Tuesday, February 5, 2013

နှင်းဝေသို့ ကဗျာတစ်ပုဒ် (၅)

ဆောင်းရာသီ ဓားသွားတစ်ခုပေါ့..
နှင်းရဲ့လှပတဲ့ လက်ချောင်းဖြူဖြူလေးတွေနဲ့
ကျွန်တော့် ရင်ဘတ်ပေါ်တင်ပြီး သွေးခဲ့တယ်

အိပ်မက်တွေ မီးပွင့်ပေါက်ထွက်
ပင်လယ်လို ရိုင်းစိုင်းအော်ငေါက်
ရထားဘီးနဲ့အကြိတ်ခံရတဲ့ သံလမ်းတစ်ခုလို
နှင်းဟာ နှလုံးသားဟီရိုရှီးမားပေါ်
အနုမြူဗုံးတစ်စက်ကို .. ကျဲချပစ်ခဲ့

တစ်ချို့ ပိုးဖလံလေးတွေလို
မီးတောက်ကို ချစ်ပေမယ့် ..
တစ်ချို့ ပင်ဂွင်းလေးတွေလို
ပျံသန်းရခြင်းကို မချစ်ဘူး ..

ကျွန်တော် သံစဉ်မပါပဲ
သီချင်းကို ဆိုတယ် …
ကျွန်တော် သီချင်းမပါပဲ
သံစဉ်ကို တီးခတ်တယ် …
ဘဝဟာ အဲ့ဒီလို လျော့တိလျော့ရဲဆန်ဆန်
လွမ်းစရာလည်း ကောင်းနေပြန်တယ် ..

လျှောက်ကြည့်ပါ နှင်းရယ်
လမ်းဆိုတာ အရှေ့ကိုပဲ လျှောက်လျှောက်
အနောက်ကိုပဲ လျှောက်လျှောက်
အရေးကြီးတာ လမ်းမှန်ရောက်ဖို့ပဲ မဟုတ်လား

လူဆိုတာ လောကမာယာထဲမှာ
နာနာကျင်ကျင် ပွင့်လာကြတဲ့ နှင်းဆီပွင့်ချပ်လေးတွေပဲ
သူတို့ကိုယ်သူတို့ နှင်းဆီတွေပါလို့ လက်ခံထားကြတဲ့
ပဒိုင်းပွင့်လေးတွေကိုလည်း ကျွန်တော်မြင်ဖူးတာပေါ့ကွယ်

အဲ့ဒီလိုပဲ .. နှင်း
ကျွန်တော်မုန်းတဲ့ လောကပရိယာယ်ဟာ
အမှောင်တစ်ထောင့်ကနေ နှင်းရဲ့နယ်ရုပ်လေးတွေ
အကွက်မှားရွေ့ချိန်ကို ငြိမ်သက်စောင့်ဆိုင်းနေတယ်

တစ်ခါတလေ .. အချစ်ဟာစက္ကူမီးခြစ်လိုပဲ
တဖျောက်ဖျောက်ခြစ်ခံရတဲ့ မီးခြစ်ဆံက ရှဲကနဲလောက်မြိုက်လို့
တဖက်က စက္ကူယမ်းစက ရင်ပွင့်ကြေကွဲလို့ ..
နောက်ဆုံးတော့ မီးခြစ်ဆံသတ္တိကို အလင်းဆုံးလင်းပြလို့
ချုပ်ငြိမ်းကုန်ဆုံးသွားတယ်

နေကွယ်မှာ သေချာနေတဲ့ ကျွန်တော့်လို
ပစ်မှတ်တစ်ခုအတွက်
နှင်းရဲ့ ဓားပေါက်အလှပြကွက်တွေဟာ
ငေးနေသူတွေမှာ ရင်သက်ရှူမောပါစေ နှင်း ..

ကျောက်လက်နဲ့ ခူးမိလို့ ဆူးစူးမှာကို
မကြောက်ပါဘူး ..
ဒါပေမယ့် ကျွန်တော့်လက်နဲ့ထိပြီး
အဲ့ဒီဆူးလေးကြိုးသွားမှာ စိုးတယ်

ပင်လယ်ရင်ပွင့်သံလို့ခေါ်မလား
ကျောက်ရင်ခွင်ရဲ့ ငိုချင်းရှိုက်သံလား ..
နားထဲမှာ မြင်တယ်၊ ကြားတယ်

လမ်းပေါ်က ခွေးလေခွေးလွင့်တွေလိုပါပဲ
ကျွန်တော့်ရဲ့ ချစ်လှစွာသော Silencer တပ်ပြီးထိုးမယ့်
ဓားချွန်မြမြကလေးရဲ့ ရနံ့ကိုလည်း
သင်းသင်းရှရှ ရနေတယ်

ကျွန်တော်စဉ်းစားနေရဲ့
စိတ်ကို နဖားကြိုးထိုးပေးလိုက်ရင် ကောင်းမလား ..
လောကဓံကို အရက်တစ်ခွက်ကို
တစိမ့်စိမ့်မျှင်းသောက်ရမလား ..

လွတ်လပ်ခြင်းဆိုတာ
လှောင်အိမ်အစွယ်အပါးတွေကြားက
လွတ်မြောက်ပျံသန်းသွားတဲ့
ငြိမ်းချမ်းရေးခိုဖြူလေးရဲ့တေးဆိုသံပဲ နှင်း ..

မင်းဟာ ပစ်ဖို့မြှားကိုတော့ ယူလာခဲ့ပါရဲ့
ဒါပေမယ့် .. မင်းရဲ့လက်ကို ထားခဲ့တယ် ..
ပါးစပ်ထဲကို တဟုန်ထိုး ဆွဲဖြဲပြီး ပူဆင်းလာတဲ့
အရက်တစ်ခွက်ရဲ့ ရီဝေဝေဖီလင်ပါ နှင်း ..

သံယောဇဉ်ကြိုးတချောင်းရဲ့အရှည်ကို
ဘာပေတံနဲ့တိုင်းတာမလဲ ..
နှင်းနဲ့ယှက်ဖောက်ထားတဲ့ နွေဦးလေပြေတကောင်ပါ
နှင်းလို ပူလောင်ချင်တယ် ..
ဖြစ်နိုင်ရင် နှင်းလို ပူလောင်ချင်တယ် ..

နတ်ဆိုးနီနီများရဲ့ တန်ပိုးခရာသံဟာ
နှလုံးသားကို စိမ့်ဝင်ဖောက်ထွက်ခဲ့ ..
ကျွန်တော်ဆိုတာ လမ်းညွှန်သူ
ဦးတည်ချက်ပျောက်နေတဲ့ လေညွှန်တံ လိုလူ ..

ပန်းရထားတွေရဲ့ရှေ့တော်မှာ
ကျွန်တော့်ဝိညာဉ်ကို ပူးချည်ပါ နှင်း ..
စိတ်လုံခြုံနေတဲ့သူအဖို့
တခုခု “ပွင့်” ကျနေမှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့

ညခါးခါးဟာ အရက်ချိုချိုကြောင့် မူးသွားတယ်
မူးမိုက်နေတဲ့ ညရဲ့လက်ထဲမှာ
ကိုယ့်ရင်ဘတ်ကို ကော်နဲ့ပြန်ကပ်ထားတဲ့
ပုလင်းတစ်လုံးရဲ့ “အက်ကွဲခြင်းတရား” ကိုလည်း ကြားရပါရဲ့

နှင်းရယ် ..
အလွမ်းဆိုတာ ရေစီးကြောင်းတစ်ခုပဲ
မစီးဆင်းစေချင်လို့ တားမိတဲ့အခါ
တွန်းကန်ခံရတယ်

လွမ်းဆွတ်ခြင်းမှာ နှင်းရဲ့နာမလေးပဲ
ကပ်ကပ်ပါနေတတ်လို့
ဖြစ်နိုင်ရင် အသက်ကို ခပ်ပြင်းပြင်းတောင်
မရှူရဲဘူး ..

မှားသွားပြီ .. လို့ သိတဲ့အခါ
နောက်ပြန်လှမ်းရလွယ်အောင်
ခြေလှမ်းတစ်လှမ်းတော့ ချန်ခဲ့ပါ
နှင်း …

ကျွန်တော့်ကို ပန်းလုပ်ပြီး မပန်ပါနဲ့
ဖိနပ်လုပ်ပြီး စီးကြည့်ပါ ..
ကျွန်တော့်ကို ကျောပိုးအိတ်တစ်ခုလို မချီပိုးပါနဲ့
ထီးလုပ်ပြီး မိုးကြည့်ပါ

လက်နဲ့ရေးရေး ခြေထောက်နဲ့ ရေးရေး ..
ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါပဲ ..
ဘယ်လိုပုံစံရေးရေးပေါ့ ..
သူများတွေကို ကျွန်တော်မသိဘူး ..
နှင်းဖို့တော့ ..
ကျွန်တော်က ခဲဖျက်ကလေးပေါ့ ..
နှင်းမှားတာလေးတွေ လိုက်ဖျက်ပေးရင်း
ကိုယ့်ကိုယ်ကို တဖြည်းဖြည်းပါးလျသွားချင်တာပါ

ဓာတ်တိုင်အဘိုးအိုတို့ရဲ့
ရင့်ကျက်မှုများအတိုင်းပေါ့ ..
တစ်ကိုယ်စာလေး ခြောက်သွေ့မှောင်မိုက်နေတာကလွဲရင်
ဝန်းကျင်ကိုတော့ လင်းစိုစေချင်တယ်

ကျမကွဲဘူး ..
အတွင်းမှာ ကြေမွသွားရုံပါလို့
ဖန်ခွက်ကလေးက ပြောတယ်
နှင်း …

ဝတ်မှုန်ခြင်း အကွဲကွဲတိုက်ရတဲ့
စီးချင်းတိုက်ပွဲတခုပေါ့ နှင်းရယ် ..
ကျရှူံးရတော့မယ်ဆိုရင်တောင်မှ
လှလှပပလေး မွှေးမြပြသွားမယ်

သီချင်းတွေလည်း မဆိုတော့ဘူး
ဘယ်တေးသွားသံစဉ်ကိုမှ မတီးခတ်နိုင်တော့အောင်
ဂစ်တာတလုံးရဲ့ ထွက်လာမယ့် ဒိုရေမီဖာ အကုန်လုံးကို
ဖြတ်တောက်ထားလိုက်ပြီ ..

ပြုံးလိုက်ပါ နှင်း ..
ရက်စက်လှပတဲ့
နှင်းဆီမြှားတစ်စင်းလို
ပြုံးပါ နှင်းရယ်

ကျွန်တော် နှင်းကို ချစ်ခင်မြတ်နိုးရခြင်းဟာ
အပ်ကလေးတချောင်းနဲ့ ဖောက်ကနဲ
အထိုးဖောက်ခံရတဲ့
ဆပ်ပြာပူဖောင်းလို ဘဝမျိုးဆိုပေမယ့်
(ပျော်ပါတယ် ..) ။ ။
                                              သောတ
                                              12:00 PM
                                              Tuesday, February 05, 2013





 











 











 


































မှတ်ချက်။      ။ ဒီကဗျာဟာ သူ့အတွက် ငါးကြိမ်မြောက် ရင်ဘတ်နဲ့ပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ ပျော်ရွှင် ချမ်းမြေ့ပါစေကွယ်။း)





Saturday, February 4, 2012

ကမ္ဘာဆွဲအားကို ဆန့်ကျင်ခြင်း

ကျားကြီး ခြေရာကြီးလို့ မင်းတို့ ပြောတဲ့အခါ .. ကျားသေး ခြေရာ မကြီးနိုင်တော့ဘူးလား ဆိုတာ စဉ်းစားစရာပဲ ၊
မင်း .. ခေါက်ရိုးကျိုးနေမယ့်အစား မီးပူ မထိုးပဲ နေကြည့်ပါလား ၊
မျက်နှာဟောင်းကြီးတွေ
မျက်နှာဟောင်း (ကြီး) တွေ
မင်းတို့ စီးကရက်ကို ငါ့ဆီက ညှိယူကြ ၊
ငါဟာ မီးခြစ်တစ်လုံးပါ .. ငါ့ကို သုံးပြီးရင် ဂတ်(စ်) ပြန်ဖြည့်ပေးကြပါ .. ၊

ခန္ဓာကိုယ်နဲ့တောင်မှ လှော်ခတ်ဖို့ ငါ့မှာက ခန္ဓာကိုယ်လည်း မပါဘူး ၊
( ကြားခဲ့ဖူးတဲ့ သီချင်းအတိုင်း) မှတ်ထားကွယ် ငါဟာ အခြောက်ကလေး တစ်ယောက်ဖြစ်တယ် .. လို့
ပြောင်းဆိုကြဖို့ ကောင်းတော့တယ် ၊

တိုက်နံရံတွေက ကွဲအက်လို့ .. ၊ လူသားနံရံတွေကို ဘာနဲ့ ဖာ မလဲ
ပန်းတစ်ပွင့်ကို ငါးထောင်နဲ့ ရောင်းစားလိုက်တယ် .. သူ တော်တော် မြတ်သွားပုံပဲ
သူတော်တော် မြက် လိုက်ပုံ .. ၊
ဘတ်(တ်)မန်းက သူရဲကောင်းတိုင်းတော့ မျက်နှာဖုံး မစွပ်ဘူး .. တဲ့
ဒါဖြင့် .. သူခိုး ဓါးပြ တိုင်းလည်း မျက်နှာဖုံး မစွပ်ကြပါဘူး ဆိုတော့ ငါ့ကို သူမုန်းသွား ၊
မင်းက ငါ့ကို ဂွလိုက်တိုက်တဲ့ ကောင်ပဲ .. တဲ့ ၊
သူ့စကားအတိုင်းဆို ရှက်ဖွယ်လိလိ .. ရှက်ဖွယ်လိလိ ၊ ဘတ်(တ်)မန်း နဲ့ ငါ စကားပြတ်သွား
ကြိုး .. မင်းနာမည်က သိပ်လှတာပဲကွယ် ..
မင်း ကိုယ့်ရဲ့ ကမ္ဘာမြေထဲကို လာလည်လှည့်ပါလား
ရှင်ထင်သလို ကျွန်မက အူကျြူးလည်း မဟုတ် မူတူးလည်း မဟုတ်ဘူး
ဒီတော့ ရှင် ကျွန်မ ကို ဘယ်တော့မှ ဝယ်လို့ရမှာ မဟုတ်ဘူး
အိုး .. ကြိုးတွေ လှလှပပ ချည်တတ်လိုက်ပုံများ ဖွဲ့နွဲ့တတ်ပုံများ
ငါဟာ မင်းကို ဖိနပ်ကြိုးလုပ်ဖို့ မဟုတ်ပါဘူး
မင်းကို ခေါင်းစီးကြိုးလေး တစ်ချောင်း ဖြစ်စေချင်တာပါ
( ငါတို့ အချင်းချင်းဟာ ချည်မိကြသလား )

ဘဝဆိုတာ Jason Mraz သီချင်းထဲကလို ဝမ်းဒါးဖူးလ် လား .. ၊ စက်ဝိုင်းလို တစ်ချိန်လုံး လည်ပတ်နေတော့တာပဲလား၊
ရထားကို ခွဲခွာခြင်း ပြယုဂ်လို့ သဘောထားရင်
ရထားကို ဆိုက်ရောက်ခြင်း သင်္ကေတ လို့လည်း သဘောထားကြစေချင်တယ်
နှင်းတွေ ၊
အရိုးကျကွဲလောက်အောင် ပူလာရင်း
နွေဦးကို ရက်စက်စွာ
သရုပ်ဖော်ပြ .. ။
အခု ငါ့ရင်ဘတ်ကို တံခါးလို ခေါက်နေတာ ဘယ်သူများလဲကွယ်
ဖက်(ဘ်)ဗျာရီလား ၊ မာ့(ခ်ျ)လား ၊ ဧပရယ်(လ်) များလား
ကြက်ဖကြီးတွေ တွန်လို့ မနက်မိုးလင်းလာတာလားလို့ လူတွေ စဉ်းစားနေကြချိန်မှာ( စဉ်းစားပြီးခဲ့ချိန်မှာ)
ဇီးကွက်ကြီးတွေကတော့ဖြင့် ဘယ်တော့မှ အဲ့လို ခပ်ကြောင်ကြောင် စဉ်းစားနေမှာတော့ မဟုတ်ဘူးလို့
ငါ ထင် နေ တယ် ။ ။ ။ ။ ။ ။


သောတ
Sat, Feb 04, 2012
4 : 24 PM



Remembrance for 5 Feb 2012

Wednesday, April 28, 2010

ပိတောက် သင်္ချိုင်း

လူတွေဟာ တစ်ပွင့်နဲ့ တစ်ပွင့်မတူကြဘူး
ဟောင်းလောင်းပေါက် တောင်ကလေးရယ်
အကိုင်းမဖြာတော့တဲ့ သစ်ခြောက်ပင်အိုရယ်
မြို့ကလေးဟာလည်း
ကိုယ့်ဆေးလိပ်တိုလို ညိုပြာနေတယ်

Monday, April 5, 2010

တယ်လီဖုန်း (၂)

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .

Friday, February 5, 2010

နှင်းဝေသို့ ကဗျာတစ်ပုဒ်(၂)

ဒီနေ့ဟာ ကျွန်တော် ချစ်တဲ့ မမရဲ့မွေးနေ့ကလေးပါ။  ကျွန်တော်က ကျွန်တော့်ချစ်သူကို  မွန်မွန်မြတ်မြတ်လက်ဆောင်လေးတစ်ခုတော့ ပေးချင်တယ်။  တန်ဖိုးကြီးကြီးမားမားမဟုတ်ပေမယ့်  အသည်းနှလုံးနဲ့ပေးတဲ့ လက်ဆောင်ပါ။ ဒီကဗျာလေးကို ဖတ်မိလို့  မမအတွက် အားအင်တစ်ခုဖြစ်မယ်ဆိုရင်ပဲ  ကျွန်တော်  ကျေနပ်ပါပြီ။  ကဲ  .. မမရေ  .. ပျော်ရွှင်သော  မွေးနေ့ကလေးဖြစ်ပါစေ။း))

Saturday, January 16, 2010

ကောင်းကင်နက္ခတ်နဲ့ပွင့်တဲ့ ပန်း

            ကျောင်းခေါင်းလောင်းသံ လွင်လွင်ကလေးဟာ ကြားဖူးနေခဲ့ရတဲ့ နေ့တွေလို ပျင်းငွေ့ဖွယ်ရာနေ့လေးတစ်နေ့ပါပဲ။ နေကြတ်တဲ့ နေ့မဟုတ်သလို အဓိပတိလမ်းတစ်လျှောက် ခရေဦးတို့ လွင့်ပျံမွှေးသန့်ကြဆဲ…။ ဒါပေမယ့် အဲဒီနေ့မှာပဲ  မြှားအစင်းစင်းခြံရံပြီး ရနံ့ချိုတဲ့ နှင်းဆီဖြူလေးတစ်ပွင့် ကိုယ့်ရင်ထဲကို ရှောင်လို့မလွှတ်အောင် တဒုတ်ဒုတ်လာစိုက်ခဲ့တော့တယ်။
   လှိုင်းလုံးကြီး တစ်လုံးလို ကျောက်ဆောင်တွေကို ပစ်တိုက်ဝင်ဆောင့်၊ တိမ်ညိုတွေ တစ်လိပ်ပြီး တစ်လိပ် ပြိုကျ၊ နဂါးတစ်ကောင်က သူ့ပါးစပ်ကြီး ဖြဲပြီး ကိုယ့်အနားကို ရောက်လာသလို၊ မြေကြီးတွေ အက်ကွဲ၊ ရင်မှာ လျှပ်စီးကြောင်းတွေ တလက်လက်၊ ပန်းပွင့်တို့ ညွှတ်ကိုင်း၊ လေအတိမ်းမှာ နွဲ့ယိမ်းနေတဲ့ သစ်ရွက်ကလေးတွေလို သူ ကိုယ့်မျက်လုံးထဲမှာ မှုန်နေအောင် လှပါရဲ့။

Sunday, December 27, 2009

ကျွန်တော့်ရဲ့ဘဒ္ဒါ

“ဘာများသိတာရှိလဲ” လို့ ကျွန်တော်မေးတော့…
သူ့နှာခေါင်းကိုရှူံ့၊ သူ့ကော်ဖီရောင်ဆံပင်လေး ယိမ်းထိုးရင်း
“မသိဘူး .. မသိဘူး” လို့ အသံသေးသေးလေးနဲ့ပြန်အော်တယ်…

Sunday, October 25, 2009

အိပ်မက် ကျမ်းစာ

ညသည် အေးစက်နေသည်
လမ်းပြတတ်သော ဝတ်ရုံတို့ဖြင့်
ငါ့ကို . . . ခြုံပါ
ထိုလက်ဖဝါးတစ်စုံဖြင့်
ငါ . . . ဖူးပွင့်ချင်ပါသည်

အပိုင်းအကန့်တွေ ဖြတ်တောက်
စည်းမျဉ်းဘောင် ပျောက်တဲ့နေ့ကို မရောက်လည်း
လန်းသစ်ခဲ့ ငါ့ပန်းရုံလွှာ
နင့်အတွက်သာ နွေးထွေး
ငါ့ အနာဂါတ်ကို ပေးချင်တယ် . . .

မြူခိုးသော နွေရာသီများ၊ ဒီဇင်ဘာ နှင်းများ
လူသူအရောက်ပေါက်နည်းသော
ငါ့မှတ်တိုင်လေးမှာ
အေးမြသော ရေကြည်လက်နှင့် နင့်ကို ကြိုနေပါမည်

ဖြစ်နိုင်မယ်ဆိုရင်
သဲကန္တာရမှာလည်း
ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း
နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်

ကဗ်ာသံ ၊ အလကာၤသံ
အိပ်မက်တို့ ပွင့်ဖူး . . . အနာဂါတ်တို့ လွင့်သုန်
နက်ဖြန်ခါတိုင်းမှာ ဆုံချင်တယ်

ချိုရီမွှေးမြ ထာဝရပွင့်ဝေ
ငါ့သစ္စာရောင် ကျမ်းစာပိုဒ်ကြား
နင့်အသံတွေ နားခိုပါတော့ . . .
(သောတ + အိပ်မက်ဖြူ)


(ထိုသို့ဖြင့် လျှောက်ခဲ့သော လမ်းတို့သည် ကြမ်း၏ ၊နူးညံ့၏ ၊ ညွှတ်ကွင်းတို့ ရှိ၏ ၊ မာယာဖွဲ့ လောကမှာမှ ကျွန်တော်နှင့် မီးအိမ်ကလေးတို့၏ လမ်းသည် ဆုံမှတ်တစ်ခုစာကို ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ဖြင့် ကျွန်တော်နှင့် မီးအိမ်ကလေး ၊ မီးအိမ်ကလေးနှင့်ကျွန်တော် နက်ဖြန်ခါပေါင်းများစွာကို လှမ်းလျှောက်နေပါဦးမည်။)
(ချစ်သူသက်တမ်း (၁) နှစ်ပြည့် အမှတ်တရ)

Wednesday, September 30, 2009

ဥယျာဉ်ပျက်ထဲက ဝတ်မှုန်


(၁)

တစ်နေ့မှာ

မိုးတိမ်အက်ဆစ်

မုတ်သုန် အရိုင်းအစိုင်းတို့

တစ်ထစ်ထစ်ချင်း ပြိုကျလာတယ်


အသိုက်အဝန်းတစ်ခုဟာ

သိုက်သိုက် ဝန်းဝန်းလေး

ဖြစ်နေတာကိုပဲ လိုချင်ပါတယ်

အဖေနဲ့အမေ


ဘဝမှာ ကြယ်တွေ

ဘယ်လောက် ကြွေကြွေ

နောက်ဆုံး ကိုယ့်အိပ်မက်ကို

ကိုယ်ပဲ ဆောက်ကြရမယ်မဟုတ်လား


အဖေရယ် .. အမေရယ် ..

ကျွန်တော်ဟာ …

အမေတို့ ဖြစ်စေချင်တဲ့

လူရည်ချွန်ကလေး ဖြစ်မလာခဲ့ပါဘူး


ဥယျာဉ်ကြီးတစ်ခုလုံးကို

ဝတ်မှုန်ကလေးတစ်ပွင့်နဲ့ တိုင်း

အဖေနဲ့ အမေ အပေါ်

ကျွန်တော် ရိုင်းတယ်လေ


သူများတွေ . . . လင်းကြ ထင်းကြ

အဲဒါ အဖေနဲ့ အမေတို့ရဲ့

ဆန္ဒတစ်စုံတစ်ရာလောက်တောင် မရှိတာ

ကျွန်တော် သိတာပေါ့


(၂)

အမေရယ် . . .

ကံကြမ္မာ လက်သီးကပဲ

ပြင်းလွန်းသလား မသိပါဘူး

ကြိုးဝိုင်းထဲမှာ . . . ကျွန်တော်ဟာ

ခေါင်းတောင် ပြန်မထောင်နိုင်တော့ဘူး . . .


ဘယ်လောက်ပဲ ချို့တဲ့နွမ်းပါး

သိတတ်တဲ့ စိတ်ကလေးတစ်ခုတော့

အမေတို့ ဖြစ်စေချင်မှာပဲလေ ..


တစ်ချို့က ပြောကြတယ်

အမေတို့ရဲ့ အရိပ်တန်ဖိုးကို

မသိဘူးတဲ့ ..


ဟုတ်တယ် ..

ကျွန်တော် မရယ်နိုင်ပါဘူး

အမေရယ် . . .

ရိုင်းစိုင်းတဲ့ ကျည်တောင့်ကို ပစ်ဖောက်

အမေတို့ဆီမရောက် . . .

နောက်ဆုံး . . .

ကျွန်တော့် အသည်းနှလုံးသာ

ပေါက်ခဲ့ပါတယ် . . .


တစ်ခါတစ်လေတော့လည်း

မေးချင်ပါတယ် . . .

နိမ့်တတ် မြင့်တတ်တဲ့

ကံကြမ္မာဆိုတာ . . .

မျက်နှာကြီးရာပဲ လိုက်တတ်တာလားလို့ …


(၃)

အမေ့လက်က

ပန်းအက္ခရာဟာ

ကျွန်တော့် တိမ်တွေကို

ပုံဖော်ထုဆစ်နေတာပေါ့ . . .


ဘယ်သူမှ လှည့်မကြည့်ရင်တောင်

လူမိုက်ကလေးတွေရဲ့ မြှားဦးဟာ . . .

အဲဒီအရိပ်တွေဆီပဲ

ပြန်ကွေ့ပတ်ပြီး လာတတ်တာမဟုတ်လား


အရှေ့ရိုးက တံတိုင်းကြီး

အဖေဟာလည်း . . .

ခန္ဓာကိုယ်မှာ အရိုးအမြောင်းမြောင်းနဲ့

မညှင်းမသွဲ့ မနွဲ့မတည်

ဘဝ စောင်းကြိုးကိုလည်း သီမြဲသီနေရတယ်


တစ်ဖြည်းဖြည်းချင်း သေမင်းရဲ့ ခံတွင်းဝမှာ

လုံးပါး ပါးလာရဦးမယ့် မိဘတွေအတွက်

ဘယ်တော့မှ . . . နောင်တဆိုတာ မရချင်ပါဘူး

အဖေရယ် . . . အမေရယ် . . .


နက္ခတ် ၊ တာရာ ၊ ဂြိုလ်

အမေတို့ရဲ့ ဇာတာ အထားအသိုဟာ

မီးနီမှာများ ရပ်မိနေသလား


ဒါတွေဟာ … ဝဋ်ကြွေးတဲ့လား ..

ဘယ်လိုပဲ ဖြစ်ဖြစ်

တရားနဲ့ပဲ ဖြေကြရမယ်မဟုတ်လား

တရားနဲ့ပဲ ဖြေကြမယ် အမေရယ်


(၄)

မြင်းမိုရ်တောင်ကြီး ပြိုချင် ပြိုလိမ့်မယ်

အမေတို့ရဲ့ မေတ္တာ

လတစ်စင်းပမာ ထာဝစဉ်

တည်နေမှာတော့ အသေချာပဲ


စာအုပ် ၊ ဝတ္ထုတွေ ဖတ်ပြီး

စိတ်ကူးတတ်တဲ့ သားကို

အမေက ပြောလိမ့်မယ်

“ ပင်လယ်က ပင်လယ်လို

နေပါ .. သားရယ် ’’

(ကျွန်တော်က သမုဒ္ဒရာကြီးတွေလို

ကျယ်ပြော နက်ရှိုင်းချင်ခဲ့တာကိုး)


ဒီစကားတွေ ကြားမှာပဲ

ကျွန်တော် လူမိုက်ကလေးဟာ

ရူးသွပ်ခြင်း ဝတ်ရုံကို ခြုံ

အိပ်မက်ဟာ လုံနေပြီလို့ ထင်ခဲ့မိတယ် . . .


(၅)

အမေရယ် . . .

ပလပ်စတစ် အိတ်တစ်လုံးလို

လွင့်ချင်ရာ လွင့်ဖူးတဲ့

မြွေပွေးလို သားကို

အမေ ခါးပိုက် ပိုက်ထားရတာလား


နက်ဖြန်ခါဟာ နေဝင်

နက်ဖြန်ခါဟာ နေထွက်

ဒီလိုနဲ့ပဲ . . . အမေ့ သက္ကရာဇ်တွေ

ရင့်ရော် ပြိုပျက်လှပါပြီ


မုန်တိုင်းကြမ်း တစ်ချက်မှာ

ပျက်ကြွေခဲ့ရဖူးတဲ့ . . .

ဥယျာဉ်ပျက်ကလေးဟာ

ဘယ်တော့မှာ စိမ်းစိုလာမလဲ . . .


အမေ . . .

ဘုရားဝတ် ပြုပါ . . .

အမေ . . .

လရောင်ကို လှုံပါ . . .

အမေ . . .

တရားနဲ့ ဖြေပါ

အမေရယ် . . .။

































(သောတ)

( ဘယ်လောက်ပဲ အရိပ်တွေခြုံခြုံ .. မိဘအရိပ်လောက်တော့ ဘယ်အရာမှ လုံမယ်မထင်ဘူးနော်)