အဲဒီလမ်းက . . .
ငါသွားဖို့ မဟုတ်ပါဘူးတဲ့ကွယ်
ငါ မသိ . . .
ငါ မရှိ . . .
ငါ မထိ . . .
ငါ မရိ . . .
နှုတ်ဆက်လိုက်ပါတယ် . . .
ကလေးမရယ် . . .
တိမ်ဆိုတာ .. မြူခိုးတွေနဲ့
ဖုံးထားတဲ့ အယောင်ဆောင်
ဝါဂွမ်းလှလှလေး တခုပေါ့
ဆောင်းငွေ့ငွေ့နဲ့ နှင်းတပွင့်ကို မြင်ရင်
နင့်ကို ငါလွမ်းမယ်။
နွေဦးမှာ ငှက်ကလေးအော်သံသဲ့သဲ့နဲ့
စကားပြောချိုတဲ့ ကောင်မလေးတယောက်ကို
ငါလွမ်းမယ်။
မိုးစက်တွေ ခုန်ပေါက်မြူးဆော့
ချစ်သော ရွာသူမလေးတယောက်ကို
ငါပြန်မြင်ယောင်ပါ့မယ်ကွယ်။
နိဗ္ဗာန်မှာ မီးတပြိုက်က
သုန်သုန်လင်းနေပြီ . . .
နတ်လောကဘုံကို ဦးတည်
မိုးမချုပ်မှီ . . .
မိုးတိတ်တေးတို့ သီ
ဟိုးက . . .
စောင်းသံ ယဲ့ယဲ့ကို ကြားရတယ်
လိုက်ပါသွားတော့မလား
ငေးနေခဲ့ရမလား
ရပ်နေခဲ့ရမှာလား
ငါမသိတော့ပါဘူးကွယ်
ငါ့မျက်နှာမူရာတည့်တည့်က
တနင်္ဂနွေတွေကို ရိတ်သိမ်း
ချစ်ရပါသော ရွာသူမရယ်
လွမ်းတယ်(လွမ်းတယ်ကွယ်)
အိပ်မက်ထဲက ထွက်ခွာသွားတဲ့
မြင်းခွာသံတွေကြားမှာ . . .
မျှော်လင့်ချက်ကသူ့ကိုယ်သူပုတ်
နိုးတဝက်ဖြစ်တဲ့ တေးတပုဒ်နဲ့ ငါ့ကို လှုပ်နှိုးတယ်
မလှောင်ပါနဲ့ကွယ် . . .
ကျိုးကျိုးနွံနွံ ငါ့မှာလည်း . . .
နွေးနွေးထွေးထွေး ပွေ့ဖက်ထားပေးမယ့်
ရင်ခွင်သေးသေးလေးတခုတော့ ရှိပါရဲ့
ကြိုးမိန့်ကို မကြောက်ဘူး
ဒါပေမယ့်လေ . . .
ငါ့ကို . . . ဒုန်းဆိုင်းပြီး
အဝေးကို ပြေးထွက်သွားမယ့်
ခြေသံတွေကိုတော့ကြောက်တယ်
စကားတခွန်းက ချွန်းသွားတွေလို
သွေးတမြမြ . . . ငါ့ နှလုံးသွေးကို
ဖောက်ဖောက် မသောက်ပါနဲ့
ကလေးမရယ်
ရထားဟာ ဘူတာကို စွန့်ခွာထွက်ပြေး
ငါ … ဘူတာရုံလေးလို မဖြစ်ချင်ဘူး
ရမယ်ဆိုရင် ကလေးတယောက်လိုပြေးလိုက် . . .
မထားခဲ့ဖို့ ပြောရင်း ထွေးပိုက်ထားစေချင်တယ်
တိမ်မျှင်တွေ ကွေ့ကောက်
မိုးတွေလည်း အုံ့စိုင်း
တနင်္ဂနွေတိုင်း နင် အပိုင်သာယူပါတော့
ကလေးမရယ် . . .
မြူခိုးတဝေဝေ
အလွမ်းတို့ ကြွေကျ
နင်လျှောက်သော လမ်းတိုင်း
ငါ့ကို ခေါ်ပါ . . .
ပြီးတော့ . . .
တိမ်လူကလေးရဲ့ သက်တန့်စာမှာ
ပုရပိုဒ်တခုကို ထမ်း. . .
နင့်ကိုငါ လွမ်းမယ် . . .။
ကောင်းလွန်းတယ်ကွာ ရှယ်ပဲ
ReplyDelete