ဆောင်းရာသီ ဓားသွားတစ်ခုပေါ့..
နှင်းရဲ့လှပတဲ့ လက်ချောင်းဖြူဖြူလေးတွေနဲ့
ကျွန်တော့် ရင်ဘတ်ပေါ်တင်ပြီး
သွေးခဲ့တယ်
အိပ်မက်တွေ မီးပွင့်ပေါက်ထွက်
ပင်လယ်လို ရိုင်းစိုင်းအော်ငေါက်
ရထားဘီးနဲ့အကြိတ်ခံရတဲ့
သံလမ်းတစ်ခုလို
နှင်းဟာ နှလုံးသားဟီရိုရှီးမားပေါ်
အနုမြူဗုံးတစ်စက်ကို
.. ကျဲချပစ်ခဲ့
တစ်ချို့
ပိုးဖလံလေးတွေလို
မီးတောက်ကို ချစ်ပေမယ့်
..
တစ်ချို့ ပင်ဂွင်းလေးတွေလို
ပျံသန်းရခြင်းကို
မချစ်ဘူး ..
ကျွန်တော် သံစဉ်မပါပဲ
သီချင်းကို
ဆိုတယ် …
ကျွန်တော်
သီချင်းမပါပဲ
သံစဉ်ကို
တီးခတ်တယ် …
ဘဝဟာ အဲ့ဒီလို လျော့တိလျော့ရဲဆန်ဆန်
လွမ်းစရာလည်း ကောင်းနေပြန်တယ်
..
လျှောက်ကြည့်ပါ နှင်းရယ်
လမ်းဆိုတာ အရှေ့ကိုပဲ
လျှောက်လျှောက်
အနောက်ကိုပဲ လျှောက်လျှောက်
အရေးကြီးတာ လမ်းမှန်ရောက်ဖို့ပဲ
မဟုတ်လား
လူဆိုတာ လောကမာယာထဲမှာ
နာနာကျင်ကျင် ပွင့်လာကြတဲ့
နှင်းဆီပွင့်ချပ်လေးတွေပဲ
သူတို့ကိုယ်သူတို့
နှင်းဆီတွေပါလို့ လက်ခံထားကြတဲ့
ပဒိုင်းပွင့်လေးတွေကိုလည်း
ကျွန်တော်မြင်ဖူးတာပေါ့ကွယ်
အဲ့ဒီလိုပဲ .. နှင်း
ကျွန်တော်မုန်းတဲ့
လောကပရိယာယ်ဟာ
အမှောင်တစ်ထောင့်ကနေ
နှင်းရဲ့နယ်ရုပ်လေးတွေ
အကွက်မှားရွေ့ချိန်ကို
ငြိမ်သက်စောင့်ဆိုင်းနေတယ်
တစ်ခါတလေ .. အချစ်ဟာစက္ကူမီးခြစ်လိုပဲ
တဖျောက်ဖျောက်ခြစ်ခံရတဲ့
မီးခြစ်ဆံက ရှဲကနဲလောက်မြိုက်လို့
တဖက်က စက္ကူယမ်းစက
ရင်ပွင့်ကြေကွဲလို့ ..
နောက်ဆုံးတော့ မီးခြစ်ဆံသတ္တိကို
အလင်းဆုံးလင်းပြလို့
ချုပ်ငြိမ်းကုန်ဆုံးသွားတယ်
နေကွယ်မှာ
သေချာနေတဲ့ ကျွန်တော့်လို
ပစ်မှတ်တစ်ခုအတွက်
နှင်းရဲ့ ဓားပေါက်အလှပြကွက်တွေဟာ
ငေးနေသူတွေမှာ
ရင်သက်ရှူမောပါစေ နှင်း ..
ကျောက်လက်နဲ့ ခူးမိလို့
ဆူးစူးမှာကို
မကြောက်ပါဘူး ..
ဒါပေမယ့် ကျွန်တော့်လက်နဲ့ထိပြီး
အဲ့ဒီဆူးလေးကြိုးသွားမှာ
စိုးတယ်
ပင်လယ်ရင်ပွင့်သံလို့ခေါ်မလား
ကျောက်ရင်ခွင်ရဲ့
ငိုချင်းရှိုက်သံလား ..
နားထဲမှာ
မြင်တယ်၊ ကြားတယ်
လမ်းပေါ်က ခွေးလေခွေးလွင့်တွေလိုပါပဲ
ကျွန်တော့်ရဲ့
ချစ်လှစွာသော Silencer တပ်ပြီးထိုးမယ့်
ဓားချွန်မြမြကလေးရဲ့
ရနံ့ကိုလည်း
သင်းသင်းရှရှ ရနေတယ်
ကျွန်တော်စဉ်းစားနေရဲ့
စိတ်ကို
နဖားကြိုးထိုးပေးလိုက်ရင် ကောင်းမလား ..
လောကဓံကို
အရက်တစ်ခွက်ကို
တစိမ့်စိမ့်မျှင်းသောက်ရမလား
..
လွတ်လပ်ခြင်းဆိုတာ
လှောင်အိမ်အစွယ်အပါးတွေကြားက
လွတ်မြောက်ပျံသန်းသွားတဲ့
ငြိမ်းချမ်းရေးခိုဖြူလေးရဲ့တေးဆိုသံပဲ
နှင်း ..
မင်းဟာ
ပစ်ဖို့မြှားကိုတော့ ယူလာခဲ့ပါရဲ့
ဒါပေမယ့် ..
မင်းရဲ့လက်ကို ထားခဲ့တယ် ..
ပါးစပ်ထဲကို
တဟုန်ထိုး ဆွဲဖြဲပြီး ပူဆင်းလာတဲ့
အရက်တစ်ခွက်ရဲ့ ရီဝေဝေဖီလင်ပါ
နှင်း ..
သံယောဇဉ်ကြိုးတချောင်းရဲ့အရှည်ကို
ဘာပေတံနဲ့တိုင်းတာမလဲ
..
နှင်းနဲ့ယှက်ဖောက်ထားတဲ့
နွေဦးလေပြေတကောင်ပါ
နှင်းလို
ပူလောင်ချင်တယ် ..
ဖြစ်နိုင်ရင်
နှင်းလို ပူလောင်ချင်တယ် ..
နတ်ဆိုးနီနီများရဲ့
တန်ပိုးခရာသံဟာ
နှလုံးသားကို
စိမ့်ဝင်ဖောက်ထွက်ခဲ့ ..
ကျွန်တော်ဆိုတာ
လမ်းညွှန်သူ
ဦးတည်ချက်ပျောက်နေတဲ့
လေညွှန်တံ လိုလူ ..
ပန်းရထားတွေရဲ့ရှေ့တော်မှာ
ကျွန်တော့်ဝိညာဉ်ကို
ပူးချည်ပါ နှင်း ..
စိတ်လုံခြုံနေတဲ့သူအဖို့
တခုခု “ပွင့်”
ကျနေမှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့
ညခါးခါးဟာ
အရက်ချိုချိုကြောင့် မူးသွားတယ်
မူးမိုက်နေတဲ့
ညရဲ့လက်ထဲမှာ
ကိုယ့်ရင်ဘတ်ကို
ကော်နဲ့ပြန်ကပ်ထားတဲ့
ပုလင်းတစ်လုံးရဲ့
“အက်ကွဲခြင်းတရား” ကိုလည်း ကြားရပါရဲ့
နှင်းရယ် ..
အလွမ်းဆိုတာ ရေစီးကြောင်းတစ်ခုပဲ
မစီးဆင်းစေချင်လို့
တားမိတဲ့အခါ
တွန်းကန်ခံရတယ်
လွမ်းဆွတ်ခြင်းမှာ
နှင်းရဲ့နာမလေးပဲ
ကပ်ကပ်ပါနေတတ်လို့
ဖြစ်နိုင်ရင်
အသက်ကို ခပ်ပြင်းပြင်းတောင်
မရှူရဲဘူး
..
မှားသွားပြီ
.. လို့ သိတဲ့အခါ
နောက်ပြန်လှမ်းရလွယ်အောင်
ခြေလှမ်းတစ်လှမ်းတော့
ချန်ခဲ့ပါ
နှင်း
…
ကျွန်တော့်ကို
ပန်းလုပ်ပြီး မပန်ပါနဲ့
ဖိနပ်လုပ်ပြီး
စီးကြည့်ပါ ..
ကျွန်တော့်ကို
ကျောပိုးအိတ်တစ်ခုလို မချီပိုးပါနဲ့
ထီးလုပ်ပြီး
မိုးကြည့်ပါ
လက်နဲ့ရေးရေး ခြေထောက်နဲ့ ရေးရေး ..
ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါပဲ ..
ဘယ်လိုပုံစံရေးရေးပေါ့ ..
သူများတွေကို ကျွန်တော်မသိဘူး ..
နှင်းဖို့တော့ ..
ကျွန်တော်က ခဲဖျက်ကလေးပေါ့ ..
နှင်းမှားတာလေးတွေ လိုက်ဖျက်ပေးရင်း
ကိုယ့်ကိုယ်ကို တဖြည်းဖြည်းပါးလျသွားချင်တာပါ
ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါပဲ ..
ဘယ်လိုပုံစံရေးရေးပေါ့ ..
သူများတွေကို ကျွန်တော်မသိဘူး ..
နှင်းဖို့တော့ ..
ကျွန်တော်က ခဲဖျက်ကလေးပေါ့ ..
နှင်းမှားတာလေးတွေ လိုက်ဖျက်ပေးရင်း
ကိုယ့်ကိုယ်ကို တဖြည်းဖြည်းပါးလျသွားချင်တာပါ
ဓာတ်တိုင်အဘိုးအိုတို့ရဲ့
ရင့်ကျက်မှုများအတိုင်းပေါ့
..
တစ်ကိုယ်စာလေး
ခြောက်သွေ့မှောင်မိုက်နေတာကလွဲရင်
ဝန်းကျင်ကိုတော့
လင်းစိုစေချင်တယ်
ကျမကွဲဘူး
..
အတွင်းမှာ
ကြေမွသွားရုံပါလို့
ဖန်ခွက်ကလေးက
ပြောတယ်
နှင်း
…
ဝတ်မှုန်ခြင်း
အကွဲကွဲတိုက်ရတဲ့
စီးချင်းတိုက်ပွဲတခုပေါ့
နှင်းရယ် ..
ကျရှူံးရတော့မယ်ဆိုရင်တောင်မှ
လှလှပပလေး
မွှေးမြပြသွားမယ်
သီချင်းတွေလည်း
မဆိုတော့ဘူး
ဘယ်တေးသွားသံစဉ်ကိုမှ
မတီးခတ်နိုင်တော့အောင်
ဂစ်တာတလုံးရဲ့
ထွက်လာမယ့် ဒိုရေမီဖာ အကုန်လုံးကို
ဖြတ်တောက်ထားလိုက်ပြီ
..
ပြုံးလိုက်ပါ
နှင်း ..
ရက်စက်လှပတဲ့
နှင်းဆီမြှားတစ်စင်းလို
ပြုံးပါ
နှင်းရယ်
ကျွန်တော်
နှင်းကို ချစ်ခင်မြတ်နိုးရခြင်းဟာ
အပ်ကလေးတချောင်းနဲ့
ဖောက်ကနဲ
အထိုးဖောက်ခံရတဲ့
ဆပ်ပြာပူဖောင်းလို
ဘဝမျိုးဆိုပေမယ့်
(ပျော်ပါတယ်
..) ။ ။
သောတ
12:00
PM
Tuesday,
February 05, 2013
မှတ်ချက်။ ။ ဒီကဗျာဟာ သူ့အတွက် ငါးကြိမ်မြောက်
ရင်ဘတ်နဲ့ပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ ပျော်ရွှင် ချမ်းမြေ့ပါစေကွယ်။း)