်ဝိုင်းထဲမှာ မမကိုလက်ကိုတွဲထားရင်း
ကျွန်တော် လွတ်အောင်ရုန်းပါ့မယ်
ရေအိုးလေးတွေပြည့်လာစေဖို့
တစ်နေ့ရေတစ်ခွက်ပဲ ဖြည့်ဖို့လိုပါတယ်
မမရယ် . . .။

(မမမွေးနေ့ အမှတ်တရ)                  (သောတ)

No comments:

Post a Comment