မှော်ဆရာအတွက်. . . . ညီမလေးအတွက်
ကိုယ့်ရင်ဘတ် ကိုယ်ပဲ ဆွဲဖွင့်ပြီး
မှောက်ချပစ်ခဲ့ဖူးတယ်
ဂစ်တာမပါဘဲ သီချင်းတွေဆိုလာတတ်ခဲ့တာလဲ
ပန်းပွင့်လေးလိုဖြူစင်တဲ့ ညီမလေးကြောင့်ပါပဲ
ကိုယ့်ရှေ့မှာသော့ချိတ်လေးရှိတယ်
သူက သူ့ပါးစပ်သူပိတ်ထားမယ်
သံတိုင်မှာလည်း ညီမလေးခြေလှမ်းတွေ
ပန်းပွင့်သွားခဲ့လို့ . . .
အလင်္ကာတွေကိုတော့ ဖွင့်မထုတ်ပစ်ခဲ့ပါဘူး
အဲဒီ ပန်းခူးခွင့်ဆိုတာ
ကိုယ့်အတွက် ထက်ပိုင်းကျိုးလကိုမျှော်ငေးနေရသလို
ညီမလေးကို ခူးဆွတ်ခွင့်မရှိခဲ့. . .
လူကိုပြုစားတတ်တဲ့လောကရဲ့
မှော်ဆရာရေ. . .
သက်တန့်ဆိုတာ အလှကြည့်ဖို့သက်သက်ပါ
အမှောင်နဲ့အလင်းကို ပေါင်းစပ်မရသလို
ညီမလေးအတွက် ချစ်ခြင်းဆိုတာလည်း
သွားလမ်းတစ်ခုတည်း ဖွင့်ပေးထားတဲ့
မမျှော်လင့်ခြင်းသာရှိတဲ့ ရပ်ဝန်းတစ်ခုပါပဲကွယ်
ညီမလေးက တံခါးတွေပိတ်သွားခဲ့တယ်
နေဝင်သီချင်းတွေ ဆွေးဆွေးမြေ့မြေ့
လွှင့်ပစ်ခံ သို့မဟုတ် စွန့်ပစ်ခံ
တူတူ ပွင့်စွင့်ခဲ့. . . တူတူလင်းထွင်းခဲ့. . .
မပြီးဆုံးတဲ့သီချင်းကိုလည်း
ဂီတသံမပါပဲ ကိုယ်တစ်ယောက်တည်း
ဆိုညည်းနေဆဲပဲ
အဲဒီအတွက် ညီမလေးဆိုတာ
ပန်းပွင့်လှောင်အိမ်လေးအဖြစ်
ကိုယ့်နှလုံးသားမှာ ပျောက်ရှမသွားခဲ့ဘူး
ဟောင်းမြခဲ့. . . နှောင်းမြေ့ခဲ့. . .
တစ်ယောက်တည်းဖြစ်နေတဲ့
လက်ဝဲတစ်နေရာကိုတော့
ဘာလို့ တံခါးပိတ်မသွားခဲ့တာလဲ
ညီမလေးရယ်. . .။ ။
No comments:
Post a Comment