မမရေ . . .
ပန်းခြေဖ၀ါးမှာ ဝေဖူးသောပန်းတွေ
အိပ်မက်ဥတု တစ်ခုစာအထိ
လာလာပွင့်တတ်ကြတယ်
သိုးကျောင်းသား တစ်ယောက်ရဲ့ညခင်း
ဆွတ်ပျံ့စရာ အလွမ်းနဲ့
ရေတံခွန်လို . . .
ဝေဆင်းနေတယ်
မီးပုံထဲက နှလုံးသား ယဇ်ပူဇော်ပွဲကို
နွေဦးလေပြေ . . . ဘယ်ဂီတသံနဲ့အတူ
မျှော်သူရော . . .
ရောက်လာပါ့မလားကွယ်
ချောင်းငယ်လေးတစ်ခုက
ပင်လယ်ကို ဘယ်တော့စီးမျောခွင့်ရမှာလဲ
ဝေးကွာမှုနိယာမအရ . . . ဂြိုလ်ရံလအဖြစ်
ရံဝန်းခွင့်ပေးပါ မမရယ်
ချစ်သူကို ချစ်ကြောင်း
စာလုံးပေါင်းပြတာဟာ
တကယ်တော့ . . .
ယဉ်ကျေးမှုတစ်ရပ်ပါပဲ
လရောင်လွှမ်းတာ ဥယျာဉ်တစ်ခုလုံး
ညွှတ်ကွင်းထဲက သားကောင်လို. . .
ကြယ်တွေ ခူးပြီး
မမကို ပန်ပေးမှာပေါ့
သမိုင်းမှာ ဆုတ်ကိုင်လာတဲ့
အလံဖြူတစ်လက်
မမလက်ထဲ ထိုးအပ်ပါ့မယ်
ဘာပဲဖြစ်ဖြစ်
ကမ်းနဲ့ဗဟိုလို ဝေးနေခဲ့ဖူးတဲ့အတွက်
ကျွန်တော် လွမ်းတယ်
လွမ်းတယ် . . .။
သူရူးရဲ့ဆောင်ဓါး
မြေပေါ်ကို လွှတ်ချပြီးမှတော့
ဆောင်းဖိနပ်စီး၍
နှင်းကို မျှော်မည်
မမ . . .
သက်တန့်ကလေးတွေ ပွင့်ပေးပါ
မမ . . .
မီးအိမ်ကလေး လင်းတောက်ပေးပါ
အဲဒီလက်တော်နဲ့ပဲ
ဘယ်ဘတ်ရင်အုံကို
တံတားအထပ်ထပ်
ခင်းထားပေးပါ . . .
မျှော်သူ . . .
ဝတ်ရုံခြုံလွှာ ညဉ့်ယံဦး
ဟော့ဒီ ဂျစ်ပစီရဲ့ ကျောက်စာကို
အထပ်ထပ်တူးပါ
အစိမ်းရောင်တွေ ပွင့်ထွက်သွားကာမှ
နောက်ကျနေခဲ့မှန်းသိရ
ဆပ်ပြာပူပေါင်းတစ်လုံးရဲ့ ဘ၀ဟာ
ဘယ်လောက်မို့လို့လဲ
ဗုံသံ ၊ ဆောင်းသံ
လွင်ပြင်ခေါင်ခေါင်ထဲမှာ
ကြိုးဆွဲရာပဲ “ က ” တတ်တော့တာ
မမ သိရဲ့လား
ရွက်သစ်နုစို . . .
အညွှန့်တွေ လွန့်လူး
အထူးသဖြင့်
မမကို ပိုလို့တောင် မခူးရက်ခဲ့ပါဘူး
မြေဆီလွှာကြောင့် . . .
သင်းရင်သင်းခဲ့လိမ့်မယ် ၊ လင်းရင် လင်းခဲ့လိမ့်မယ်
ဥယျာဉ်ပျက်ထဲမှာတော့ မွှေးသောရနံ့တွေ မရှိခဲ့တာ
သေချာပါရဲ့ မမရယ်
လိပ်ပြာဖြစ်ခွင့်မရလိုက်တဲ့
ပိုးတုံးလုံးရဲ့ ဘ၀ကိုတော့
သနားတယ်
အဲဒီလိုနဲ့
ကျွန်တော့်ရင်ညွှန့်မှာ
မမ အက္ခရာတွေ လူးလွန့်ပြလာရတာ
မိုးတွေ ခဏခဏ ရွာပြီးပါရောလား
မမရယ် . . .။
(ရူးမိသူရဲ့ ပန်းအလကာင်္တွေကို ညီညီစီစီ သီကုံး " . . . " အတွက် ကဗျာတွေ ရေးနေဦးမယ်)
No comments:
Post a Comment