နမ်းမယ့်သာ နမ်းလိုက်ရတယ်
ရနံ့တွေက ဘာမှန်းတောင်
သိတာမဟုတ်ဘူး . . .
တစ်ချို့တွေက ချိုရက်နဲ့ခါး
တစ်ချို့ကျတော့ ခါးရက်နဲ့ချို
တစ်ချို့ကို နွေမိုးတွေရွာပေးရမလား
တစ်ချို့တွေကလည်း
အက်ကွဲသံကြီးနဲ့ လမင်းလုပ်ချင်သေးသတဲ့ . . .
အားနာပေမယ့် . . .
မိုးခါးရေ မသောက်ဖို့ကိုတော့
အားနာပါးနာနဲ့ပဲ ငြင်းနေရတာ
မောတယ်
ငါ့မှာ . . .
လင်းစရာတွေ ကုန်ခဲ့ရတာတောင် မတန်ဘူး
မသိရင် . . .
ငါကပဲ မုတ်သုန်စားတတ်တဲ့
ဆောင်းပါးစပ်ကြီးလိုလိုနဲ့
“ကျေးဇူးပြုပြီး တံခါးမခေါက်ပါနှင့်
လာလမ်းအတိုင်း လှည့်၍ပြန်ပါ”
အဲဒီစာသားကို ငါ့ရဲ့တံခါးဝမှာ
ခပ်ထူထူ ရေးထိုးထားပေးပါ
မှော်ဆရာ . . .
မီးအိမ်ည ၊ စက္ကူပန်း
အိပ်ဆေးခက်ထားတဲ့ တိမ်ညိုတွေနဲ့
သင်းကွဲ ပင်လယ်ကို
လရောင်မှာ ချိတ်ချင်တယ်
မှော်ဆရာရေ
သင့်ရဲ့ကျမ်းစာအုပ်မှာ
ရေးမှတ်ထားလိုက်ပါ . . .
ငွေ့မြေ့လောင်ကျွမ်းသွားတဲ့
စက္ကူမီးအိမ်တစ်လုံး
ဘယ်လိုအလင်းတွေနဲ့မှ
ပြန်သုံးလို့ မရဘူးဆိုတာ . . . . . . . . . . ။
(သောတ)
No comments:
Post a Comment